သင်သည် အမှန် ကို အမှား မှပိုင်းခြားနိုင်သလော
“လူ ၂၅ ယောက်လောက်ကို ကျွန်တော်ကိုယ်တိုင်သတ်ခဲ့တယ်။ . . . အဲဒါတွေကို နေ့ရောညရော ကျွန်တော်မြင်ယောင်တယ်။ အိပ်မက်ဆိုးတွေမက်တယ်။ . . . တစ်နေရာရာသွားတဲ့အခါ ကျွန်တော်သတ်ခဲ့တဲ့သူတွေကို သတိရစေတဲ့မျက်နှာတစ်ခုခုကို မြင်မိတယ်။ အဲဒီအဖြစ်အပျက်ဟာ ဒီကနေ့ဖြစ်ပျက်နေသလိုပဲ၊ လောလောလတ်လတ် ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်။ . . . ကျွန်တော်လုပ်ခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်ဘူး။”—ဗွီ.အက်စ်။
“အဲဒီကိုသွားပြီး ရန်သူတွေကိုချေမှုန်းဖျက်ဆီးဖို့ ကျွန်တော်အမိန့်ရခဲ့တယ်။ . . . ယောက်ျား၊ မိန်းမနဲ့ကလေးတွေရယ်လို့ ကျွန်တော်ထိုင်ပြီးမစဉ်းစားမိဘူး။ . . . ခိုင်းတာကိုလုပ်တယ်လို့ အရင်ကယူဆသလို အခုလည်းအဲဒီလိုပဲယူဆတယ်၊ မိန့်မှာတဲ့အတိုင်းလုပ်တာ ဘာမှမမှားဘူးလို့ထင်တာပဲ။”—ဒဗ္ဗလျူ.စီ။
၁၉၆၈၊ မတ်လ ၁၆ ရက်နေ့၌ အထက်တွင်ကိုးကားဖော်ပြထားသော လူနှစ်ဦးသည် နောက်ပိုင်းတွင် ဂုဏ်ပျက်ဖွယ်ရာဇဝတ်မှုဟု ကြေညာခံရသည့်အမှု၌ ပါဝင်ခဲ့ကြသည်။ သူတို့သည် အခြားစစ်သားများနှင့်အတူ ဗီယက်နမ်လူမျိုးနေထိုင်သည့် ကျေးရွာတစ်ခုကိုဝင်ရောက်ကာ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးပိုင်းအမျိုးသားများအပါအဝင် ရာနှင့်ချီသောအရပ်သားများကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော် အဆိုပါစစ်သားနှစ်ဦး၏ ကွဲပြားသောတုံ့ပြန်မှုများကို သတိပြုပါ။ ပထမစစ်သားသည် သူပြုလုပ်ခဲ့ရာများကြောင့် စိတ်ဆင်းရဲနေသည်မှာ ထင်ရှားသည်။ ဒုတိယတစ်ဦးက မိမိ၏လုပ်ရပ်များသည် မှန်ကန်သည်ဟုယူဆခဲ့သည်။ အဖြစ်အပျက်တစ်မျိုးတည်းကို လူနှစ်ဦး၏တုံ့ပြန်မှုသည် အဘယ်ကြောင့်ဤမျှကွာခြားရသနည်း။
အဖြေမှာ ကိုယ့်ကိုယ်ကို ရိုးရိုးသားသားကြည့်မြင်ရန်ကူညီပေး၍ မိမိလုပ်ရပ်နှင့် ရည်ရွယ်ချက်များကို အကဲဖြတ်စေသည့် ဘုရားသခင်ပေးသည့်စွမ်းရည်တစ်ခုဖြစ်သော ကိုယ်ကိုကိုယ်သိသောစိတ်ဖြစ်သည်။ ကိုယ်ကိုကိုယ်သိသောစိတ်ဟူသည် အမှားအမှန်ကိုသိသော အတွင်းစိတ်သဘောဖြစ်သည်။
ဆုံးဖြတ်ချက်များချသည့်အခါ “ကိုယ်ကိုကိုယ်သိသောစိတ်သည် သင်၏လမ်းညွှန်ဖြစ်ပါစေ” ဟူသောဆိုရိုးစကားကို လူအချို့အသုံးပြုတတ်ကြသည်။ သို့သော် ဝမ်းနည်းစရာမှာ ကိုယ်ကိုကိုယ်သိသောစိတ်ကို အမြဲစိတ်မချနိုင်ခြင်းဖြစ်သည်။ အမှန်အားဖြင့် ထိတ်လန့်စရာကောင်းအောင် ရက်စက်ကြမ်းကြုတ်ခြင်းကို ခွင့်ပြုသည်သာမက ကိုယ်တိုင်ပင်ပြုမူခဲ့သူများစွာရှိ၍ သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်က သူတို့ကိုလုံးဝအနှောင့်အယှက်မပေးခဲ့ချေ။ (ယောဟန် ၁၆:၂; တမန်တော် ၈:၁) အင်္ဂလိပ်ဝတ္ထုဆရာ ဆယ်မြူရယ်လ် ဘတ်တလာတစ်ကြိမ်ကဆိုသကဲ့သို့ပင် ကိုယ်ကိုကိုယ်သိသောစိတ်သည် “ယင်းကိုမကြားလိုသူတို့အား မကြာမီ စကားမပြောတော့ပေ။”
သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို သင်ယုံကြည်အားထားနိုင်ပါသလော။ အဖြေမှာ ယင်းကိုမည်မျှကောင်းစွာ လေ့ကျင့်ထားသည်ဟူသည့်အချက်အပေါ် များစွာမူတည်ကြောင်း နောက်ဆောင်းပါးတွင်ဖော်ပြပါမည်။
[Picture Credit Line on page 3]
အထက်ပါစစ်ပွဲမြင်ကွင်း– U.S. Signal Corps photo