သတိပေးချက်ကိုသင်ဂရုပြုမည်လော
၁၉၉၇၊ မေ ၁၉ ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းခရိုင်တစ်လျှောက်တွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။ တစ်နာရီလျှင် မိုင် ၁၅၀ နှုန်းဖြင့် ကော့ခ်စ်ဘဇားမြို့တွင် လေတိုက်ခတ်ကြောင်းမှတ်တမ်းတင်ခဲ့သည်။ ကျေးလက်ဒေသများရှိ သက်ငယ်မိုးတဲအိမ်လေးများမှာ ပျောက်ခြင်းမလှပျောက်သွားပြီး မြေနေရာလေးများသာကျန်ရစ်လေတော့သည်။ သစ်ပင်များနှင့် ကြေးနန်းတိုင်များမှာ အမြစ်မှကျွတ်ထွက်ခဲ့ရာ အချို့မှာ မီးခြစ်ဆံချောင်းများသဖွယ် ထက်ပိုင်းပြတ်ကုန်သည်။ ဗိုရာကာဂေါ့ချ်သတင်းစာခေါင်းကြီးပိုင်းတစ်ပုဒ်က ထိုဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၀၅ ဦးသေဆုံးခဲ့သည်ဟုဖော်ပြခဲ့သည်။
ဖြစ်နိုင်ဖွယ်ရှိသောမုန်တိုင်းလမ်းကြောင်းကို မိုးလေဝသဌာနမှ ၃၆ နာရီကြို၍သတင်းကြေညာခဲ့သည်။ ကွန်ကရစ်နှင့်ဆောက်လုပ်ထားသော ဆိုင်ကလုန်းခိုလှုံရာများတွင် လာရောက်ခိုလှုံသူထောင်ပေါင်းများစွာတို့သည် အသက်ချမ်းသာရခဲ့ကြသည်။
မည်သည့်ဆိုင်ကလုန်းထက်မဆို ပို၍ဖျက်ဆီးနိုင်မည့် ဘေးဆိုးကြီးကျရောက်လုပြီဟူသောသတင်းကို ယေဟောဝါသက်သေများကြေညာနေကြသည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိပေပြီ။ သမ္မာကျမ်းစာက ယင်းကို “ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ကြီး” ဟုခေါ်ထားသည်။ (ယောလ ၂:၃၁) သမ္မာကျမ်းစာတွင်တွေ့ ရှိရသော ပရောဖက်ပြုသတိပေးချက်များကိုလိုက်နာခြင်းအားဖြင့် ယင်း၏ ပြင်းထန်သောအဟုန်ကို ကျွန်ုပ်တို့ကျော်လွှားလွတ်မြောက်နိုင်မည်။—ဇေဖနိ ၂:၂၊ ၃။
ယေဟောဝါသက်သေများသည် ပျက်စီးခြင်းသတင်းကိုကြေညာသော ပရောဖက်များမဟုတ်ကြပါ။ သူတို့၏သတင်းမှာ မျှော်လင့်ခြင်းသတင်းဖြစ်သည်။ မြေကြီးပေါ်မှ မဖြောင့်မတ်မှုမှန်သမျှကို ဖယ်ရှားပစ်တော့မည့် ဘုရားသခင့်နိုင်ငံတော်အကြောင်း လူတို့သိရှိလာရန် သူတို့ကူညီပေးလိုကြသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဤသို့ဆိုသည်– “ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁။
[Picture Credit Line on page 32]
WHO/League of Red Cross