ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“ဤလောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေကြသည်”
ယေဟောဝါသက်သေများသည် တစ်မူထူးခြားသူများအဖြစ် ထင်ပေါ်ကြကာ သွေးသွင်းခြင်းကိုလက်မခံသောကြောင့် မကြာခဏနာမည်ဆိုးကိုရရှိကြသည်။ သို့သော် ဤရပ်တည်ချက်သည် ကျမ်းစာပေါ်တွင်အခိုင်အမာအခြေပြုထားပေသည်။ အသွေးသည် ဘုရားသခင်၏အမြင်၌ တန်ဖိုးရှိလှသောကြောင့် ယင်းကို အလွဲသုံးခြင်းအား ကိုယ်တော်ပြစ်တင်ရှုတ်ချကြောင်း ယင်းကတင်ပြသည်။ (ကမ္ဘာဦး ၉:၃၊ ၄; ဝတ်ပြုရာ ၁၇:၁၄) ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျမ်းစာကိုစေ့စေ့လေ့လာကြခြင်းအားဖြင့် ယေဟောဝါသက်သေများသည် ‘အသွေးကို ကြဉ်ရှောင်’ ရန် ကျမ်းစာ၏လမ်းညွှန်ချက်တွင် မျက်မှောက်ခေတ်လုပ်လေ့လုပ်ထရှိသည့် သွေးသွင်းခြင်းလည်း လုံးဝပါဝင်သည်ဟု ကောက်ချက်ချကြသည်။—တမန်တော် ၁၅:၁၉၊ ၂၀၊ ၂၈၊ ၂၉။
မကြာသေးသောနှစ်များအတွင်း အချို့သောနိုင်ငံမှတရားရုံးများအပါအဝင် ဆေးပညာဆိုင်ရာအဖွဲ့ဝင်များသည် ဤကိစ္စတွင် ယေဟောဝါသက်သေများဘက်မှ ထောက်ခံလာကြသည်။ ဥပမာ သွေးနှင့်ပတ်သက်သောကျမ်းစာအမြင်သဘောနှင့် အကျွမ်းတဝင်ရှိသည့် ဒိန်းမတ်နိုင်ငံမှ ငယ်ရွယ်သောမိခင်တစ်ဦးသည် ကားတိုက်မှုဖြင့် သေဆုံးသွားခဲ့ရသည်။ သွေးသွင်းရန်အတွက် သူမ၏ငြင်းဆိုမှုကြောင့် သူမ၏ဆရာဝန်များက လူထုဆက်သွယ်ရေးသတင်းမှတစ်ဆင့် ယေဟောဝါသက်သေများကိုဆန့်ကျင်ကြခြင်းဖြင့် တစ်လကြာ ရန်လိုသည့်လှုပ်ရှားမှုကို လှုံ့ဆော်ခဲ့သည်။
အမျိုးသမီးငယ်၏မိဘများက စုံစမ်းစစ်ဆေးရန် မေတ္တာရပ်ခံခဲ့ရာ ၁၉၉၄ ဧပြီလတွင် ဒိန်းမတ်လူနာ၏တိုင်တန်းချက်နှင့်ပတ်သက်သောကော်မရှင်အဖွဲ့မှ စီရင်ချက်ကိုကြေညာခဲ့သည်။ လူနာသေရခြင်းမှာ သွေးကိုသူမငြင်းဆိုမှုကြောင့်မဟုတ်ဘဲ ဆေးဘက်ဆိုင်ရာတာဝန်မဲ့မှုကြောင့်ဖြစ်ကြောင်း ယင်းတွင်ဖော်ပြထားသည်။ စီရင်ချက်သည် မှုခင်းဆေးပညာဆိုင်ရာဘုတ်အဖွဲ့ နှင့် ကျန်းမာရေးအာဏာပိုင်များ၏ စုံစမ်းမေးမြန်းမှုများအပေါ် အခြေခံထားသည်။ ဒိန်းမတ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံအားလုံးထံသို့ ဖြန့်ဖြူးပေးပို့ခဲ့သည့်စာတွင် ဆရာဝန်များသည် ယေဟောဝါသက်သေများသွေးကိုလက်ခံရန်ငြင်းဆိုမှုကို ထည့်တွက်ပြီး အကောင်းဆုံးရရှိနိုင်မည့် ရွေးချယ်စရာကုသမှုမျိုးကိုပေးရန် တာဝန်ရှိသည်ဟု အမျိုးသားကျန်းမာရေးဘုတ်အဖွဲ့က ဖော်ပြထားသည်။
နောက်အမှုတစ်ခုသည် သွေးကင်ဆာဖြင့်ဆုံးပါးသွားသည့် ၁၅ နှစ်အရွယ်သက်သေခံတစ်ဦးဖြစ်သော ဒဲန်နှင့်ပတ်သက်သည်။ ဤအမှုတွင် သွေးသွင်းခြင်းကိုငြင်းဆိုရန် ဒဲန်၏ပြတ်သားသောဆုံးဖြတ်ချက်ကို ဆရာဝန်များက လေးစားကြသည်။ ယင်းက ကျယ်ပြန့်သောသတင်းစာစစ်ဆင်ရေးတစ်ရပ်ကိုဖြစ်စေကာ လူထုဆက်သွယ်ရေးသတင်းများက ဒဲန်၏သေဆုံးခြင်းအတွက် ဆရာဝန်များကိုပြစ်တင်ကြသည်။ သို့သော်လည်း အများသောသူတို့က အပြုသဘောမဆောင်သောဝါဒဖြန့်မှုနှင့်စပ်လျဉ်း၍မူ သဘောမတူကြပေ။
ဥပမာ ဒဲန်တက်ရောက်သောကျောင်းမှ ကျောင်းအုပ်သည် အသုဘအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ရောက်ရှိနေခဲ့သည်။ ဒဲန်၏သေဆုံးခြင်းနှင့်ပတ်သက်သော မဟုတ်မမှန်သည့်သတင်းကြောင့် သူတုန်လှုပ်ချောက်ချားသွားခဲ့သည်။ သက်သေခံလုပ်ဖော်ဆောင်ဖက်တစ်ဦးထံချဉ်းကပ်ကာ ယေဟောဝါသက်သေများနှင့်ပတ်သက်သော မေးခွန်းအနည်းငယ်ကိုမေးမြန်းပြီးနောက် ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဟူသည့်ဗီဒီယိုခွေကို သူလက်ခံထားလိုက်သည်။ ဗီဒီယိုခွေက သူ့စိတ်ကိုမည်မျှစွဲမှတ်သွားစေသနည်းဟူမူ ကျောင်းရှိဆရာအားလုံးတို့ ကြည့်ရှုရန်အတွက် အစီအစဉ်လုပ်ပေးခဲ့သည်။ နောက်ပိုင်း ကျောင်းသားအားလုံးတို့အား တစ်ခန်းစီ ဗီဒီယိုခွေကို ပြသပေးခဲ့သည်။
ဒဲန်၏ဆရာဝန်များရရှိသည့်နာမည်ပျက်နှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံ၏ကျန်းမာရေးဝန်ကြီးကလည်း သဘောမတူပေ။ သူက ဆရာဝန်များသည် ဒဲန်၏ရင့်ကျက်သောဆုံးဖြတ်ချက်နှင့် ခြေမြစ်ခိုင်လုံမှုရှိသောယုံကြည်ခြင်းကို လေးစားခြင်းသည် မှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဘုရားသခင်၏ပညတ်တော်များကို နာခံကြသော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ သန်းနှင့်ချီရှိပေသည်။ သူတို့၏နာခံမှုကြောင့် ထင်ပေါ်လှကာ “ဤလောကတွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေကြသည်။”—ဖိလိပ္ပိ ၂:၁၂ ၁၅၊ ကဘ။