“ဘုရားသခင့်နိုင်ငံတော်မှာ ပြန်တွေ့ ကြမယ်”
“ချစ်သူငယ်ချင်း! ရူးပတ်၊ ဒီနေ့ ငါ့ကိုသေဒဏ်ပေးဖို့ စီရင်ချက်ချခံခဲ့ရတယ်။
ငါ့အတွက် ဝမ်းနည်းပူဆွေးမနေပါနဲ့။ မင်းနဲ့ အိမ်သားအားလုံးကို မေတ္တာပို့သလိုက်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်မှာ ပြန်တွေ့ ကြမယ်။”
၁၉၄၂ ခုနှစ်၊ ဇွန် ၈ ရက်တွင် နာဇီစစ်သားများ သူ့ကိုမပစ်သတ်မီ မိနစ်ပိုင်းတွင် ထိုစကားများကို ဖရန့်စ် ဒရော့ဇ်ရေးခဲ့သည်။ အဘယ်ကြောင့် သူကွပ်မျက်ခံခဲ့ရသနည်း။
ဆလိုဗေးနီးယား၊ မာရီဘောမြို့ရှိ အမျိုးသားလွတ်မြောက်ရေးပြတိုက်မှ မှတ်တမ်းများအရ ၃၈ နှစ်အရွယ် ထိုပန်းပဲဆရာသည် ဂျာမန်သိမ်းပိုက်ထားသော ဆလိုဗေးနီးယားရှိ ဂျာမန်အရန်လက်နက်ကိုင်တပ်ခွဲဖြစ်သည့် ဗာရ်မန်းရှာ့ဖ် ထဲဝင်ရန် ငြင်းဆိုခဲ့သည်။ သူသည် ထိုဒေသ၌ ဘီဘဲလ်ဖောရှယ် သို့မဟုတ် ကျမ်းစာကျောင်းသားဟု လူသိများသော ယေဟောဝါသက်သေတစ်ယောက်ဖြစ်သည်။ ဟေရှာယ ၂:၄ နှင့်အညီကျင့်ဆောင်ခြင်းဖြင့် နာဇီစစ်ရေးကြိုးပမ်းမှုများကို မထောက်ခံဘဲ မိမိသည် ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံတစ်ဦးဖြစ်ကြောင်းကြေညာခဲ့သည်။—မဿဲ ၆:၃၃။
သူ၏ဇာတိမြို့ဖြစ်သော ပတူးတွင် ဖရန့်စ်အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲရှိရှိကြေညာသူတစ်ဦးအဖြစ် လူသိများသည်။ (မဿဲ ၂၄:၁၄) အခက်အခဲများစွာကြားမှပင် ၁၉၄၂ ခုနှစ် မေလ၌ သူအဖမ်းမခံရမီအထိ သတင်းကောင်းကို မပြတ်မစဲ ဟောပြောခဲ့သည်။
ဆလိုဗေးနီးယန်း ယေဟောဝါသက်သေအများအပြားသည် နာဇီတို့၏ အပြင်းအထန်နှိပ်စက်ညှဉ်းပန်းမှုကိုခံခဲ့ရသည်။ ဖရန့်စ်သည် သူ၏ဘာသာရေးယုံကြည်ချက်ကြောင့် ကွပ်မျက်ခံခဲ့ရသူတို့တွင် ပထမဆုံးသောသူဖြစ်သည်။ ပထမရာစုခရစ်ယာန်များနည်းတူ ဤစကားများမှ သူခွန်အားရရှိခဲ့သည်– “ငါတို့သည် များပြားသောဆင်းရဲ . . . ကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရကြမည်။” (တမန်တော် ၁၄:၂၂) ထိုကောင်းကင်အစိုးရ အမှန်တကယ်တည်ရှိသည်ကို သူယုံကြည်ကြောင်း “ဘုရားသခင့်နိုင်ငံတော်မှာ ပြန်တွေ့ကြမယ်” ဟူသော သူ၏နောက်ဆုံးစကားတွင် ပေါ်လွင်ခဲ့လေသည်။
[Picture Credit Lines on page 32]
Franc Drozg: Photo Archive-Museum of National Liberation Maribor, Slovenia; letter: Original kept in Museum of National Liberation Maribor, Slovenia