စာရှုသူများထံမှမေးခွန်းလွှာ
သားကြောဖြတ်ထားပြီးနောက် ကလေးပြန်ရနိုင်ရန်တောင်းဆိုလျှင် ပြုပြင်ပေးနိုင်သည်ဟုဆိုသည့်အတွက် ယင်းကို သန္ဓေတားနည်းတစ်ခုအဖြစ် ခရစ်ယာန်တစ်ဦး ရှုမြင်သင့်သလော။
သားကြောဖြတ်ခြင်းကို သားဆက်ခြားစီမံကိန်းအဖြစ် နေရာအနှံ့တွင် အများဆုံးအသုံးပြုလာခဲ့ကြပြီ။ လူများစွာသည် လူမှုရေးနှင့်ပညာရေးနောက်ခံအပြင် ဘာသာရေးရှုမြင်ချက်များကိုထောက်ထား၍ ယင်းကိုလက်ခံနိုင်မနိုင် ဆုံးဖြတ်ကြပုံပေါက်သည်။ ဆာလံဆရာနည်းတူ “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ . . . ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ” ဟုဆန္ဒရှိကြသော ယေဟောဝါသက်သေများအတွက် ဘာသာရေးယုံကြည်ချက်ရှုထောင့်သည် အရေးပါသည်။ (ဆာလံ ၂၇:၁၁) သားကြောဖြတ်ခြင်းတွင် မည်သည့်အရာများပါဝင်သနည်း။
သန္ဓေတားရန်အတွက် ယောက်ျားသားကြောဖြတ်ခြင်းကို သုက်ပြွန်ဖြတ်ခြင်းဟုခေါ်သည်။ ဝှေးစေ့အိတ်ထဲရှိ သုက်ကြိုးငယ်နှစ်ခု သို့မဟုတ် သုက်ပြွန်ငယ်နှစ်ခုကို ဖြတ်ပစ်ပြီး ချည်ထားခြင်းဖြစ်၏။ ယင်းကို ဆေးဘက်ဆိုင်ရာနည်းအမျိုးမျိုးဖြင့် ပြုလုပ်နိုင်သည်၊ ရည်ရွယ်ချက်မှာ ဝှေးစေ့အိတ်မှသုက်ကောင်ကို မထုတ်လွှတ်ပေးနိုင်ရန်ဖြစ်သည်။ မိန်းမသားကြောဖြတ်ခြင်းမှာ သားအိမ်ပြွန်ကိုချည်နှောင်ခြင်းဖြစ်သည်။ ယင်းကို ဥအိမ်မှ သားအိမ်သို့ မျိုးဥများသယ်ဆောင်ပေးသော သားအိမ်ပြွန်များကို ဖြတ်ပစ်ကာ ချည်နှောင်ခြင်း (သို့မဟုတ် အပူပေးခြင်း) အားဖြင့် ပြုလုပ်လေ့ရှိသည်။
အဆိုပါလုပ်ထုံးလုပ်နည်းများသည် တစ်သက်လုံး—ပြန်ပြုပြင်၍မရသောသားကြောဖြတ်ပစ်ခြင်း—အတွက်ဖြစ်သည်ဟု ယူမှတ်ထားသည်မှာ ကြာမြင့်ပြီဖြစ်သည်။ သို့သော် လူအချို့သည် သူတို့၏လုပ်ရပ်ကိုနောင်တရသောကြောင့် သို့မဟုတ် အခြေအနေသစ်များကြောင့် သုက်ပြွန်ဖြတ်ခြင်း သို့မဟုတ် သားအိမ်ပြွန်ချည်နှောင်ခြင်းတို့ကို ပြန်ပြုပြင်ပေးရန် ဆေးဘက်ဆိုင်ရာအကူအညီကို တောင်းခံခဲ့ကြသည်။ အထူးလေ့လာတီထွင်ထားသော ကိရိယာများနှင့် အနုစိတ်ခွဲစိတ်ကုသမှုတို့ဖြင့် ပြန်ပြုပြင်ပေးဖို့ကြိုးစားခဲ့ကြရာတွင် ပိုမိုအောင်မြင်ခဲ့ကြပြီ။ လက်ရွေးစင်လူနာများ၏ ဖြတ်ထားသောပြွန်ငယ်အစများကို ပြန်ဆက်ပေးခြင်းဖြင့် သုက်ပြွန်ဖြတ်ခြင်းကို ပြန်ပြုပြင်ရာ၌ ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိသည်ဟု ဖတ်ရှုခဲ့ရခြင်းမှာ မထူးဆန်းချေ။ မိန်းမသားအိမ်ပြွန်ချည်နှောင်ခြင်းကို ပြန်ပြုပြင်ကြရာတွင် ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့သည်ဟု ဆိုကြသည်။ ယင်းကိုသိထားကြသူအချို့သည် သားကြောဖြတ်ခြင်းကို တစ်သက်လုံးအတွက်ဟု မရှုမြင်ကြရတော့ကြောင်း သဘောပေါက်ကြ၏။ သုက်ပြွန်ဖြတ်ခြင်းနှင့် သားအိမ်ပြွန်ချည်နှောင်ခြင်းတို့ကို သန္ဓေတည်စေလိုပါက ရပ်ဆိုင်းပစ်နိုင်သော သန္ဓေတားစားဆေးများ၊ ကွန်ဒုံးများ၊ ဒိုင်ယာဖရမ်များနှင့် အလားတူသည်ဟု သူတို့ယူမှတ်ကြပေမည်။ သို့ရာတွင် အလေးအနက်စဉ်းစားရမည့် ရှုထောင့်အချို့ကို လျစ်လျူမရှုသင့်ချေ။
သားကြောဖြတ်စဉ်အတွင်း ပျက်စီးသွားသည့်ပြွန်အရေအတွက်၊ ပြွန်မည်မျှကိုဖြတ်ပစ်ခဲ့သည်၊ သို့မဟုတ် အမာရွတ်ဖြစ်နေသည်၊ သားကြောဖြတ်ချိန်မှစပြီး ကုန်လွန်ခဲ့သောနှစ်များ၊ သုက်ပြွန်ဖြတ်ရာ၌ ယောက်ျား၏သုက်ကောင်ကိုထိခိုက်မည့် ပဋိပစ္စည်းများဖြစ်မဖြစ်အစရှိသော အကြောင်းအရာများက ပြန်လည်ပြုပြင်ပေးနိုင်ရေးကို အကြီးအကျယ်ထိခိုက်နိုင်သည့်အရာများအနက် တစ်ခုဖြစ်သည်။ ဒေသများစွာ၌ အနုစိတ်ခွဲစိတ်ကုသမှုအတွက် လိုအပ်သောပစ္စည်းများ မရရှိနိုင်ခြင်း သို့မဟုတ် စရိတ်စကမတတ်နိုင်ခြင်းတို့ကိုလည်း လျစ်လျူမရှုသင့်ချေ။ သို့နှင့် သားကြောဖြတ်ထားသူများစွာတို့သည် ပြန်ပြုပြင်၍မရနိုင်ဘဲဖြစ်ပေမည်။ ဤသူတို့အတွက် အပြီးအပြတ်ဖြစ်ပေသည်။a ထို့ကြောင့် ပြန်ပြုပြင်ခြင်းနှင့်ပတ်သက်၍ အထက်တွင်ဖော်ပြထားသောနှုန်းများသည် အမှန်အားဖြင့် သဘောတရားမျှသာဖြစ်ပြီး စိတ်ချရသောပျမ်းမျှနှုန်းများမဟုတ်ချေ။
အချက်အချို့မှာ အကြောင်းတရားမှန်များနှင့်ဆက်စပ်လျက်ရှိသည်။ သုက်ပြွန်ဖြတ်ပြီးနောက် မူလအတိုင်းပြန်ဖြစ်စေခြင်းနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုမှ ထုတ်ဝေသောဆောင်းပါးတစ်ပုဒ်အရ ဒေါ်လာ ၁၂,၀၀၀ ကုန်ကျခံကာ ခွဲစိတ်ပြီးနောက် “လူနာ ၆၃ ရာခိုင်နှုန်းသာ သူတို့၏အိမ်ထောင်ဖက်များကို သန္ဓေတည်စေနိုင်ခဲ့သည်” ဟုမှတ်ချက်ချ၏။ ထို့ပြင် “သုက်ပြွန်ဖြတ်ထားသူ ခြောက်ရာခိုင်နှုန်းသာ နောက်ဆုံး၌ မူလအတိုင်းပြန်ဖြစ်စေရန် ကြိုးစားကြသည်။” ဥရောပအလယ်ပိုင်းတွင် ဂျာမန်လေ့လာမှုတစ်ခုပြုခဲ့ရာ သားကြောဖြတ်လိုခဲ့သူ အမျိုးသား ၃ ရာခိုင်နှုန်းခန့် နောက်ပိုင်းတွင် ပြန်ပြုပြင်ရန် ကြိုးစားခဲ့ကြောင်းသိရှိရ၏။ ထိုသို့ကြိုးပမ်းသူထက်ဝက်သည် အောင်မြင်ခဲ့လျှင်ပင် သုတ်ပြွန်ဖြတ်ထားသူ ၉၈.၅ ရာခိုင်နှုန်းအတွက် တစ်သက်တာသားကြောဖြတ်ခြင်းဖြစ်သွားပေမည်။ ထိုနှုန်းသည် အနုစိတ်ခွဲစိတ်ကုဆရာဝန်အနည်းငယ်သာ သို့မဟုတ် လုံးဝမရှိသောတိုင်းပြည်များ၌ ပိုမြင့်ပေလိမ့်မည်။
ထို့ကြောင့် ယောက်ျား သို့မဟုတ် မိန်းမသားကြောဖြတ်ခြင်းကို ယာယီသန္ဓေတားခြင်းဟု ပေါ့ပေါ့ဆဆမရှုမြင်သင့်ပါ။ ထို့ပြင် စိတ်ရင်းမှန်သောခရစ်ယာန်တစ်ဦး ထည့်စဉ်းစားသုံးသပ်ရန် အခြားရှုထောင့်များရှိသေးသည်။
အဓိကအချက်တစ်ချက်မှာ မွေးဖွားနိုင်စွမ်းသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံမှရသော ဆုကျေးဇူးတစ်ခုဖြစ်သည်။ ကိုယ်တော်၏မူလရည်ရွယ်ချက်တွင် “မြေကြီးကိုပြည့်စေ၍နိုင်ကြ” ရမည့်ကလေးများကို စုံလင်သောလူသားများ မွေးဖွားရခြင်းပါဝင်သည်။ (ကမ္ဘာဦး ၁:၂၈) ရေလွှမ်းမိုးပြီးနောက် ကမ္ဘာပေါ်ကျန်ရှိသည့်လူရှစ်ဦးအား အဆိုပါအခြေခံအမိန့်များကို ဘုရားသခင်ထပ်၍ပေးခဲ့သည်။ (ကမ္ဘာဦး ၉:၁) ဣသရေလလူမျိုးကိုကား ထိုအမိန့်ကိုထပ်မပေးခဲ့သော်လည်း သားသမီးရရှိခြင်းကို အလွန်နှစ်လိုဖွယ်အရာအဖြစ် ဣသရေလလူတို့ရှုမြင်ခဲ့ကြ၏။—၁ ဓမ္မရာဇဝင် ၁:၁-၁၁; ဆာလံ ၁၂၈:၃။
သားသမီးမွေးဖွားခြင်းကို ဘုရားသခင်လေးမြတ်ကြောင်း ဣသရေလလူမျိုးကိုပေးသည့်ပညတ်တွင် တင်ပြချက်များပါသည်။ ဥပမာ၊ အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် သူ၏မျိုးရိုးဆက်မည့်သားမရှိမီ သေဆုံးသွားပါက သူ၏ညီသည် မရီးကိုသိမ်းယူခြင်းအားဖြင့် မျိုးရိုးကိုဆက်ထိန်းရ၏။ (တရားဟောရာ ၂၅:၅) ပိုအချက်ကျသည်ကား ခိုက်ရန်ပြုကြစဉ်တွင် ခင်ပွန်းဘက်မှ ကူညီပေးရန်ကြိုးစားသူဇနီးနှင့်ပတ်သက်သောပညတ်ဖြစ်သည်။ သူသည် မိမိခင်ပွန်း၏ရန်ဘက်တန်ဆာကို လှမ်းဆွဲလျှင် သူ၏လက်ကိုဖြတ်ရမည်ဖြစ်သည်၊ ထူးခြားသည်မှာ ဤတွင် မျက်စိအတွက်မျက်စိပညတ်အရ သူ သို့မဟုတ် သူ့ခင်ပွန်း၏မျိုးပွားအင်္ဂါကို ဖျက်ဆီးပစ်ရန် ဘုရားသခင်မတောင်းဆိုခဲ့ခြင်းဖြစ်သည်။ (တရားဟောရာ ၂၅:၁၁၊ ၁၂) ၎င်းပညတ်သည် မျိုးပွားအင်္ဂါကို အလေးထားဂရုစိုက်စေကြောင်း ထင်ရှားသည်; ၎င်းတို့ကို မလိုအပ်ဘဲဖျက်ဆီးပစ်ဖို့မဟုတ်ပေ။b
ခရစ်ယာန်များသည် ဣသရေလပညတ်အောက်တွင် မရှိကြသောကြောင့် တရားဟောရာ ၂၅:၁၁၊ ၁၂ မှစည်းမျဉ်းသည် သူတို့နှင့်မသက်ဆိုင်သည်ကို ကျွန်ုပ်တို့သိကြသည်။ တပည့်တော်များသည် အိမ်ထောင်ပြုပြီး သားသမီးများနိုင်သလောက်များများ မွေးဖွားရမည်ဟု အမိန့်ပေးခြင်း သို့မဟုတ် သွယ်ဝိုက်ပြောဆိုခြင်းကို ယေရှုမပြုလုပ်ခဲ့ပါ၊ ဇနီးမောင်နှံများစွာတို့သည် သန္ဓေတားနည်းအချို့အသုံးပြုမည်၊ အသုံးမပြုမည်ကို ဆုံးဖြတ်ချက်ချသောအခါ ယင်းကို ဆင်ခြင်သုံးသပ်ခဲ့ကြသည်။ (မဿဲ ၁၉:၁၀-၁၂) ရမ္မက်ကြီးသည့် ‘အသက်အရွယ်နုပျိုသော မုဆိုးမတို့ကို အိမ်သင့်ရန်၊ သားဖွားရန်’ တမန်တော်ပေါလုအမှန်အားပေးခဲ့သည်။ (၁ တိမောသေ ၅:၁၁-၁၄) ခရစ်ယာန်များ၏သားသမီးမွေးဖွားနိုင်စွမ်းကို စိတ်ပါကိုယ်လျောက်စွန့်လွှတ်ကာ တစ်သက်လုံးသားကြောဖြတ်ထားခြင်းကိစ္စကို သူမပြောဆိုခဲ့ပါ။
ဘုရားသခင်သည် ခရစ်ယာန်များ၏သားဖွားနိုင်စွမ်းကို တန်ဖိုးထားကြောင်းတင်ပြသည့် ဤဖော်ပြချက်များကို ကောင်းစွာစဉ်းစားချင့်ချိန်သင့်သည်။ ဇနီးမောင်နှံကိုယ်စီသည် သင့်လျော်သောသားဆက်ခြားစီမံကိန်းများကို အသုံးပြုမည်၊ မပြုမည်နှင့် အဘယ်အချိန်အခါတွင် ထိုသို့ပြုမည်အကြောင်း ဆုံးဖြတ်ကြရမည်။ နောက်နောင်ကိုယ်ဝန်ရှိလာလျှင် မိခင် သို့မဟုတ် ကလေးသည် သေပင်သေနိုင်သည့်အထိ စိုးရိမ်ဖွယ်အန္တရာယ်များရင်ဆိုင်နိုင်ကြောင်း ဆေးဘက်ဆိုင်ရာ အာမခံချက်များရရှိခဲ့ပါက သူတို့၏ဆုံးဖြတ်ချက်သည် အထူးအရေးကြီးလိမ့်မည်။ ထိုအခြေအနေမျိုးရှိ အချို့သူတို့သည် (အခြားသားသမီးများရှိနေသည့်) မိခင်၏အသက်အန္တရာယ်မတွေ့စေရန်၊ သို့မဟုတ် မွေးလာမည့်ကလေးအား အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ကျန်းမာရေးချို့တဲ့မှုမရှိစေရန် သေချာစေဖို့ အထက်တွင်ဖော်ပြထားသည့်အတိုင်း သားကြောဖြတ်ခြင်းကို အလျင်စလိုမပြုခဲ့ကြချေ။
သို့ရာတွင် ဤကဲ့သို့ဖြစ်လေ့မရှိသည့် ထူးခြားသောအန္တရာယ်ကို မရင်ဆိုင်ရသောခရစ်ယာန်များသည် ‘အသိတရား’ စိတ်ကို အမှန်ပင်အသုံးပြုပြီး သားဖွားစွမ်းရည်ကို ဘုရားသခင်၏တန်ဖိုးထားသည့်ပုံစံအတိုင်း စဉ်းစားတွေးခေါ်ဆောင်ရွက်လိုကြပေမည်။ (၁ တိမောသေ ၃:၂; တိတု ၁:၈; ၂:၂၊ ၅-၈) ထိုသို့ပြုခြင်းသည် ကျမ်းဆိုင်ရာဖော်ပြချက်များအပေါ် ရင့်ကျက်သောသဘောထားရှိကြောင်း ပေါ်လွင်စေလိမ့်မည်။ သို့ရာတွင် ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်တန်ဖိုးထားရာများကို မစဉ်းစားမဆင်ခြင်ပြုမူခဲ့ကြောင်း လူအများသိလာလျှင်ကော။ သမ္မာကျမ်းစာနှင့်အညီ ဆုံးဖြတ်ချက်များချသည့် ပုံသက်သေကောင်းသူအဖြစ် သူ့အပေါ် အခြားသူများက သံသယဝင်လိမ့်မည်မဟုတ်ပေလော။ ဤကဲ့သို့သော ဂုဏ်သိက္ခာထိခိုက်စေသည့်အမည်းစက်သည် အမှုဆောင်တစ်ဦးအနေနှင့် လုပ်ငန်းတော်နှင့်ပတ်သက်သည့် အထူးအခွင့်အရေးများရရန် အရည်အချင်းကို ထိခိုက်နိုင်သည်၊ သို့သော် မသိဘဲပြုမိပါက ထိုသို့ဖြစ်မည်မဟုတ်ပေ။—၁ တိမောသေ ၃:၇။
a “[သုက်ပို့ပြွန်မ] ပြန်ဆက်မိရန် ခွဲစိတ်ကုသမှုဆိုင်ရာ ကြိုးစားအားထုတ်မှုများသည် အနည်းဆုံး ၄၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး တိုးတက်လျက်ရှိသော အနုစိတ်ခွဲစိတ်ကုသနည်းများဖြင့် ပို၍အောင်မြင်မှုရရှိပေလိမ့်မည်ဟု သာဓကအချို့ရှိသည်။ သို့ပင်ငြားလည်း၊ သုက်ပြွန်ဖြတ်ခြင်းအားဖြင့် သားကြောဖြတ်ခြင်းကို တစ်သက်တာအတွက်ဖြစ်သည်ဟု ယူမှတ်သင့်သည်။” (ဗြိတဲန်နစ်ကာ စွယ်စုံကျမ်း) “သားကြောဖြတ်ခြင်းကို တစ်သက်တာအတွက်ဟု ယူမှတ်သင့်သည်။ လူနာသည် ပြန်ပြုပြင်ခြင်းအကြောင်း မည်သို့ပင်ကြားသိထားပါစေ၊ သုက်ပို့ပြွန်ကိုပြန်ဆက်ရန် ခွဲစိတ်မှုစရိတ်များလွန်းပြီး အောင်မြင်မည်ဟု အာမမခံနိုင်ချေ။ သားကြောဖြတ်ပြီးနောက် ပြန်ပြုပြင်ခံရသောအမျိုးသမီးများသည် သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအန္တရာယ်ပိုများသည်။”—ခေတ်ပြိုင် အိုဘီ/ဂျီအိုင်အဲန်၊ ဇွန် ၁၉၉၈။
b မျိုးအင်္ဂါဇာတ်အကြီးအကျယ်ပျက်စီးနေသော မည်သည့်ယောက်ျားမဆိုသည် ဘုရားသခင်၏ပရိသတ်တော်၌ မပါဝင်နိုင်ဟူသော အခြားပညတ်တစ်ခုလည်းဆက်စပ်ပုံပေါက်သည်။ (တရားဟောရာ ၂၃:၁) သို့ရာတွင် ယင်းသည် “လိင်တူဆက်ဆံရန်ကဲ့သို့ လော်လည်ဖောက်ပြားရန်အတွက် တမင်ရည်ရွယ်ကာ သင်းကွပ်ခြင်းနှင့်ပတ်သက်သည်” မှာထင်ရှားကြောင်း ကျမ်းစာကိုထိုးထွင်းသိမြင်ခြင်းကသတိပြုစေသည်။ ထို့ကြောင့် ၎င်းပညတ်သည် သင်းကွပ်ခြင်း သို့မဟုတ် သန္ဓေတားခြင်းတစ်မျိုးမျိုးနှင့်မပတ်သက်ပါ။ ထို့ပြင် ထိုးထွင်းသိမြင်ခြင်းစာအုပ်က ဤသို့ဆက်၍ဆိုသည်– “သင်းကွပ်ထားသူများကို ကိုယ်တော့်ကျေးကျွန်များအဖြစ် လက်ခံမည့်အချိန်နှင့် သူတို့နာခံမှုရှိပါက သားသမီးများထက် မြတ်သောနာမရရှိကြမည်ကို ယေဟောဝါကြိုဟောထားခြင်းသည် နှစ်သိမ့်စရာဖြစ်သည်။ ပညတ်တရားကို ယေရှုခရစ်ပယ်ဖျက်ပြီးနောက် ယခင်ကအဆင့်အတန်း သို့မဟုတ် အခြေအနေ မည်သို့ပင်ဖြစ်ပါစေ ယုံကြည်ခြင်းတင်ပြသူအပေါင်းသည် ဘုရားသခင်၏ဝိညာဉ်ရေးသားများ ဖြစ်လာနိုင်ကြ၏။ သွေးသားခွဲခြားမှုများ ဖယ်ရှားခဲ့ပြီဖြစ်သည်။—ရှာ ၅၆:၄၊ ၅; ယဟ ၁:၁၂။”