သင့် ဆုတောင်းချက်များ ထူးခြားစေနိုင်သလော
လူမထိန်းချုပ်နိုင်သော အရေးပေါ်အခြေအနေမျိုး မကြုံဖူးသူ မည်သူရှိသနည်း။ ဆုတောင်းခြင်းသည် ထိုသို့သောအကျပ်အတည်းများကို ပြုပြင်ပြောင်းလဲနိုင်ကြောင်း တမန်တော်ပေါလု သိရှိခဲ့သည်ဟု သမ္မာကျမ်းစာဖော်ပြသည်။
ပေါလုသည် ရောမမြို့တွင် မတရားသဖြင့် အကျဉ်းချခံရသောအခါ သူ့အတွက်ဆုတောင်းပေးဖို့ ယုံကြည်သူချင်းများကို တောင်းဆိုခဲ့ပြီးနောက် ဤသို့ထပ်လောင်းပြောကြားသည်– “ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှာ၊ ငါတို့အဖို့ဆုတောင်းမည်အကြောင်း ငါသည် သာ၍နှိုးဆော်တောင်းပန်၏။” (ဟေဗြဲ ၁၃:၁၈၊ ၁၉) အခြားတစ်ကြိမ်တွင် ပေါလုသည် အကျဉ်းထောင်မှလွတ်မြောက်ဖို့ သူ၏ဆုတောင်းချက်များကို ဘုရားသခင်ဖြေကြားပေးမည်ဟု စိတ်ချကြောင်းဖော်ပြခဲ့သည်။ (ဖိလေမုန် ၂၂) မကြာမီ ပေါလုသည် အကျဉ်းထောင်မှလွတ်မြောက်လာပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ပြန်လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ဆုတောင်းခြင်းသည် သင်၏ပြဿနာများကို အမှန်တကယ် ထူးခြားစေနိုင်သလော။ ထူးခြားစေနိုင်ပေမည်။ သို့သော် ဆုတောင်းခြင်းသည် ဝတ်ပြုရေးလုပ်ထုံးလုပ်နည်း တစ်ခုမျှမဟုတ်ကြောင်း သတိရပါ။ ယင်းသည် မေတ္တာရှင်၊ တန်ခိုးကြီးမားသော ကောင်းကင်ခမည်းတော်နှင့် အမှန်တကယ်ဆက်သွယ်နေခြင်းဖြစ်သည်။ ထို့ကြောင့် မတွန့်မဆုတ် သတ်သတ်မှတ်မှတ် ဆုတောင်းသင့်သည်၊ သို့သော် ဆုတောင်းပြီးနောက် ယေဟောဝါမည်သို့တုံ့ပြန်မည်ကို စိတ်ရှည်စွာ စောင့်ကြည့်ပါ။
ဘုရားသခင်သည် ဆုတောင်းချက်တိုင်းကို တိုက်ရိုက်ဖြေကြားပေးမည်မဟုတ်သကဲ့သို့ ကျွန်ုပ်တို့မျှော်လင့်သည့်ပုံစံ၊ မျှော်လင့်သည့်အချိန်၌ အမြဲဖြေဆိုပေးမည်မဟုတ်ပါ။ သာဓကအနေနှင့် ပေါလုသည် သူ့ “ကိုယ်၌စူးသောဆူး” နှင့်ပတ်သက်၍ အထပ်ထပ်ဆုတောင်းခဲ့သည်။ ပေါလု၏ပြဿနာသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင် မဖယ်ရှားပေးခဲ့ချေ၊ သို့သော် “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟု ပေါလုကို ကိုယ်တော် အားပေးနှစ်သိမ့်ခဲ့သည်။—၂ ကောရိန္သု ၁၂:၇-၉။
ဘုရားသခင်သည် ပြဿနာတစ်ခုကို မဖယ်ရှားပေးသည့်တိုင် “[ကျွန်ုပ်] တို့သည် ခံနိုင်မည်အကြောင်း . . . ထွက်မြောက်သောလမ်းကို . . . စီရင်ပြုပြင်” ပေးနိုင်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ (၁ ကောရိန္သု ၁၀:၁၃) ဘုရားသခင်သည် လူ့ဆင်းရဲဝေဒနာဟူသမျှကို မကြာမီ ဖယ်ရှားပစ်တော့မည်။ ဤအချိန်အတောအတွင်း ‘ဆုတောင်းခြင်းကို နားညောင်းတော်မူသောအရှင်’ အား မှီခိုအားထားခြင်းက ထူးခြားစေနိုင်ပါသည်။—ဆာလံ ၆၅:၂။