ဤခေတ်ကာလသည် အဘယ်ကြောင့် ဤမျှတိုင်ဆိုးရွားနေသနည်း
သင်သည် သတင်းစာဖတ်ရှုရာတွင်ဖြစ်စေ၊ တီဗွီသတင်းကြည့်ရှုရာတွင်ဖြစ်စေ၊ ရေဒီယိုမှအသံလွှင့်သည့်သတင်းကို နားထောင်သောအခါတွင်ဖြစ်စေ သတင်းဆိုးတစ်မျိုးမျိုးကို သင်မျှော်လင့်သည်မဟုတ်ပေလော။ ဖြစ်ဆဲစစ်ပွဲများဆက်တိုက်ဖြစ်နေကြောင်း၊ အကြမ်းဖက်ရာဇဝတ်မှု အနှံ့အပြားဖြစ်ပွားနေကြောင်း သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံကိုအားအင်ချည့်နဲ့စေလျက်ရှိကြောင်း သင်သိရသောအခါတွင် အံ့အားသင့်မည်မဟုတ်ချေ။
ထိုသို့ဖြစ်နေသောဒေသနှင့် အတော်အတန်ဝေးကွာသောနေရာတွင် သင်နေထိုင်သည်ဆိုပါက ထိုကဲ့သို့သောသတင်းများကြောင့် သင်အစဉ်အမြဲ အလွန်အမင်းစိတ်ထိခိုက်မည်မဟုတ်ချေ။ ထိုထက်ကား အဆိုပါဒုက္ခသည်အုပ်စုအားလုံးအတွက် မည်သူကစာနာပေးနိုင်မည်နည်း။ သို့တိုင် ထိုသို့တစ်ဦးချင်းစီ ဒုက္ခခံစားနေရပုံကို ကျွန်ုပ်တို့နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသောအခါ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့အလွန်ခက်ခဲပါသည်။ တစ်နည်းအားဖြင့် စစ်ပွဲတစ်ပွဲအကြောင်းကို ဖတ်ရှုကာ အသေအပျောက်စာရင်းများကို သုံးသပ်ကြည့်ခြင်းနှင့် ဗုံးဒဏ်ကြောင့် မိမိတို့အိမ်ပျက်စီးသွားရာတွင် မိခင်သေဆုံးသွားသော အသက်ကိုးနှစ်သားအရွယ် ဘော့စနီးယားနိုင်ငံသားလေး အဲဒ်နန်အကြောင်းကိုဖတ်ရှုရခြင်းမှာ မတူညီပါ။ လအနည်းငယ်အကြာတွင် အဲဒ်နန်နှင့် သူ၏ဖခင်တို့ အတူတကွလမ်းလျှောက်နေကြစဉ်တွင် ချောင်းမြောင်းပစ်ခတ်သူတစ်ဦး၏လက်ချက်ကြောင့် သူ၏ဖခင်သေဆုံးသွားသည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် သူ့မျက်စိရှေ့၌ပင် သူ၏အမသည် ကျောင်းဝင်းအတွင်းတွင် အမြောက်ဆံထိမှန်၍ သွေးထွက်လွန်ပြီးသေသွားပြန်သည်။ ထိခိုက်ဒဏ်ရာရမှုအတွက် အဲဒ်နန်ကိုဆေးကုသပေးသောဆရာဝန်များက ထိုသူငယ်လေးသည် ထုံသွားကာ၊ ခံစားချက်လုံးလုံးမရှိ—သိချင်စိတ်ပင်မရှိတော့ကြောင်း တွေ့ရှိကြရသည်။ ကြောက်စိတ်နှင့် အတိတ်ကအဖြစ်ကို ပြန်ပြောင်းမြင်ယောင်နေခြင်းတို့က နိုးထနေချိန်များကို ဒုက္ခပေးနေသည်; အိပ်မက်ဆိုးများကြောင့် လုံးလုံးအိပ်စက်အနားယူ၍မရတော့ပါ။ အဲဒ်နန်သည် စာရင်းအင်းထဲကမျှသာ မဟုတ်ချေ။ သူသည် ဒုက္ခလေးတစ်ဦး; ကျွန်ုပ်တို့သည် သူ့အတွက် စာနာပေးရုံမှလွဲ၍ မည်သို့မျှမတတ်နိုင်ပေ။
အခြားဆိုးရွားသော ကမ္ဘာ့အခြေအနေများသည်လည်း ထိုနည်းလည်းကောင်းပင်။ အကြောင်းရင်းတစ်ခုဖြစ်သော ငတ်မွတ်ခေါင်းပါးခြင်းအကြောင်း ဖတ်ရခြင်းသည်; ငတ်မွတ်ခြင်းကြောင့် မသေရုံတမယ်ဖြစ်နေသည့် ဗိုက်ပူနံကား ပလွေရိုးခြေလက်နှင့် ငါးနှစ်သမီးအရွယ်၏ ရုပ်ပုံကိုမြင်ရခြင်းနှင့် တခြားစီပင်။ ရာဇဝတ်မှုစာရင်းများ ဖတ်ရခြင်းသည်; အသက်အရွယ်ကြီးသောမုဆိုးမတစ်ဦးကို ရက်စက်စွာရိုက်နှက်ပြီး၊ ဓားပြတိုက်၊ ဗလက္ကာရပြုခြင်းတို့ကို ကြားရခြင်းနှင့်လည်းမတူညီချေ။ မိသားစုစိတ်ဓာတ်မဲ့လာခြင်းကို ဖတ်ရခြင်းသည်; မိခင်တစ်ဦးက မိမိ၏ရင်သွေးကိုပင် တမင်တကာအငတ်ထားကာ ရက်စက်ကြမ်းတမ်းစွာပြုမူကြောင်း သိရခြင်းနှင့်ကွာခြားပေသည်။
ယင်းတို့ကိုဖတ်ရခြင်းသည် ရင်နင့်စရာပင်။ သို့သော် ကမ္ဘာချီကပ်ဘေးတစ်ခုက ကျွန်ုပ်တို့ကို တိုက်ရိုက်ထိခိုက်လာသောအခါ သာ၍ဆိုးဆိုးရွားရွားခံစားရမည်ပင်! အနိဋ္ဌာရုံကို သင်ကိုယ်တိုင်ခံစားရသောအခါ ကမ္ဘာ့သတင်းများအားဖြင့်တင်ပြနေသည့် မြင်ကွင်းကျယ်က ဖိစီးလွှမ်းမိုးလိုက်နိုင်သည်။ ရာဇဝတ်မှု၊ စစ်၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါတို့မှ ကြုံတွေ့ရသောဒုက္ခဆင်းရဲသည် လူ့သမိုင်းတွင်မကြုံစဖူး အဆမတန်တိုးပွားနေခြင်းမှာ ထိတ်လန့်စရာပင်။ ဤ ၂၀ ရာစုဖြစ်ရပ်များကြောင့် ဖြစ်ပေါ်လာသော ထိုးနှက်ချက်များသည် အမှန်ပင်ပြင်းထန်လှသည်—စိတ်ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနှင် စိတ်ကျမှုတို့သည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေသည်။
အခြေအနေသည် အဘယ်ကြောင့် ဤမျှတိုင်ဆိုးရွားနေရသနည်း၊ လူသားများ မည်သည့်နေရာသို့ ဦးတည်နေသနည်းကဲ့သို့သော အကျပ်ရိုက်စေသည့်မေးခွန်းများ၏အဖြေတို့ကို ဘာသာအများမှ လူများရှာဖွေနေကြသည်။
ယနေ့ဘာသာတရားတို့သည် ကျေနပ်ဖွယ်သောအဖြေများကို မပေးနိုင်ကြသည်မှာ ဝမ်းနည်းစရာပင်။ ဤမဂ္ဂဇင်း၏မျက်နှာဖုံးရှိ မေးခွန်းကိုဦးဆုံး သင်တွေ့မြင်လိုက်သည်နှင့် မသေချာပါဟု တုံ့ပြန်မည်ဆိုလျှင်လည်း တုံ့ပြန်လောက်ပေသည်။ ရှိရင်းစွဲဝါဒီများ၏ ဘာသာတရားများက သမ္မာကျမ်းစာတွင် စိုးစဉ်းမျှမပါရှိသော ကမ္ဘာ့သက်တမ်းကုန်ဆုံးမည့် နေ့ရက်၊ နာရီအတိအကျကို ရှင်းပြဖို့ကြိုးစားသည်။ (မဿဲ ၂၄:၃၆ ကိုရှု။) ဤစာစောင်ကိုထုတ်ဝေသူများကမူ သမ္မာကျမ်းစာကိုယ်နှိုက်က ဖြေရှင်းပေးဖို့လိုလားပါသည်။ နောက်ဆုံးကာလနှင့် ပတ်သက်သော သမ္မာကျမ်းစာ၏ဆွေးနွေးချက်က ဖြစ်ရပ်မှန်ဖြစ်ကာ အကျိုးသင့်အကြောင်းသင့်ရှိကြောင်း သင်သိရှိရသောအခါတွင် အံ့အားသင့်ပေလိမ့်မည်။ သမ္မာကျမ်းစာက အခြေအနေအဘယ်ကြောင့်ဤမျှဆိုးရွားနေကြောင်း ရှင်းပြထားရုံသာမဟုတ်ပါ။ ယင်းက အနာဂတ်မျှော်လင့်ချက်ကို ဖော်ပြထားသဖြင့် အမှန်ပင်စိတ်နှစ်သိမ့်မှုကိုလည်းပေးပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ နောက်ဆောင်းပါးပါအကြောင်းများကို သုံးသပ်ကြည့်ဖို့ သင့်အားကျွန်ုပ်တို့ ဖိတ်ခေါ်လိုက်ပါသည်။
[Picture Credit Line on page 3]
Jobard/Sipa Press