ကျွန်ုပ်တို့၏သြဂုတ်လ လုပ်ငန်းတော်မှတ်တမ်း—အဘယ်ကြောင့်အကောင်းဆုံးဖြစ်ရသနည်း
၁ ဩဂုတ်လမှတ်တမ်းများကို ဌာနခွဲကစောင့်မျှော်ခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ လုပ်ငန်းတော်နှစ်၏နောက်ဆုံးလဖြစ်သည့်အတွက်သာမက ဩဂုတ်လလုပ်ငန်းတော်မှတ်တမ်းနှင့်ပတ်သက်သည့် အသင်းမစာကို ညီအစ်ကိုများမည်သို့သဘောထားမည်ကို သိလို၍လည်းဖြစ်သည်။ တုံ့ပြန်မှုသည် အလွန်ချီးမွမ်းစရာကောင်းပေသည်။ ညီအစ်ကိုများ ကြိုးစားအားထုတ်ခဲ့ကြောင်းထင်ရှားသည်။ သို့ဖြစ်၍ ၁၉၉၀ လုပ်ငန်းတော်နှစ်ကို ချီးမွမ်းဖွယ်တိုးတက်မှုဖြင့် နိဂုံးချုပ်နိုင်ခဲ့ပါသည်။—ဖိ၊ ၄:၄။
၂ ကြေညာသူအရေအတွက်တွင် အများဆုံးဖြစ်သည့် ၁၇၆၃ ယောက်မှတ်တမ်းသွင်းခဲ့ကြသည်။ အလွန်ချီးမွမ်းစရာတိုးတက်မှုပါတကား။ ကြေညာသူအရေအတွက် လေးကြိမ်တိုင်ဆက်တိုက်လတိုင်းတိုးတက်ခဲ့ပါသည်။ မေလတွင် ၇ ရာခိုင်နှုန်း၊ ဇွန်လတွင် ၈ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၉ ရာခိုင်နှုန်းနှင့် ဩဂုတ်လတွင် ၁၃ ရာခိုင်နှုန်းတိုးတက်မှုသို့ ခုန်တက်ခဲ့သည်။ ဤနည်းဖြင့်သာတိုးတက်မည်ဆိုလျှင် ၂၀၀၀ အရေအတွက်ရရှိရန် ကြာတော့မည်မဟုတ်ပါ။ ဆက်ကြိုးစားလုပ်ကိုင်ကြစို့။—ဖိ၊ ၃:၁၆။
၃ ကျွန်ုပ်တို့၏ ၁၉၉၀ ဩဂုတ်လမှတ်တမ်း (၁၇၆၃) ကို ၁၉၈၉ ဩဂုတ်လမှတ်တမ်း (၁၆၆၃) နှင့်နှိုင်းယှဉ်လိုက်လျှင် ကြေညာသူ ၁၀၀ တိတိတိုးများလာပေသည်။ ၄င်းပြင် ၁၉၉၀ ဇူလိုင်နှင့် ဩဂုတ်လမှတ်တမ်းများကိုနှိုင်းယှဉ်ကြည့်လျှင် ကြေညာသူ ၆၄ ယောက်များလာပါသည်။ တစ်လအတွင်း ဤမျှအဘယ်ကြောင့်တိုးများလာပါသနည်း။ အသင်းတော် ၈၆ ခုထံမှမှတ်တမ်းများကို စစ်ဆေးကြည့်သောအခါ အသင်းတော် ၃၉ ခုတွင်ကြေညာသူတိုးများလာကြောင်း၊ အချို့မှာကြေညာသူလူသစ် ၂ ယောက်၊ ၃ ယောက်တိုး၍မှတ်တမ်းသွင်းခဲ့သည်။ သို့သော် ဗန်းမော်၊ ပူတာအိုနှင့် ခမ်းပတ်အစရှိသည့် အသင်းတော် ၃ ခုသည် အထူးချီးမွမ်းဖွယ်ကောင်းသည့်တိုးတက်မှုပြခဲ့သည်။ ကြေညာသူလူသစ် ၆ ယောက်မှ ၈ ယောက်အထိတိုးများလာသည်။
၄ မြန်မာပြည်တွင် သက်သေခံ ၁၇၆၃ မျှပင်ကျွန်ုပ်တို့၏ဘုရားသခင်ကိုချီးမွမ်းထောမနာပြုခဲ့သည်ကိုသာစဉ်းစားကြည့်ပါလေ။ ယေဟောဝါဘုရားသခင်ကို စုစုပေါင်း ၄၀၂၄၈ နာရီချီးမွမ်းထောမနာပြုခဲ့သည်။ သို့ဖြစ်၍ ကြေညာသူတွင် နှုန်းသစ်ရသည်သာမက နာရီနှင့်ပြန်လည်ပတ်မှုများ (စုစုပေါင်း ၁၄၈၄၄) တွင်လည်း နှုန်းသစ်များရရှိခဲ့သည်။ ယင်းကြောင့် လုပ်ငန်းတော်နှစ်အတွက် မျှော်လင့်စရာများစွာရှိပေသည်။ ယခုကျွန်ုပ်တို့ကျင်းပနေသည့် ကျမ်းစာသင်အံမှု ၁၈၂၉ အနက် သမ္မာတရားဘက်ရပ်တည်မည့်သူများစွာရှိပါလိမ့်မည်။
၅ ထိုကြောင့် ညီအစ်ကိုများ ဒီဇင်ဘာလမှတ်တမ်းကို ဩဂုတ်လထက်ပိုကောင်းရန် ကြိုးစားအားထုတ်ကြစို့။ ဒီဇင်ဘာလတွင် အသင်းတော်တိုင်း၌ ကြေညာသူလူသစ် တစ်ဦးနှစ်ဦးရှိမည်ဆိုလျှင် (တိုးတက်မှုမပြနိုင်သည်တိုင် ဩဂုတ်လတွင်မှတ်တမ်းသွင်းခဲ့သည့်အရေအတွက်ကို ဆက်ပြနိုင်မည်ဆိုလျှင်) ကြေညာသူအရေအတွက် ၁၈၀၀ ရှိနိုင်စရာအကြောင်းရှိသည်။ ကျွန်ုပ်တို့ကြိုးစားအားထုတ်ကြစဉ် ယေဟောဝါကောင်းချီးပေးပါလေစေ။ မြေကြီးပေါ်တွင် ကျွန်ုပ်တို့ဝမ်းသာအားရဖြစ်ကြသကဲ့သို့ ယေဟောဝါ၏စိတ်တော်ကိုလည်းရွှင်လန်းနိုင်ကြပါစေ။—ဖိ၊ ၃:၁။