ကျွန်ုပ်တို့အတွက် အသိပညာများလွန်းသလော
အနောက်အာဖရိက ပင်လယ်ကမ်းခြေတစ်ခုတွင် ခရစ်ယာန်သာသနာပြုမောင်နှံတစ်စုံသည် ကောင်းကင်ထက်မှ ငွေလမင်းကို ထိုင်ကြည့်နေကြသည်။ “လနဲ့ပတ်သက်တဲ့အကြောင်းကို လူတွေ ဘယ်လောက်သိထားပြီး သိစရာ ဘယ်လောက်တောင်ကျန်သေးပါလိမ့်” ဟု လင်ယောက်ျားဖြစ်သူကဆို၏။
သူ့ဇနီးက ဤသို့တုံ့ပြန်သည်– “ကမ္ဘာမြေကြီးရွေ့ ရှားနေတာကို ဒီလိုထိုင်ကြည့်နိုင်တယ် ဆိုပါစို့၊ ဒီကမ္ဘာပေါ်မှာ ဘယ်လောက်သိရှိပြီးနေပြီး၊ သိစရာတွေ ဘယ်လောက်များနေသေးပါလိမ့်။ ပြီးတော့ စဉ်းစားကြည့်ပါဦး! ဒီကမ္ဘာကြီးတစ်ခုတည်းသာ နေကိုပတ်နေတာ မဟုတ်ဘူး၊ နေအဖွဲ့အစည်းတစ်ခုလုံးက လည်ပတ်ရွေ့လျားနေတာ။ အဲဒါက စကြဝဠာအတွင်း ကျွန်မတို့အခုရောက်ရှိနေတဲ့ ဒီနေရာအတိအကျကို ဘယ်တော့မှ ပြန်ရောက်နိုင်ဖွယ်မရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ။ တကယ်တော့ ကျွန်မတို့မြင်နေကျ ကောင်းကင်တန်ဆာတွေကို တွေ့နေရလို့သာ အခုကျွန်မတို့ ဘယ်နေရာရောက်နေမှန်း သိကြရတာ။ အကြောင်းတချို့ကို ကျွန်မတို့အတော်လေးသိထားကြပေမဲ့ တကယ်ဆိုရင် ကျွန်မတို့ဘယ်နေရာကိုရောက်နေမှန်း မသိကြတဲ့သဘောပါလား!
အဆိုပါဆင်ခြင်သုံးသပ်ချက်များသည် အခြေခံအမှန်တရားအချို့ကို ထုတ်ဖော်ပြသည်။ သင်ယူလေ့လာစရာ များစွာရှိနေသေးပုံပင်။ ကျွန်ုပ်တို့တစ်ဦးစီသည် နေ့စဉ်ပင် အသစ်အဆန်းများ သိရှိလာကြ၏။ သို့သော် မည်မျှပင်သိရှိနားလည်ထားပါစေ ကျွန်ုပ်တို့သိချင်ရာများလွန်း၍ အလျင်မမီနိုင်သလိုပင်။
မှန်ပါသည်၊ သတင်းအချက်အလက်အသစ်အဆန်းများ ဆည်းပူးနိုင်စွမ်းရှိသည့်အပြင် သိရှိရာများကို သိုမှီးနိုင်စွမ်းသည်လည်း အကြီးအကျယ်တိုးတက်ခဲ့ပြီ။ နည်းပညာအကူအညီဖြင့် သိမ်းဆည်းထားနိုင်ကြသည့် လူသားထု၏ သိရှိထားရာအချက်အလက်များသည် ဧရာမပမာဏဖြစ်လာလေပြီ။ ယခုအခါ ကွန်ပျူတာဓာတ်ပြားများတွင် များစွာ သိုလှောင်နိုင်သဖြင့် ယင်းတို့ကိုဖော်ပြရန် သင်္ချာဝေါဟာရအသစ်များ တီထွင်ခဲ့ကြရသည်။ ရိုးရိုးစီဒီရွမ်တစ်ချပ်သည် သတင်းအချက်အလက်မြောက်မြားစွာ သိုလှောင်နိုင်သည်; ယင်း၏ သိုလှောင်နိုင်စွမ်းမှာ ၆၈၀ မီဂါဘိုက် သို့မဟုတ် ထို့ထက်မက ရှိသည်ဟုဖော်ပြကြသည်။ စံသတ်မှတ်ထားသော ဒီဗီဒီတစ်ချပ်သည် စီဒီရွမ်ခုနစ်ချပ်စာနီးပါး သိုလှောင်နိုင်ပြီး ထို့ထက်မကပင် သိုလှောင်ထားနိုင်ရာများ ထွက်ပေါ်လာနေပါသည်။
မျက်မှောက်ခေတ် သတင်းအချက်အလက် ပေးပို့နည်းများမှာလည်း လူ့ဉာဏ်မမီနိုင်သလောက်ဖြစ်သည်။ ပတ်လည်ပုံနှိပ်စက်များသည် မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် လည်ပတ်နေကြရာ သတင်းစာများ၊ မဂ္ဂဇင်းများနှင့် စာအုပ်ပေါင်းများစွာကို ပုံနှိပ်ပေးနိုင်ကြသည်။ အင်တာနက်အသုံးပြုသူတစ်ဦးသည် ကွန်ပျူတာမောက်စ် တစ်ချက်နှိပ်လိုက်ရုံဖြင့် မကုန်မခန်းနိုင်လောက်အောင် သတင်းအချက်အလက်များစွာ ရရှိနိုင်ကြသည်။ ဤနည်းများအပြင် အခြားနည်းများဖြင့် လူတစ်ဦးဆည်းပူးရယူနိုင်သည်ထက် ပို၍လျင်မြန်သောနှုန်းဖြင့် သတင်းဖြန့်ဝေပျံ့နှံ့လျက်ရှိ၏။ ဤသတင်းအချက်အလက်ပမာဏကို ပင်လယ်သမုဒ္ဒရာနှင့် တစ်ခါတစ်ရံ ခိုင်းနှိုင်းကြရာ ထိုတွင် ကူးခပ်သွားသည့်အလား ရှာဖွေကြည့်ရှုစဉ် ရှိရှိသမျှအချက်အလက်တို့ကို လက်မခံမိဖို့ ကြိုးစားသတိပြုသင့်သည်။ အသိပညာပမာဏ ဤမျှများပြားလွန်းသဖြင့် မဖြစ်မနေ စိစစ်ရွေးချယ်ဖို့လိုသည်။
စိစစ်ရွေးချယ်ဖို့လိုရသော အကြောင်းရင်းနောက်တစ်ခုမှာ ရနိုင်သမျှသတင်းအချက်အလက်အားလုံးမှာ များသောအားဖြင့် အသုံးမဝင်၍ဖြစ်သည်။ အမှန်ဆိုလျှင် ထိုအချက်အလက်အချို့မှာ မလိုလားဖွယ်၊ မသိထိုက်ရာများပင်ဖြစ်သည်။ အသိပညာဟူသည် ကောင်းသည့်၊ ဆိုးသည့်၊ အပြုသဘောဆောင်သည့်၊ မဆောင်သည့် သတင်းအချက်အလက်များကို ဆိုလိုကြောင်း သတိရပါ။ ပို၍ရှုပ်ထွေးစေသည်မှာ ဖြစ်ရပ်မှန်များဟု လူအများယူဆထားရာအချို့သည် တိကျမှန်ကန်သောသတင်းမဟုတ်ခြင်းဖြစ်သည်။ ကြည်ညိုလေးစားရသော အာဏာပိုင်များ၏ ပြောကြားချက်များပင်လျှင် မှားယွင်းကြောင်း နောက်မှသိလာရသည့်အခါများ အကြိမ်ကြိမ်ရှိခဲ့ပြီ! သာဓကအနေနှင့် ရှေးခေတ်ဧဖက်မြို့၏ မြို့စာရေးကိုသတိရပါ၊ ထိုသူကို မြို့သားများက ဗဟုသုတကြွယ်သောအာဏာပိုင်တစ်ဦးအဖြစ် ရှုမြင်ခဲ့ကြ၏။ သူက ‘သင်တို့မြို့သည် ကောင်းကင်မှ . . . ကျသော မဟာနတ်ဘုရားမ အာတေမိ၏အရံစောင့်ဖြစ်ကြောင်း မသိသူရှိသလော’ ဟု ပြောခဲ့သည်။ (တမန်တော် ၁၉:၃၅၊ ၃၆၊ သမ) ထိုအကြောင်းကို လူတိုင်းသိထားပုံရှိရုံမက မည်သူမျှ ငြင်းဆန်၍မရဟု အများဆိုကြမည်ဖြစ်သော်လည်း ကောင်းကင်မှ ထိုရုပ်ကျလာခြင်းသည် မဟုတ်မမှန်ချေ။ ယင်းကြောင့် “မှားယွင်းစွာခေါ်ဆိုသည့် ‘အသိပညာ’” ကို ရှောင်ရန် သမ္မာကျမ်းစာက ခရစ်ယာန်များအား သတိပေးခဲ့ရခြင်းဖြစ်သည်။—၁ တိမောသေ ၆:၂၀၊ သတင်းကောင်း။
စိစစ်ရွေးချယ်ဖို့ အလွန်အရေးကြီးရသော အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့၏တိုတောင်းလွန်းသော သက်တမ်းကြောင့်ဖြစ်သည်။ သင့်အသက် မည်မျှပင်ရှိပါစေ သင်ဆည်းပူးလေ့လာလိုသော အသိပညာမျိုးစုံရှိမည် သေချာ၏၊ သို့သော်လည်း သင်စိတ်ကြိုက်လေ့လာနိုင်လောက်သည့်အထိ အသက်ရှင်နိုင်မည်မဟုတ်ကြောင်း သိထားပေမည်။
အဓိကအကြောင်းဖြစ်သော ဤပြဿနာ ပြောင်းလဲပါဦးမည်လော။ ထာဝစဉ်ပင် အသက်ရှည်စေနိုင်မည့် အသိပညာတစ်မျိုးတစ်မည် ရှိနိုင်ပါသလော။ ထိုသို့သောအသိပညာမျိုး ရှိနှင့်ပြီးသား ဖြစ်နိုင်သလော။ ရှိနှင့်ပြီးဖြစ်လျှင် ယင်းကို လူတိုင်းရနိုင်မည်လော။ ကျွန်ုပ်တို့သိရှိထားသမျှအရာအားလုံး အမှန်တရားဖြစ်မည့်နေ့ ရောက်လာပါမည်လော။ အထက်ဖော်ပြပါ ခရစ်ယာန် သာသနာပြုမောင်နှံစုံသည် သူတို့သိလိုသောမေးခွန်းများ၏ စိတ်ကျေနပ်ဖွယ်အဖြေများ ရရှိခဲ့ကြသည်၊ အသင်လည်း ရရှိနိုင်ပါသည်။ ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ကြည့်ပါ၊ ယင်းက အသိပညာ ထာဝစဉ်ဆည်းပူးနိုင်ခွင့်ကို သင့်အား ကမ်းလှမ်းပေးပါလိမ့်မည်။