“စွဲမက်ဖွယ်ဇနီးတစ်ယောက်ရဲ့ပျော်ရွှင်တဲ့လင်ယောက်ျား”
ရံဖန်ရံခါဆိုသလို လူအချို့က ယေဟောဝါသက်သေများသည် အိမ်ထောင်ရေးကိုပြိုကွဲစေသူများဖြစ်သည်ဟု အတိအလင်းစွပ်စွဲကြသည်။ သို့ရာတွင် အိမ်ထောင်ဖက်တစ်ဦးတည်းသာ ယေဟောဝါသက်သေဖြစ်သော အောင်မြင်သည့်အိမ်ထောင်များစွာက ယင်းသည် လုံးဝမှားကြောင်းဖော်ပြသည်။ ပြင်သစ်သတင်းစာတစ်စောင်တွင်ပါသည့် အောက်ပါစာ၌ဖော်ပြထားသကဲ့သို့ မိသားစုဘဝတွင် ကျမ်းစာအကြံပေးချက်ကိုလိုက်နာခြင်းသည် သာယာသောအိမ်ထောင်ရေးကိုဖြစ်စေသည်။
“ကျွန်တော်ဟာ စွဲမက်ဖွယ်ဇနီးတစ်ယောက်ရဲ့ ပျော်ရွှင်တဲ့လင်ယောက်ျားဖြစ်ခဲ့တာ အခုဆိုရင် ၂၈ နှစ်နီးပါးရှိခဲ့ပြီ။ သူဟာ နှစ်ယောက်က သူ့ကလေးအရင်းမဟုတ်တဲ့ ကျွန်တော့်သားသမီးငါးယောက်ကို တန်းတူမေတ္တာထားပြီး ဂရုစိုက်ကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ ခုချိန်မှာ အလုပ်သမား ၄၅ ယောက်ရှိတဲ့ ကုမ္ပဏီညွှန်ကြားရေးမှူးတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်အနေနဲ့ အတပ်ပြောနိုင်တာက သူဟာ ကျွန်တော့်ရဲ့စီးပွားရေးအောင်မြင်မှုတွေမှာလည်း အများကြီးထောက်ကူပေးခဲ့တယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်ယူဖတ်နေကျသတင်းစာမှာ ယေဟောဝါသက်သေတွေကို လော့တေဂါရောန်ဒေသမှာ အန္တရာယ်ပေးသူတွေအဖြစ် ရေးသားတင်ပြထားတာကိုတွေ့လိုက်ရလို့ ခိုင်လုံတဲ့သက်သေအထောက်အထားဖော်ပြဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ရတာပါ။”
ထိုစာက ဤသို့လည်းဆိုသည်– “သူတို့ဆေးလိပ်မသောက်ကြ၊ အရက်မမူးကြပါဘူး။ အဲဒါကအန္တရာယ်လား။ သူတို့ဟာ သူတို့လိုက်လျှောက်တဲ့စည်းမျဉ်းတွေကို ဘယ်သူ့အပေါ်မှ အတင်းအကျပ်မလုပ်ကြတဲ့ လိုက်လျောတတ်တဲ့ခရစ်ယာန်တွေပါ။ ပိုပြီးတိတိကျကျပြောရရင် သူတို့ဟာ ကဏ္ဍအတော်များများမှာ ပုံသက်သေကောင်းကြတယ်။ . . . ငွေကြေးအရှုပ်အရှင်းတွေ ဒါမှမဟုတ် မူးယစ်ဆေးရောင်းဝယ်ခြင်းတွေမှာ သူတို့မပတ်သက်ကြဘူး။ သူတို့ဟာ သူတော်စင်ကတိသစ္စာတွင်မခံယူကြဘဲ သာမန်အသက်တာအတိုင်းပဲ နေထိုင်ကြတယ်ဆိုတာ ကျွန်တော်အာမခံနိုင်တယ်။ . . . ။
“ဒါဆိုရင် ခင်ဗျားကိုယ်တိုင် ယေဟောဝါသက်သေတစ်ယောက် ဘာကြောင့်မဖြစ်တာလဲလို့ ခင်ဗျားတို့မေးကောင်းမေးကြမယ်။ လူအများစုကြားမှာ လွယ်လွယ်နဲ့မတွေ့ရတဲ့ ခရစ်ယာန်ယုံကြည်ခြင်းနဲ့ ကျပ်တည်းတဲ့ကျင့်ဝတ်တွေ ရှိဖို့လိုတဲ့အတွက်ကြောင့်ပါပဲ။”