ကျွန်ုပ်တို့၏ဒီဇင်ဘာလ လယ်ကွင်းလုပ်ငန်းမှတ်တမ်း—ကျွန်ုပ်တို့ဘုရားသခင်အတွက် ကျယ်လောင်စွာချီးမွမ်းခြင်းဖြစ်
၁ ထိုသို့အဘယ်ကြောင့်ပြောဆိုနိုင်သနည်း။ ၁၉၉၀ ဒီဇင်ဘာလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းသည် ကျွန်ုပ်တို့၏ယေဟောဝါဘုရားအတွက် ကျယ်လောင်သောချီးမွမ်းခြင်းဖြစ်သည်ဟု မှန်ကန်စွာပြောနိုင်သည့်အကြောင်းပေါင်းစုံရှိသည်။ တစ်ခုကား ထိုလအတွင်းရရှိခဲ့သည့် ယေဟောဝါဘုရားသခင်ကိုချီးမွမ်းသူ အများဆုံးကြေညာသူနှုန်းသစ် ၁၇၉၄ ယောက်ဖြစ်သည်။ ယခင်အများဆုံးအရေအတွက်မှာ ၁၉၉၀ ဩဂုတ်လတွင်ရခဲ့သော ၁၇၆၃ ယောက်ဖြစ်သည်။ ၄င်းနောက် ထိုအရေအတွက်ကို တစ်ခါမျှပြန်မရရှိခဲ့ပါ။ နောက်တစ်လ၊ စက်တင်ဘာလတွင်ပင် ၁၇၂၁ ယောက်အထိကျဆင်းခဲ့ရာ ဩဂုတ်လမှတ်တမ်းထက် ၄၂ ဦးလျော့နည်းခဲ့သည်။ သို့သော် ဒီဇင်ဘာလတွင် ယင်းအရေအတွက်ထက် ၁.၈ ရာခိုင်နှုန်းတိုးများလာသည်။ အလွန်ဝမ်းသာစရာမဟုတ်ပေလော။ မှန်ပေသည်၊ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်အတွက် အကြီးအကျယ်ချီးမွမ်းဖွယ်ဖြစ်ခဲ့သည်။
၂ အခြားအကြောင်းတစ်ခုကား ထိုလအတွင်း ဘုရားသခင်၏နိုင်ငံတော်အကြောင်း လယ်ကွင်း၌သက်သေခံခဲ့ချိန်ဖြစ်သည်။ စဉ်းစားကြည့်လေ။ လယ်ကွင်းသက်သေခံခြင်း၌ စုစုပေါင်း ၄၁၉၈၆ နာရီပါဝင်ခဲ့သည်။ ကျွန်ုပ်တို့၏ဘုရားသခင်အတွက် အကြီးအကျယ်ချီးမွမ်းခြင်းဖြစ်သည်မဟုတ်ပေလော။ အမှန်ပင်ကျယ်လောင်စွာကြွေးကြော်ခဲ့သော “လူအုပ်ကြီး” ပါတကား။ လယ်ကွင်းသက်သေခံခြင်း၌ပါဝင်ခဲ့သည့် ဤ ၄၁၉၈၆ နာရီသည် ထိုလတွင်ရရှိခဲ့သော အများဆုံးနှုန်းသစ်ပင်ဖြစ်သည်။
၃ ကျွန်ုပ်တို့ဂရုပြုသင့်သည့် အခြားအချက်များရှိပါသေးသည်။ စက်တင်ဘာလတွင် ယခင်ပျမ်းမျှခြင်းထက် ၃ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တဖြည်းဖြည်းအနည်းငယ်စီတိုးတက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒီဇင်ဘာလ၌ကော။ ၈ ရာခိုင်နှုန်းတိုးတက်မှုတင်ပြနိုင်သဖြင့် အလွန်ဝမ်းသာရသည်။ တကယ့်တိုးတက်မှုပါတကား။ လွန်ခဲ့သောနှစ် ထပ်တူလ (၁၉၈၉ ဒီဇင်ဘာ) ထက် ၉ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည့် သက်သေခံ ၁၅၁ ယောက်များလာသည်။ အားရစရာမကောင်းပေလော။
၄ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် ဤချီးမွမ်းခြင်းတို့ကိုရထိုက်သည်မဟုတ်ပေလော။ ရထိုက်တော်မူသည်အမှန်။ တကယ်ဆိုလျှင် ဤမျှမကများစွာခံထိုက်ပေသည်။ ထိုကြောင့် ဆက်တိုးတက်နေရန် ကြိုးစားသင့်သည်မဟုတ်ပေလော။ ရှေ့သို့ဆက်ချီတက်ကြမည်လော။ ဤအရေအတွက် ၁၇၉၄ ပြန်မကျဆင်းဘဲ အမြဲတိုးတက်လာရန် ကြိုးစားကြလျှင်မကောင်းပေလော။ ကိုယ်တော်၏အမှုတော်ကို တညီတညွတ်တည်းဆောင်ရွက်နေကြသဖြင့် အရေအတွက်ကျဆင်းစရာအကြောင်း မတွေ့နိုင်ပါ။ ကျွန်ုပ်တို့တာဝန်ကိုကျေပွန်စွာဆောင်ရွက်မည်ဆိုလျှင် ကိုယ်တော်၏ကဏ္ဍကို ဘုရားသခင်အမှန်ဆောင်ရွက်တော်မူမည်။ တိုးတက်မှုများစွာရှိရန် ကိုယ်တော်ကောင်းချီးပေးတော်မူမည်အမှန်။—ဇေ၊ ၃:၉။
၅ သို့သော် ဒီဇင်ဘာမှတ်တမ်းနှင့်ပတ်သက်၍ စဉ်းစားစရာအချက်အလက်အချို့ရှိပါသည်။ ယင်းတို့ကားအဘယ်နည်း။ မဂ္ဂဇင်းဝေငှခြင်း၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုများကော။ လုပ်ငန်းတော်ဆိုင်ရာ ဤကဏ္ဍများတွင် မည်သို့ရှိကြသနည်း။ ၁၉၉၀ ဒီဇင်ဘာ တွင်မဂ္ဂဇင်းပေါင်း ၁၆၄၃၀ ဝေငှခဲ့သည်။ အလွန်များပါသလော။ ၁၉၉၀ ဇန်နဝါရီမှတ်တမ်းနှင့်နှိုင်းယှဉ်လိုက်လျှင်မများပါ။ ဇန်နဝါရီလတွင် မဂ္ဂဇင်းပေါင်း ၁၈၇၂၂ အုပ်ဝေငှခဲ့သည်။ ပြန်လည်ပတ်မှုများကော။ လွန်ခဲ့သောသြဂုတ်လတွင် ပြန်လည်ပတ်မှုပေါင်း ၁၄၈၄၄ ခုပြုလုပ်ခဲ့သည်။ သို့သော် ဒီဇင်ဘာလတွင် ၁၄၇၈၇ ခုမျှသာပြုလုပ်ခဲ့ပါသည်။ ဩဂုတ်မှတ်တမ်းထက် ပြန်လည်ပတ်မှု ၅၇ ခုမျှသာလျော့သည်မှန်သော်လည်း အခြားမည်သည်လထက်မဆို ဒီဇင်ဘာလတွင် သက်သေခံများပိုများသဖြင့် ယခင်မည်သည့်လထက်မဆို ပြန်လည်ပတ်မှုပိုများစွာပြုလုပ်သင့်ပေသည်။ ယခု ဘုရားသခင်ပြုလုပ်သည့် အရေးအကြီးဆုံးလုပ်ငန်းတော်ဖြစ်သော ကျမ်းစာသင်အံမှုများကိုကြည့်ကြစို့။ ဒီဇင်ဘာလတွင် ကျမ်းစာသင်အံမှုပေါင်း ၁၈၅၄ ခုကျင်းပခဲ့သည်။ သို့သော် လွန်ခဲ့သောလေးလဖြစ်သည့် ဩဂုတ်လတွင်မူ ကျမ်းစာသင်အံမှု ၁၈၇၉ ခုရှိခဲ့သည်။ သက်သေခံဦးရေတိုးများလာပြီး ကျမ်းစာသင်အံမှုလျော့နည်းသွားပါသည်။ အဘယ်ကြောင့်နည်း။ လုပ်ငန်းတော်ဆိုင်ရာ ဤကဏ္ဍများတွင်လည်း ဘုရားသခင်အကူအညီဖြင့် တိုးတက်ကြရန် ကြိုးစားကြစို့။
၆ လာမည့်လများ၏မှတ်တမ်းအရ ဘုရားသခင့်ကောင်းကင်တမန်များနှင့်တွဲ၍ လုပ်ငန်းတော်ကိုကြိုးစားဆောင်ရွက်ကြရာ ကြေညာသူ၊ စာပေစာတမ်းဝေငှမှု၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုတွင် အများဆုံးနှုန်းသစ်များရရှိကြကြောင်း တင်ပြနိုင်ကြပါစေ။ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် ကိုယ်တော်အား တိုး၍တိုး၍ချီးမွမ်းခြင်းအခွင့်ကို ကျွန်ုပ်တို့အားပေးတော်မူပါစေ။