ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၂/၁၅ စာ. ၁၇-၁၈
  • မက္ကဆီကိုရှိ တရုတ်လူမျိုးများကို ကူညီပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မက္ကဆီကိုရှိ တရုတ်လူမျိုးများကို ကူညီပေးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၂/၁၅ စာ. ၁၇-၁၈

မက္ကဆီကိုရှိ တရုတ်လူမျိုးများကို ကူညီပေးခြင်း

“ဘာသာအသီးအသီးကို ပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သောလူတို့သည် ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ‘ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်’ ဟုဆိုကြလိမ့်မည်။” (ဇာခရိ ၈:၂၃) ယနေ့ ကမ္ဘာတစ်ဝန်းတွင် ဤနှစ်လို့ဖွယ်ပရောဖက်ပြုချက် ပြည့်စုံနေသည်။ “ဘာသာအသီးအသီးကို ပြောတတ်သော” လူအမျိုးမျိုးတို့သည် ယေဟောဝါဘုရားသခင်အား ဝတ်ပြုရန် ဝိညာဉ်ရေးဣသရေလလူတို့၏ အဝတ်စွန်းကိုကိုင်လျက် လိုက်နေကြသည်။ ယင်းပရောဖက်ပြုချက်ပြည့်စုံရေးကို ယေဟောဝါသက်သေများ အလွန်စိတ်ဝင်စားကြပါသည်။ သူတို့ထဲမှများစွာသည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နိုင်ရန် ဘာသာခြားစကားကို သင်ယူနေကြသည်။

ထိုသူတို့တွင် မက္ကဆီကိုနိုင်ငံရှိ ယေဟောဝါသက်သေများလည်း အပါအဝင်ဖြစ်သည်။ မက္ကဆီကိုတွင် တရုတ်လူမျိုး ၃၀,၀၀၀ နေထိုင်သည်ဟု ခန့်မှန်းရ၏။ ၂၀၀၃ ခုနှစ်၊ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲသို့ တရုတ်လူမျိုး ၁၅ ဦး တက်ရောက်ခဲ့ကြသည်။ ထို့ကြောင့် တရုတ်လူမျိုးများကြား ဝိညာဉ်ရေးအရ တိုးတက်ဖို့အလားအလာရှိကြောင်း မက္ကဆီကိုနိုင်ငံရှိ သက်သေခံများ သိမြင်ခဲ့သည်။ ဤတရုတ်လူမျိုးများကို မန်ဒရင်းစကားဖြင့် ရိုးရိုးရှင်းရှင်း ဟောပြောတင်ဆက်တတ်ရန် မက္ကဆီကန်သက်သေခံများကို သုံးလသင်တန်းပေးခဲ့သည်။ ထိုသင်တန်းကို သက်သေခံ ၂၅ ဦး တက်ရောက်ခဲ့ကြ၏။ မက္ကဆီကိုနိုင်ငံရှိ မန်ဒရင်းစကားပြောရပ်ကွက်မှ အာဏာပိုင်တစ်ဦးက သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်ဖြစ်ရာ ယင်းသင်တန်းသည် တရုတ်လူမျိုးအပေါ် အကျိုးသက်ရောက်ကြောင်း ဖော်ပြသည်။ ထိုဒေသရှိ တရုတ်အသင်းအဖွဲ့က ထူးချွန်သောသင်တန်းသားသုံးဦးကို တရုတ်စကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့ နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ရန် ကမ်းလှမ်းခဲ့သည်။

ဘာသာစကားသင်တန်းတွင် လက်တွေ့ကွင်းဆင်းခြင်းလည်း ပါဝင်၏။ သင်တန်းသားများသည် အခြေခံကျသောနေ့စဉ်သုံးစကားများကို သင်ယူလေ့လာပြီးနောက် မက္ကဆီကိုမြို့ရှိ တရုတ်စီးပွားရေးရပ်ကွက်များတွင် စတင်ဟောပြောလေသည်။ ထက်သန်သော သင်တန်းသားများသည် ကျမ်းစာသင်အံမှု ၂၁ ခုစတင်ကျင်းပခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုတော်မူသနည်း တရုတ်ဘရိုရှာသည် ရောမအက္ခရာဖြင့် အသံထွက်ဖော်ပြပေးထားရာ အလွန်အထောက်အကူပြုသည်။

သင်တန်းတက်ခါစ သက်သေခံများသည် ကျမ်းစာသင်အံမှုများကို မည်သို့စတင်ခဲ့ကြသနည်း။ အစပိုင်းတွင် သူတို့သည် “ချင်သူ [ကျေးဇူးပြု၍ဖတ်ကြည့်ပါ]” ဟုဆိုပြီး စာပိုဒ်နှင့် မေးခွန်းကို ညွှန်ပြခြင်းသာပြုနိုင်ကြသည်။ ထိုပုဂ္ဂိုလ်က ဖတ်ရှုပြီး တရုတ်စကားဖြင့် အဖြေပေးလျှင် “ရှဲရှဲ [ကျေးဇူးတင်ပါတယ်]”၊ ထို့နောက် “ဟိန်ဟောင် [သိပ်ကောင်းတယ်]” ဟုပြောကြမည်။

ခရစ်ယာန်ဟုအမည်ခံထားသော အမျိုးသမီးတစ်ဦးနှင့် ဤနည်းအတိုင်း ကျမ်းစာသင်အံမှု စတင်ခဲ့သည်။ တတိယအကြိမ်ကျမ်းစာသင်အံပြီးနောက် သက်သေခံဖြစ်သူက လေ့လာနေသောအကြောင်းအရာကို အိမ်ရှင် ကောင်းစွာနားလည်မလည် သိလိုသည်။ ထို့ကြောင့် တရုတ်ညီအစ်ကိုတစ်ဦးကို ခေါ်သွားသည်။ ညီအစ်ကိုက မေးစရာရှိသလောဟုဆိုသောအခါ ထိုအမျိုးသမီးက “နှစ်ခြင်းခံနိုင်ဖို့ ရေကူးတတ်ရမလား” ဟုမေးခဲ့သည်။

မကြာမီ ပျမ်းမျှအားဖြင့် တရုတ်လူမျိုး ၉ ဦး၊ မက္ကဆီကန်သက်သေခံ ၂၃ ဦး တက်ရောက်သော အသင်းတော်စာအုပ်ကြီးသင်တန်းတစ်ခုရှိလာသည်။ ထိုသူတို့တွင် တရုတ်ဆရာဝန်တစ်ဦးလည်းပါသည်။ လူနာတစ်ဦးထံမှ စပိန်ဘာသာစကားဖြင့် ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများကို သူရရှိခဲ့သည်။ သူသည် စပိန်စာမဖတ်တတ်သောကြောင့် အခြားသူတစ်ဦးကို စာကြောင်းအနည်းငယ် ဘာသာပြန်စေသည်။ သမ္မာကျမ်းစာအကြောင်း ဖော်ပြထားသော မဂ္ဂဇင်းများဖြစ်သည်ကို သူသိသောအခါ တရုတ်ဘာသာစကားဖြင့် ရရှိနိုင်မည်လောဟု လူနာကိုမေးမြန်းခဲ့ရာ ရရှိခဲ့သည်။ ထို့ပြင် တရုတ်လူမျိုးသက်သေခံတစ်ဦး သူ့ထံလည်ပတ်နိုင်ရန် မက္ကဆီကိုနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးက စီစဉ်ပေးခဲ့သည်။ တရုတ်ပြည်ရှိ သူ၏မိခင်တွင် ကျမ်းစာတစ်အုပ်ရှိထားရာ ဆရာဝန်သည် ယင်းကို ဖတ်ရှုနှစ်သက်ခဲ့သည်။ မက္ကဆီကိုနိုင်ငံသို့သွားရန် သူဆုံးဖြတ်သည့်အခါ မိခင်က ကျမ်းစာဆက်ဖတ်ဖို့ အားပေးခဲ့သည်။ ထို့ကြောင့် ကျမ်းစာထဲမှ ဘုရားသခင်အကြောင်း ပိုမိုသိနိုင်ရန် ကူညီပေးနိုင်မည့်သူတစ်ဦး စေလွှတ်ပေးဖို့ ဆုတောင်းခဲ့သည်။ “ကျွန်တော့်ဆုတောင်းချက်ကို ဘုရားသခင်နားညောင်းတယ်” ဟုသူပြောခဲ့၏။

ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသော မက္ကဆီကန်အမျိုးသမီးတစ်ဦး၏အိမ်ကို ငှားနေသည့် တရုတ်မိသားစုလည်း စာအုပ်ကြီးသင်တန်းလာတက်သည်။ တရုတ်မိသားစုသည် စပိန်စကားသိပ်နားမလည်သော်လည်း ကျမ်းစာဆွေးနွေးရာတွင် ပါဝင်ခဲ့ကြသည်။ အတန်ကြာသော် ထိုမိသားစုက သက်သေခံထံတွင် တရုတ်စာပေများရှိမရှိ မေးမြန်းကြည့်ပြီးနောက် သူတို့သည် တရုတ်ဘာသာစကားဖြင့် ကျမ်းစာလေ့လာကြသည်။ မကြာမီ ထိုမိသားစုသည် မိမိတို့လူမျိုးချင်းတို့အား ဟောပြောလိုကြောင်းနှင့် မိမိတို့၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံလိုကြောင်း ဖော်ပြခဲ့ကြသည်။

တရုတ်စကားသည် သင်ယူရန်ခက်ခဲသော ဘာသာစကားဖြစ်၏။ သို့သော် အထက်ပါတွေ့ကြုံမှုများတွင် တွေ့ရှိရသည့်အတိုင်း ကမ္ဘာပေါ်ရှိ အခြားဒေသများအပြင် မက္ကဆီကိုနိုင်ငံတွင်လည်း တရုတ်စကားအပါအဝင် ဘာသာစကားအသီးသီးပြောသော လူများစွာသည် ယေဟောဝါ၏ကူညီမှုဖြင့် ဘုရားသခင့်အလိုတော်ကို သင်ယူနေကြသည်။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မက္ကဆီကိုနိုင်ငံရှိ တရုတ်ဘာသာစကားသင်တန်း

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မက္ကဆီကန်သက်သေခံညီအစ်မ တရုတ်ဘာသာစကားဖြင့်ကျမ်းစာသင်အံမှုကျင်းပနေ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မက္ကဆီကိုမြို့ရှိ တရုတ်ရပ်ကွက်တွင်တစ်အိမ်မှတစ်အိမ် အမှုဆောင်ခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ