ရိုးသားမှု—ကံအားလျော်၍လောရွေးချယ်၍လော
“ကျွန်တော်ဟာ ပင်ကိုအရ ရိုးသားသူမဟုတ်ပေမဲ့ တစ်ခါတလေတော့ ကံအားလျော်စွာ ရိုးသားခဲ့ဖူးတယ်။” ထိုသို့ ဝီလျံရှိတ်စပီးယား၏ သည်ဝင်းတားတေးလ် ပြဇာတ်ပါ လူဆိုးတစ်ဦးဖြစ်သူ အော်တိုလကပ်စ်က ပြောသည်။ ယင်းသည် ‘စဉ်းလဲသောနှလုံး’ ၏အကျိုးဖြစ်သည့် လူတို့၏အဓိကအားနည်းချက်တည်းဟူသော ကျွန်ုပ်တို့၏မှားယွင်းလိုစိတ်ကို ဖော်ပြသည်။ (ယေရမိ ၁၇:၉; ဆာလံ ၅၁:၅; ရောမ ၅:၁၂) သို့သော် ယင်းကြောင့် ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့်မျှ မတတ်နိုင်ချေဟု ဆိုလိုသလော။ အကျင့်ကောင်းခြင်းသည် ကံအားလျော်၍မျှလော။ လုံးဝမဟုတ်ပါလေ!
ကတိထားရာပြည်တော်ကို ဣသရေလအမျိုးသားတို့မဝင်မီ မောဘလွင်ပြင်တွင် စခန်းချနေစဉ် မောရှေသည် သူတို့ကိုစကားပြောဆိုခဲ့သည်။ ပြတ်ပြတ်သားသား ရွေးချယ်ရမည့် လမ်းစဉ်နှစ်ခုကို သူတို့အားဖော်ပြသည်။ သူတို့သည် ဘုရားသခင်၏မိန့်တော်မူချက်များကို လိုက်လျှောက်လျှင် ကောင်းချီးများခံစားရမည်၊ သို့မဟုတ် ၎င်းတို့ကိုငြင်းပယ်လျှင် အပြစ်၏အခကိုခံရကြမည်ဖြစ်သည်။ (တရားဟောရာ ၃၀:၁၅-၂၀) သူတို့ရွေးချယ်ရကြမည်။
လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူများအဖြစ် ကျွန်ုပ်တို့လည်း ရွေးချယ်ရမည်။ ဘုရားသခင်မှအစ မည်သူကမျှ ကျွန်ုပ်တို့ကို ကောင်းမှု သို့မဟုတ် မကောင်းမှုပြုရန် အဓမ္မတိုက်တွန်း၍မရပါ။ သို့ရာတွင် အချို့က ‘ကျွန်ုပ်တို့၏စိတ်နှလုံး အကြံအစည်ရှိသမျှဟာ အမြဲဆိုးညစ်နေတယ်ဆိုရင် ကောင်းမှုဘယ်လိုပြုနိုင်မှာလဲ’ ဟုဆီလျော်စွာမေးပေမည်။ ဥပမာ၊ သွားဆရာဝန်တစ်ဦးသည် သွားလွှာပါးခြင်း သို့မဟုတ် သွားပိုးစားခြင်း အလွန်မဆိုးရွားမီ ၎င်းတို့ရှိမရှိ အသေအချာကြည့်ရှုစစ်ဆေးတတ်သည်။ ထိုနည်းတူ ကျွန်ုပ်တို့တွင် အားနည်းချက်များ၊ အကျင့်ယိုယွင်းမှုများ ရှိမရှိသိရှိရန် ပုံဆောင်နှလုံးကို နှိုက်နှိုက်နှဲနှဲစစ်ဆေးရန်လိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ” သည်ဟု ယေရှုမိန့်တော်မူသောကြောင့်ဖြစ်၏။—မဿဲ ၁၅:၁၈-၂၀။
သွားနုတ်ရန်မလိုရလေအောင် သွားဆရာဝန်သည် ပိုးစားထားသမျှကို သန့်စင်ပေးတတ်သည်။ ထိုနည်းတူ နှလုံးထဲမှ “မကောင်းသောကြံစည်ခြင်း” နှင့် မှားယွင်းသောဆန္ဒများကို ထုတ်ပစ်ရန် ပြတ်သားစွာပြုမူဖို့ လိုအပ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို ဖတ်ရှုသုံးသပ်ခြင်းအားဖြင့် ဖန်ဆင်းရှင်၏သဘောတော်ကို သိရုံသာမက လမ်းမှန်ကိုလည်း လိုက်တတ်လာသည်။—ဟေရှာယ ၄၈:၁၇။
ဣသရေလရှင်ဘုရင်ဒါဝိဒ်သည် မှန်ရာကိုလုပ်ရန် တိုက်လှန်ရာတွင် ထပ်ဆင့်လိုအပ်သောအကူအညီကို ခံယူခဲ့သည်။ သူက ဤသို့ဆုတောင်းသည်– “အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” (ဆာလံ ၅၁:၁၀) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်အား ဆုပတ္ထနာပြုကိုးစားခြင်းဖြင့် အစဉ်မပြတ်ဆိုးညစ်သော စိတ်နှလုံးအကြံအစည်ရှိသမျှတို့ကို အနိုင်ယူပြီး ကောင်းမှုပြုရန် ‘သဘောအသစ်’ ကိုမွေးမြူနိုင်ပါလိမ့်မည်။ ဤနည်းဖြင့် ရိုးသားမှုကို ကံကြမ္မာအပေါ် ပုံအပ်ထားကြမည်မဟုတ်။ ကိုယ်တိုင်ရွေးချယ်ပြုလုပ်ရာ ဖြစ်စေကြပါမည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဒါဝိဒ်၏အဖြစ်အပျက်တွင်ကဲ့သို့ ယေဟောဝါထံ ဆုတောင်းခြင်းဖြင့် ကောင်းမှုပြုရန် အကူအညီရနိုင်