ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၃/၁ စာ. ၃၀
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သင်တို့အဘသည် သနားကြင်နာတတ်၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ၏”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ယေဟောဝါအားတုပ—တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကိုကျင့်သုံးကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “ကရုဏာ ကြီးမားလှတဲ့ ဘုရားသခင်” ကို ကျွန်တော်တို့ ဝတ်ပြုကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၃/၁ စာ. ၃၀

စာရှုသူများထံမှမေးခွန်းလွှာ

ယေဟောဝါ၏ကရုဏာတော်သည် ကိုယ်တော်၏တရားစီရင်ခြင်းကို လျှော့ပေါ့စေ၏ဟု ဆိုခြင်းသည် မှန်ကန်ပါသလော။

အဆိုပါအသုံးအနှုန်းကို အသုံးပြုခဲ့ကြသော်လည်း ယင်းအသုံးအနှုန်းကို ရှောင်ခြင်းသည် အကောင်းဆုံးဖြစ်၏၊ အကြောင်းမှာ ယေဟောဝါ၏ကရုဏာတော်သည် ပိုမိုတင်းကျပ်သောတရားစီရင်ခြင်းထက် သာလွန်သည့်အလား ကိုယ်တော်၏ကရုဏာတော်သည် ကိုယ်တော်၏တရားစီရင်ခြင်းကို လျှော့ပေါ့စေသည် သို့မဟုတ် ဟန့်တားသည်ဟု ဆိုလိုနေပုံရသောကြောင့်ဖြစ်၏။ ၎င်းသည် မမှန်ကန်ချေ။

ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် “တရားမျှတခြင်း” ဟုဘာသာပြန်ဆိုထားသော ဟေဗြဲစကားလုံးကို “တရားစီရင်ခြင်း” ဟူ၍လည်း အဓိပ္ပာယ်ကောက်နိုင်သည်။ တရားမျှတခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလွန်နီးစပ်မှုရှိ၏။ သို့သော် တရားမျှတခြင်း၌ တရားဥပဒေနှင့်ပတ်သက်မှုများ အစဉ်ပါဝင်သည်။ ဖြောင့်မတ်ခြင်းတွင်မူ ၎င်းတို့ပါဝင်လေ့မရှိချေ။ ယေဟောဝါ၏တရားမျှတမှုဟုဆိုရာတွင် အပြစ်ပေးထိုက်သူများကို အပြစ်ပေးခြင်းအပြင် ကယ်တင်ခံထိုက်သူများကို ကယ်တင်ခြင်းဟူ၍လည်း ဆိုလိုနိုင်သည်။ (ကမ္ဘာဦး ၁၈:၂၀-၃၂; ဟေရှာယ ၅၆:၁; မာလခိ ၄:၂) သို့ဖြစ်၍ ယေဟောဝါ၏တရားမျှတခြင်းကို တင်းကျပ်သည် သို့မဟုတ် လျှော့ပေါ့စေရန်လိုသည်ဟု မရှုမြင်အပ်ချေ။

“ကရုဏာ” အတွက် ဟေဗြဲစကားလုံးက တရားစီရင်ရာတွင် ထိန်းချုပ်ခြင်းကို ရည်ညွှန်းနိုင်သည်။ ထို့ပြင် အခွင့်မသာသူအား သက်သာမှုပေးခြင်း၊ ထောက်ထားစာနာမှုပြခြင်းကိုလည်း ရည်ညွှန်းနိုင်၏။—တရားဟောရာ ၁၀:၁၈; လုကာ ၁၀:၂၉-၃၇။

ယေဟောဝါသည် တရားမျှတပြီး ကရုဏာတော်ရှိသည့် ဘုရားသခင်ဖြစ်တော်မူ၏။ (ထွက်မြောက်ရာ ၃၄:၆၊ ၇; တရားဟောရာ ၃၂:၄; ဆာလံ ၁၄၅:၉) ကိုယ်တော်၏တရားမျှတခြင်းနှင့် ကရုဏာတော် နှစ်ခုစလုံးသည် ပြည့်ဝစုံလင်၍ တွဲဖက်ညီစွာလုပ်ဆောင်ကြသည်။ (ဆာလံ ၁၁၆:၅; ဟောရှေ ၂:၁၉) ထိုအရည်အသွေးနှစ်ခုစလုံးသည် လုံးလုံးလျားလျားဟန်ချက်ညီ၍ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဖြည့်စွက်ပေးကြ၏။ ထို့ကြောင့် ယေဟောဝါ၏ကရုဏာတော်သည် ကိုယ်တော်၏တရားမျှတခြင်းကို လျှော့ပေါ့စေသည်ဟု ကျွန်ုပ်တို့ဆိုလျှင် ကိုယ်တော်၏တရားမျှတခြင်းက ကိုယ်တော်၏ကရုဏာတော်ကို လျော့သွားစေသည်ဟုလည်း ဆိုရပေမည်။

ဟေရှာယက ဤသို့ပရောဖက်ပြုသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားသည် တရားသောဘုရားသခင်ဖြစ်တော်မူ၏။” (ဟေရှာယ ၃၀:၁၈) ဤတွင် ဟေရှာယက ယေဟောဝါ၏ကရုဏာတော်သည် ကိုယ်တော်၏တရားမျှတခြင်းကို လျှော့ပေါ့စေသည် သို့မဟုတ် ထိန်းချုပ်သည်ဟု ဆိုမည့်အစား ကိုယ်တော်၏တရားမျှတခြင်းက ကရုဏာရှိစေရန် လှုံ့ဆော်ပေးသည်ဟု ဖော်ပြသည်။ ယေဟောဝါသည် တရားမျှတပြီး ချစ်ခြင်းမေတ္တာရှိတော်မူသောကြောင့် ကရုဏာပြ၏။

ကျမ်းရေးသူယာကုပ်က ဤသို့ရေးသားခဲ့သည်– “ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။” (ယာကုပ် ၂:၁၃ခ) သို့သော် ယာကုပ်၏ ရှေ့နောက်စကားများက ယေဟောဝါအကြောင်း ပြောနေခြင်းမဟုတ်ဘဲ ရောဂါဝေဒနာသည်များနှင့် ဆင်းရဲနွမ်းပါးသူများကို ကရုဏာပြကြသော ခရစ်ယာန်များအကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ (ယာကုပ် ၁:၂၇; ၂:၁-၉) ထိုသို့ကရုဏာပြကြသူများကို တရားစီရင်သောအခါ ယေဟောဝါသည် သူတို့၏ကရုဏာကိုထောက်၍ သားတော်၏ယဇ်သကာအပေါ် အခြေပြုကာ ကရုဏာတော်ဖြင့် ခွင့်လွှတ်တော်မူ၏။ သို့ဖြင့် သူတို့၏ကရုဏာအပြုအမူက သူတို့ခံရဖွယ်ရှိသော အခြေမဟန်သည့်တရားစီရင်ခြင်းအပေါ် အောင်ပွဲခံလိုက်သည်။—သု. ၁၄:၂၁: မဿဲ ၅:၇; ၆:၁၂; ၇:၂။

ထို့ကြောင့် ယေဟောဝါ၏တရားမျှတခြင်းကို ကရုဏာဖြင့် ပျော့ပျောင်းစေသင့်သည့်သဘောမျိုးဖြင့် ကိုယ်တော်၏တရားမျှတခြင်းကို ကရုဏာဖြင့် လျှော့ပေါ့စေသည်ဟု ဆိုခြင်းသည် မမှန်ကန်ပေ။ ယေဟောဝါတွင် အဆိုပါအရည်အသွေးနှစ်ခုစလုံးသည် လုံးလုံးလျားလျားဟန်ချက်ညီ၏။ ယင်းတို့သည် မေတ္တာနှင့် ဉာဏ်ပညာအစရှိသော ယေဟောဝါ၏တခြားအရည်အသွေးများကို အပြန်အလှန်ဟန်ချက်ညီစေသကဲ့သို့ ယင်းတို့လည်း တစ်ခုနှင့်တစ်ခု အပြန်အလှန်ဟန်ချက်ညီကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ