သမ္မာကျမ်းစာကို မြတ်နိုးသည့် နှိမ့်ချသော အာဖရိကသား
အာဖရိကသို့ အလည်သွားသောသူများသည် ဒေသခံများနှင့် ကျမ်းစာအကြောင်းပြောဆိုဖို့ အလွန်လွယ်ကူကြောင်းတွေ့ ရှိရ၍ တအံ့တသြဖြစ်ကြ၏။ “ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း” သို့မဟုတ် “အစာခေါင်းပါးမှု၊ ရောဂါ၊ စစ်နှင့် ရာဇဝတ်မှု အစရှိသော ပြဿနာများကို အမြဲဖြေရှင်းပေးနိုင်မည့်နည်း ရှိပါသလော” စသည့်မေးခွန်းများကိုမေးလိုက်လျှင် နားထောင်လိုသူများကို အလွယ်တကူတွေ့ ရှိရသည်။ လူအများက သူစိမ်းတစ်ဦးအား ဝမ်းပန်းတသာနှင့် သမ္မာကျမ်းစာမှ အဖြေများပြခွင့်ပြုကြသည်။ သို့ဖြင့် သမ္မာကျမ်းစာကို မှန်မှန်စတင်လေ့လာကြလေသည်။ ကျမ်းစာလေ့လာသူများသည် ဝိညာဉ်ရေးတွင် တိုးတက်လာကြသောအခါ နှစ်ခြင်းခံပြီးသော ခရစ်ယာန်များ ဖြစ်လာကြ၏။
ထိုနည်းအတိုင်း တုံ့ပြန်ခဲ့သည့် ပထမဦးဆုံး အာဖရိကသား တစ်ဦးအကြောင်းကို သမ္မာကျမ်းစာတွင် တမန်တော်ဝတ္ထု ၈: ၂၆- ၄၀ ၌ ဖော်ပြထားသည်။ သူသည် စစ်မှန်သောဘုရားသခင်၊ ယေဟောဝါအား ဝတ်ပြုရန် ယေရုရှလင်မြို့သို့ ခရီးထွက်ခဲ့သည့် အီသီယိုးပီးယားပြည်သားတစ်ဦးဖြစ်သည်။
အောက်ပါ ရုပ်ပုံတွင် ဖော်ပြထားသည့်အတိုင်း အဆိုပါ အီသီယိုးပီးယားပြည်သားသည် အိမ်သို့ပြန်သွားစဉ် သူ၏မြင်းရထားပေါ်တွင် ကျမ်းလိပ်တစ်လိပ်ကို ဖွင့်ဖတ်နေသည်။ သူစိမ်းတစ်ဦး သူ့အနားရောက်လာပြီး “ဖတ်သောအရာကို နားလည်ပါ၏လော” ဟုမေး၏။ ထိုအခါ အီသီယိုးပီးယားပြည်သားက မိမိ အကူအညီလိုသည်ကို နှိမ့်ချစွာ အသိအမှတ်ပြုကာ သူစိမ်းဖြစ်သော ခရစ်ယာန်ဧဝံဂေလိဟောပြောသူ ဖိလိပ္ပုကို မြင်းရထားပေါ် ခေါ်တင်လိုက်သည်။ ထို့နောက် သူဖတ်ပြီးရုံရှိ ကျမ်းပိုဒ်၏ အဓိပ္ပာယ်ကို ရှင်းပြပေးရန် ဖိလိပ္ပုအား တောင်းဆိုလေသည်။ ထိုအခါ ဖိလိပ္ပုက ယင်းကျမ်းပိုဒ်သည် မကြာမီက သေဆုံးသွားသော မေရှိယ ယေရှုခရစ်နှင့် သက်ဆိုင်သည့် ကျမ်းစာပရောဖက်ပြုချက်ဖြစ်ကြောင်း ရှင်းပြ၏။ ထို့အပြင် ဖိလိပ္ပုသည် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအပါအဝင် “ယေရှုအကြောင်းတည်းဟူသော သတင်းကောင်း” နှင့်စပ်လျဉ်းသည့် အခြားအကြောင်းအရာများစွာကိုလည်း ပြောပြလေသည်။
အလွန်အားရှိစရာကောင်းသော ဤအမှန်တရားများကို ကြားလိုက်ရသောအခါ အီသီယိုးပီးယားပြည်သားသည် ယေရှု၏တပည့်နောက်လိုက်တစ်ဦးဖြစ်လိုပြီး ‘အကျွန်ုပ်ကို နှစ်ခြင်းမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း’ ဟုမေးမြန်းလေ၏။ နှစ်ခြင်းခံပြီးသောအခါ နှိမ့်ချမှုရှိသော ဤအာဖရိကသားသည် ဝမ်းမြောက်စွာ အိမ်သို့ဆက်ပြန်သွားလေသည်၊ ထို့နောက် သူ့အကြောင်း သမ္မာကျမ်းစာက ထပ်မပြောတော့ပေ။
ယနေ့ ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းမှ လူသန်းပေါင်းများစွာတို့ကို ထပ်တူ“သတင်းကောင်း”အကြောင်း သိရှိစေရန် ကူညီပေးနေကြပါသည်။ လောလောဆယ်တွင် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ခြောက်သန်းခန့်ကို ကျင်းပလျက်ရှိ၏။