ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံချက်တစ်ခု
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဧကရာဇ်စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသပွဲမှာ ထူးခြားသည့်နာရီတစ်လုံးနှင့် အီလက်ထရွန်နစ် ဂဏန်းမှတ်စက်တစ်ခုဖြစ်သည်။ နာရီလည်သည်နှင့်အမျှ မှတ်စက်က ၃.၃၁ စက္ကန့်ရောက်တိုင်း မြည်သံပေးသည်။ မြည်သံတိုင်းနှင့်အတူ စုစုပေါင်းတွင် နောက်နံပါတ်တစ်ခုကို ထည့်ပေါင်းပေးသည်။ မြည်သံတိုင်း၊ နံပါတ်တိုင်းသည် ဤရာစုအတွင်း စစ်ပွဲကြောင့် အသက်ဆုံးရသည့် အမျိုးသား၊ အမျိုးသမီး သို့မဟုတ် ကလေးတစ်ယောက်ကို ကိုယ်စားပြုသည်။
ထိုမှတ်စက်သည် ၁၉၈၉ ခုနှစ် ဇွန်လတွင် စာရင်းစတင်ရေတွက်ခဲ့ရာ သက္ကရာဇ် ၂,၀၀၀ အကြို ညသန်းကောင်တွင် ရေတွက်မှုပြီးဆုံးမည်ဟုမျှော်လင့်ရပါသည်။ ထိုအချိန်ရောက်လျှင် ရေတွက်မှုကိန်းဂဏန်းက ၂၀ ရာစုတစ်လျှောက် စစ်ပွဲဖြင့်ဆက်နွှယ်၍ အသက်ဆုံးရခြင်း၏ ခန့်မှန်းခြေအရေအတွက်ဖြစ်သော သန်းတစ်ရာကို ပြသမည်။
“လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြု” ခြင်းအားဖြင့် မှတ်သားဖော်ပြမည့် အချိန်ကာလတစ်ခုကို လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ ခန့်က ယေရှုခရစ် တင်ကူးမိန့်တော်မူခဲ့သည်။ ယင်းနှင့်အညီ မရေမတွက်နိုင်သော ငလျင်လှုပ်မှုများ၊ ကပ်ရောဂါများ၊ အစာငတ်မွတ်ခေါင်းပါးမှုများနှင့် အခြားအဖြစ်အပျက်များအပါအဝင် ဤရာစု၏ ပျက်စီးစေတတ်သောစစ်ပွဲများက ကျွန်ုပ်တို့သည် ၁၉၁၄ ခုနှစ်၌ ကောင်းကင်တွင် ခရစ်တော်သည် ဘုရင်အဖြစ် တင်မြှောက်ခံရသည့်နောက်ပိုင်း အချိန်ကာလဖြစ်သော ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေရသည့် အထောက်အထားကို စုပေါင်းထောက်ခံကြောင်း ယေဟောဝါသက်သေတို့ ဟောပြောနေသည်မှာ ကြာလှပြီ။—လုကာ ၂၁:၁၀၊ ၁၁; ၂ တိမောသေ ၃:၁။
ကင်းမျှော်စင် သည် သမ္မာကျမ်းစာကို ခိုင်လုံသောအကိုးအကားအဖြစ်အသုံးပြုကာ ဘုရားသခင့်နိုင်ငံတော်သည် ဖိနှိပ်ချုပ်ချယ်သူများကို မကြာမီဖျက်ဆီးကာ ဤကမ္ဘာကို ပရဒိသုအဖြစ်သို့ ပြောင်းလဲပစ်တော်မူမည့် သတင်းကောင်းကို ကြေညာပါသည်။ စစ်မှုနှင့်ပတ်သက်၍ အနာဂတ်အလားအလာကား အဘယ်နည်း။ “ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာသုတ်သင်ပယ်ရှင်းခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ [စစ်] ရထားကိုမီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏” ဟု ကျမ်းစာက ဆိုထားသည်။—ဆာလံ ၄၆:၈၊ ၉။
[Picture Credit Line on page 32]
Clock: By Courtesy of the Imperial War Museum