“ကျွန်တော်တို့ကို ဘုရားသခင်ဖြစ်စေချင်သလိုခင်ဗျားတို့ဖြစ်နေကြပြီ”
ခရစ်ယာန်များသည် “သခင်ဘုရား၏မျက်နှာတော်ကိုထောက်လျက်” လောကအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းက ‘လူကောင်းများအဖြစ်ချီးမွမ်း’ ခံရဖို့မျှော်လင့်နိုင်သည်။ (၁ ပေတရု ၂:၁၃-၁၅) တောင်အာဖရိကရှိ ယေဟောဝါသက်သေများသည် ကောလိပ်နယ်မြေခန်းမတစ်ခုတွင် ကျင်းပခဲ့သောခရိုင်စည်းဝေးကြီးတစ်ခု၌ ထိုသို့ချီးမွမ်းခံခဲ့ကြရသည်။
စည်းဝေးကြီးပထမနေ့တွင် ကောလိပ်လုံခြုံရေးတပ်ဖွဲ့သည် အခြားသောစည်းဝေးကြီးများတွင် ဖြစ်တတ်သကဲ့သို့ စိတ်ဆိုးဒေါသထွက်ကြပြီး ဝိုင်းဝန်းကူညီလိုစိတ်မရှိသည့် ကိုယ်စားလှယ်များနှင့်ရင်ဆိုင်ရရန် အသင့်ပြင်ထားကြသည်။ ယေဟောဝါသက်သေများနှင့် တစ်ခါမျှမဆက်ဆံခဲ့ဖူးသူတို့သည် ဝမ်းသာအယ်လဲဖြစ်ခဲ့ကြရသည်!
ဂိတ်ဝများတွင် သူတို့ပုံမှန်စိစစ်ရေးပြုလုပ်ခဲ့ကြသကဲ့သို့ လုံခြုံရေးရဲသည် ဝင်ထွက်သမျှကားများကို ရှာဖွေစစ်ဆေးခဲ့သည်။ ရှာဖွေမှုများကြောင့် ကိုယ်စားလှယ်များကိုကြန့် ကြာစေခဲ့လျက်ပင် ဖော်ရွေစွာ၊ စိတ်ရှည်စွာနှင့်လေးစားစွာဆက်ဆံခံကြရ၍ သူတို့အံ့သြခဲ့ကြသည်။ ပုံမှန်ကြုံတွေ့နေကြဖြစ်သောခုခံမှု၊ အငြင်းပွားနှင့် ရိုင်းပျသောအပြောအဆိုများမရှိခဲ့ချေ။ လုံခြုံရေးအရာရှိတစ်ဦးက “တခြားဧည့်သည်တွေနဲ့မတူဘဲ ခင်ဗျားတို့ဟာ ကျွန်ုပ်တို့အားလုံးမြင်သာတဲ့ နှိမ့်ချတဲ့သဘောထားနဲ့ ဂုဏ်သိက္ခာကိုတင်ပြကြတယ်။”
လုံခြုံရေးမှူးသည် ယေဟောဝါသက်သေများ၏ ပူးပေါင်းဆောင်ရွက်မှုကို သတိပြုမိသည်နှင့် ကားများကိုစစ်ဆေးရန်မလိုကြောင်းဆုံးဖြတ်ခဲ့သည်၊ “ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ဟာ သိပ်စည်းကမ်းရှိကြတဲ့လူတွေပဲ” ဟုသူကပြောခဲ့သည်။ သို့နှင့် “ဂျေဒဗ္ဗလျူ” တံဆိပ်အမှတ်ပါသောကားများကို အစစ်အဆေးမရှိဝင်ထွက်ခွင့်ပြုခဲ့ကြသည်။
စည်းဝေးကြီးအပြီးတွင် လုံခြုံရေးမှူးက သက်သေခံများကိုမကြာမီပြန်ဆုံရန်မျှော်လင့်ကြောင်းပြောဆိုခဲ့သည်။ “အဲသလို အမူအကျင့်ကောင်းတဲ့လူတွေကို ကျွန်တော်တို့တစ်ခါမှမတွေ့ ဖူးဘူး၊ ကျွန်တော်တို့ကို ဘုရားသခင်ဖြစ်စေချင်သလို ခင်ဗျားတို့ဖြစ်နေကြပြီ” ဟုသူကပြောခဲ့သည်။ ထိုသို့ချီးမွမ်းခံရခြင်းသည် “တင့်တယ်လျောက်ပတ်စွာကျင့်နေကြ” ရန်စစ်မှန်သောခရစ်ယာန်များအတွက် နောက်ထပ်လှုံ့ဆော်ပေးရာတစ်ခုဖြစ်သည်။ သို့ ဖြင့် ‘သင်တို့၏ကောင်းသောအကျင့်များကို ကြည့်မြင်ထောက်ရှု၍ ဘုရားသခင်၏ဂုဏ်တော်ကို လူတို့ချီးမွမ်း’ ကြမည်ဖြစ်သည်။—၁ ပေတရု ၂:၁၂။