တရားသူကြီးဟောင်း အနူးအညွတ်တောင်းပန်—၄၅ နှစ်ကြာပြီးနောက်
၁၉၉၅ ခုနှစ်၊ ဩဂုတ်လ၌ ဘာလင်မြို့တရားရုံးခန်းတွင် တရားလွှတ်တော်ချုပ် တရားသူကြီးဟောင်းတစ်ဦးက လွန်ခဲ့သည့် ၄၅ နှစ်က မိမိကျူးလွန်ခဲ့သည့်အမှားအတွက် ယူကျုံးမရဖြစ်မိကြောင်း ယေဟောဝါသက်သေတစ်ဦးကို ထုတ်ဖော်ဖွင့်ဟခဲ့သည်။
၁၉၅၀၊ အောက်တိုဘာတွင် ဂျာမန်ဒီမိုကရက်တစ်သမ္မတ (ဂျီဒီအာရ်) နိုင်ငံ၏ တရားလွှတ်တော်ချုပ်ရုံးက ယေဟောဝါသက်သေ ကိုးဦးအား နိုင်ငံကိုဆန့်ကျင်သည့် သွေးထိုးလှုံ့ဆော်မှု၊ သူလျှိုလုပ်မှု အပြစ်ရှိကြောင်း ကြေညာခဲ့သည်။ နှစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ဓာတ်ပုံတွင် ညာဘက်မှ လေးယောက်မြောက် တရားခံဖြစ်သော အသက် ၂၂ နှစ်အရွယ်ရှိ လော့တာဟောနစ်ခ်အပါအဝင် အခြားခုနစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။
အနှစ် ၄၀ ကြာပြီးနောက် ဂျီဒီအာရ်သည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ချိန်မှစ၍ အရာရှိများသည် ယခင် ဂျီဒီအာရ်တွင် ကျူးလွန်ခဲ့သည့် တရားမမျှတမှုတချို့ကို စုံစမ်းစစ်ဆေးကာ တာဝန်ရှိသူများကို အပြစ်ဒဏ်ချမှတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဤကဲ့သို့သော တရားမမျှတမှုတစ်ခုမှာ ၁၉၅၀ ပြည့်နှစ်တွင် တရားလွှတ်တော်ချုပ်က ယေဟောဝါသက်သေများကို အပြစ်စီရင်သည့်အမှုဖြစ်သည်။
ယခုအသက် ၈၀ ရှိပြီဖြစ်သော အေ. တီ. သည် ယေဟောဝါသက်သေ ကိုးဦးကို အမှုကြားနာစစ်ဆေးစဉ် စီရင်ချက်ချခဲ့သည့် တရားသူကြီးသုံးဦးအနက် တစ်ဦးဖြစ်သည်။ ယခုမူ တရားကျင့်ထုံးကျင့်စဉ်မှ သွေဖည်တိမ်းလွဲမှုစွဲချက်ဖြင့် မိမိ၏စီရင်ချက်ကို ထုချေရှင်းလင်းရန် ဘာလင် ဒေသန္တရတရားရုံးတွင် တရားဆိုင်ရသည်။
အဆိုပါတရားသူကြီးဟောင်းသည် တရားရုံးသို့ လျှောက်လဲရာ၌ မိမိသည် လျှော့လျှော့ပေါ့ပေါ့ စီရင်လိုခဲ့သော်လည်း လွန်ခဲ့သည့် ၄၅ နှစ်က အပြစ်ရှိကြောင်း စီရင်ချက်ချဖို့အတွက် ပါဝင်ထောက်ခံမိခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် အဆိုပါအမှုသည် သူ့အတွေးထဲ ပြန်ပြန်ဝင်လာသည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါသက်သေများသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ဟစ်တလာကို ထောက်ခံရန် ငြင်းဆန်မှုကြောင့် နာဇီများ၏ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံခဲ့ရကြသည်။ စစ်ပြီးသွားပြန်သောအခါတွင် အဆိုပါသက်သေခံများသည် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရပြန်သည်။ ဤတစ်ကြိမ်တွင်မူ ကွန်မြူနစ်အစိုးရကြောင့်ဖြစ်သည်။ ယင်းက တရားသူကြီးကို “အကြီးအကျယ် စိတ်ဒုက္ခရောက်စေခဲ့” သည်။
လောတာဟောနစ်ခ်က မိမိသည် တစ်ယောက်ထဲ ငါးနှစ်ခွဲတိုက်ပိတ်ခံခဲ့ရပြီး ဘရန်ဒန်ဘာ့ဂ်အကျဉ်းထောင်တွင် ၁၉၅၉ ခုနှစ်အထိ မလွှတ်ပေးသေးကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ဟောနစ်ခ်၏လျှောက်လဲချက်ကို ကြားရသောအခါတွင် အဆိုပါတရားသူကြီးဟောင်းသည် မျက်ရည်များကျလာပြီး “ကျွန်တော်တကယ့်ကိုတောင်းပန်ပါတယ်ဗျာ” ဟု ရှိုက်ကြီးတငင်ငိုခဲ့သည်။ “ကျွန်တော့်ကို ကျေးဇူးပြု၍ ခွင့်လွှတ်ပါဗျာ။” ဟောနစ်ခ်သည် အဆိုပါအနူးအညွတ်တောင်းပန်မှုကို လက်ခံခဲ့သည်။—လုကာ ၂၃:၃၄ နှိုင်းယှဉ်။
[Picture Credit Line on page 32]
Neue Berliner Illustrierte