သက်ကြီးရွယ်အိုများအတွက် ခက်ခဲသည့် အချိန်
အသက် ၆၈ နှစ်ရှိပြီဖြစ်သော မာမား အိုနီယံသည် အနောက်အာဖရိကန်မြို့ကြီးတစ်မြို့တွင် နေထိုင်သည်။ သူမငယ်ရွယ်စဉ်က သားသမီးမြေးမြစ်များဝိုင်းရံလျက် သူမ၏ဘဝနေဝင်ချိန်ကို အေးအေးဆေးဆေးအငြိမ်းစားဘဝနှင့် ပျော်မွေ့နေပုံကို စိတ်ကူးယဉ်ခဲ့မိသည်။ စိတ်ကူးသည့်အတိုင်းဖြစ်လာမည့်အစား ချစ်ချစ်တောက်ပူသော နေရောင်အောက်တွင် ရေခဲရေရောင်းကာ အသက်မွေးနေရရှာသည်။ သူမ၏ဝင်ငွေအနည်းအကျဉ်းကြောင့် အသက်ဆက်နေနိုင်သည်။ သူမ၏သားနှစ်ယောက်မှာ ဝေးလံသည့်တိုင်းတစ်ပါး၌ နေထိုင်သည်။ သူမထံသို့ ပိုက်ဆံတစ်ပြားမှမပို့သည်မှာ ကြာလှပါပြီ။
အတိတ်ကာလတွင် အာဖရိကမှသက်ကြီးရွယ်အိုများသည် အထင်ကြီးလေးစားခံရကြသည်။ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှုတို့နှင့်ဒွန်တွဲသော သူတို့၏အတွေ့အကြုံနှင့် အသိပညာတို့ကြောင့် လေးစားခြင်းခံရကြသည်။ သူတို့သည် မိမိတို့၏မြေးမြစ်များကိုလည်း ကူ၍ပြုစုစောင့်ရှောက်ကြသည်။ ငယ်ရွယ်သူများက သူတို့၏အကြံဉာဏ်နှင့် အဆုံးအဖြတ်ကိုတောင်းခံကြသည်။ လူတို့သည် “ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်” ဟူသည့် ကျမ်းစာဆုံးမစကားအတိုင်း နေထိုင်ကြသည်။—ဝတ်ပြုရာ ၁၉:၃၂။
အချိန်အခါပြောင်းလဲသွားခဲ့ပြီ။ ဆင်းရဲချို့တဲ့ခြင်း၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ပြဿနာနှင့် အစုလိုက်အပြုံလိုက် မြို့သို့ရွှေ့ပြောင်းခြင်းတို့ကြောင့် သက်ကြီးရွယ်အိုများသည် ကိုယ့်ဝမ်းစာကိုယ်ရှာရကြသည်။ ကင်ညာသက်ကြီးကူညီစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးက “သက်ကြီးရွယ်အိုများကို ထောက်ပံ့၍ ကြည့်ရှုပြုစုသည့်ထုံးစံမှာ တဖြည်းဖြည်းနှင့်တိမ်ကောလာသည်” ဟုဆိုသည်။
မှန်ပါသည်၊ မိသားစုနှောင်ဖွဲ့မှု အားနည်းလာခြင်းမှာ အာဖရိကနိုင်ငံများ၌သာမဟုတ်ပါ။ ဂျပန်နိုင်ငံနှင့်ပတ်သက်၍ ဂါးဒီးယန်း အပတ်စဉ်သတင်းစာကဤသို့ဆိုသည်– “ကွန်ဖြူးရှပ်အယူဝါဒမှအမွေပေးခဲ့သော သားသမီးများပြုအပ်သည့် ရိုသေကိုင်းရှိုင်းမှုသည် ဂျပန်လူမျိုးတို့စံပြုသောစနစ်၏ အဓိကမဏ္ဍိုင်ဖြစ်လေ့ရှိသော်လည်း ကျေးလက်များကို မြို့ပြအသွင်ပြောင်းလိုက်သည့်အခါ ယင်းသည် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကာ မိသားစုသံယောဇဉ်မှာ အားပျော့သွားလေသည်၊ ယနေ့ဆိုလျှင် ဂျပန်လူမျိုး ၈၅ ရာခိုင်နှုန်းမှာ ဆေးရုံများ သို့မဟုတ် လူအိုရုံများတွင် ကွယ်လွန်သွားကြသည်။”
အခြေအနေမည်သို့ပင်ရှိပါစေ ဘုရားသခင်၏နှစ်သက်မှုကို အမှန်တကယ်လိုလားသူများမှာ မိမိတို့မိဘများအား ရိုသေလေးစားဖို့ ကြိုးစားကြသည်။ “မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏” ဟူသော ကျမ်းစာဆုံးမစကားကို သူတို့လိုက်နာကြသည်။ (ဧဖက် ၆:၂၊ ၃) သက်ကြီးရွယ်အိုမိဘများကို ရိုသေလေးစား၍ ကြည့်ရှုပြုစုရန် အမြဲမလွယ်ကူသော်လည်း ယင်းသို့ပြုခြင်းဖြင့် ကြွယ်ဝသောဆုကျေးဇူးများကို ရရှိနိုင်ပါသည်။