ရွှေနားတောင်းဖြင့်တန်ဆာဆင်ခြင်း
အစောဆုံးကာလများကတည်းက ရွှေလက်ဝတ်လက်စားကို ၎င်း၏တန်ဖိုးနှင့်အလှကြောင့် အလွန်တန်ဖိုးထားခဲ့ကြသည်။ ယောသပ်သည် အီဂျစ်နိုင်ငံတွင် ဝန်ကြီးချုပ်ဖြစ်လာသောအခါ သူသည် ဖာရောထံမှ ရွှေဆွဲကြိုးကိုလက်ခံရရှိခဲ့သည်။ (ကမ္ဘာဦး ၄၁:၄၂) ရေဗက္ကမူကား ယခုခေတ်ကာလတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၁,၄၀၀ ခန့်ရှိသော ရွှေနှာဆွဲတစ်ခုနှင့် ရွှေလက်ကောက်တစ်ရန် ရရှိခဲ့သည်။ (ကမ္ဘာဦး ၂၄:၂၂) ဤအဖိုးထိုက်သောလက်ဆောင်များကို ကျေးဇူးတင်လေးမြတ်စွာလက်ခံခဲ့ပြီး ကျေနပ်ဖွယ်ဆင်မြန်းခဲ့ကြမည်မှာ ယုံမှားစရာမရှိချေ။
ယောသပ်နှင့်ရေဗက္ကတို့ဆင်မြန်းခဲ့ကြသည့် လက်ဝတ်လက်စားများထက် သာ၍အဖိုးထိုက်သော လက်ဝတ်လက်စားများအကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ နယပုံပြင် ၂၅:၁၂ ကဤသို့ဆိုသည်– “နားထောင်တတ်သောသူကို လျောက်ပတ်စွာဆုံးမတတ်သောသူသည် ရွှေနားတောင်းကဲ့သို့လည်းကောင်း၊ ရွှေစင်တန်ဆာကဲ့သို့လည်းကောင်းဖြစ်၏။” သွန်သင်ချက်ပေးသူသည် မိမိ၏ကိုယ်ပိုင်ထင်မြင်ချက်ထက် ဘုရားသခင်၏စကားတော်အပေါ်အခြေခံ၍ အကြံပေးသောအခါ သူသည် အမှန်ပင် တန်ဖိုးရှိသောလက်ဆောင်ကိုပေးနေပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုသို့သောသွန်သင်ချက်သည် ယေဟောဝါကိုယ်တော်တိုင်ထံမှ ဧကန်လာသောကြောင့်ဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့ဆိုသည်– “ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။” (သု. ၃:၁၁၊ ၁၂) နာယူသူသည် သွန်သင်ချက်ကို နှိမ့်ချစွာခံယူပြီး ကျင့်သုံးသည့်အခါ သူသည် မိမိကိုယ်ကို ရွှေနားတောင်းဖြင့် တန်ဆာဆင်သည့်အလားဖြစ်သည်။ ယင်းသည် အောက်ပါမှုတ်သွင်းခံနယပုံပြင်ကျမ်းက ပြောသကဲ့သို့ပင်ဖြစ်သည်– “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။”—သု. ၃:၁၃၊ ၁၄။