ပုံနှိပ်စာတမ်းများအားဖြင့် အလင်းကိုတောက်ပစေခြင်း
၁ ဗျာဒိတ်ကျမ်းသည် နက်နဲရာဖြစ်ခဲ့သည်ကား ကြာမြင့်ပြီ။ ယင်း၏လျှို့ဝှက်ချက်များကို ကျမ်းစာပါရဂူများ ရာစုနှစ်ချီ ကြိုးစားရှာဖွေခဲ့သော်လည်း အောင်မြင်မှုမရသလောက်ဖြစ်သည်။ သို့သော်ဗျာဒိတ်ကျမ်းပါ ဘုရားပေးမှုတ်သွင်းခံအကြောင်းသည် ထာဝစဉ်လျှို့ဝှက်ချက်ဖြစ်နေရန် မဟုတ်ပါ။ ကျွန်ုပ်တို့သိသင့်သိအပ်သည့် ဘုရားသခင့်နှုတ်ကပါဌ်တော်အဝင်ဖြစ်ပါသည်။ (၂ တိ၊ ၃:၁၆၊ ၁၇) ကျွန်ုပ်တို့ခေတ်တွင် ဗျာဒိတ်ကျမ်း၏ အားတက်ဖွယ်ပရောဖက်ပြုချက်များ ပြည့်စုံနေသည့်အတွက် ယင်းကိုဘုရားသခင် သိနားလည်စေသဖြင့် ဝမ်းသာစရာပါတကား။ ခရစ်ယာန်ချင်းတို့အား ဤရူပါရုံများကိုဖော်ပြရန် ယောဟန်ကိုယေဟောဝါအသုံးပြုတော်မူသကဲ့သို့ ယနေ့ ‘သစ္စာရှိကျေးကျွန်’ ကိုအသုံးပြုကာ ဤသဲလှိုက်ရင်ဖိုပရောဖက်ပြုချက်၏ အနက်ကိုဖွင့်ပြတော်မူသည်။ (မ၊ ၂၄:၄၅-၄၇။ ဗျာ၊ ၁:၁-၃) ထိုကြောင့် မည်သည့်ဘာသာစကားဖြင့်မဆို သင်၌ရှိသည့် Revelation—Its Grand Climax At Hand! စာအုပ်ကိုများများအသုံးပြုပါ။
၂ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို မြန်မာနှင့်အင်္ဂလိပ်ဘာသာဖြင့် တစ်ကြိမ်တည်းထုတ်ဝေပေးခဲ့ချိန်က မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့အားလုံး မည်မျှဝမ်းသာခဲ့ရသည်တကား။ ဤစာအုပ်အားဖြင့် ဘုရားသခင့်သားတော်ကို တရင်းတနှီးသိရှိလာနိုင်ပြီး၊ မျက်မြင်မရသောဘုရားသခင်ကို ပိုမိုသိကျွမ်းလာစေမည်။ ယေရှု၏ခြေရာတော်ကို ထက်ကြပ်မကွာလိုက်လျှောက်နိုင်ကြ၍ ခရစ်ယာန်စစ်များဖြစ်လာရန် ကူညီပေးပါလိမ့်မည်။ မကြာမီ အသင်းတော်တိုင်းသို့ ဤအကြီးမြတ်ဆုံးလူသား စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ၊ တရုတ်၊ တယ်မီလ်ဘာသာစကားဖြင့် များစွာရရှိကြတော့မည်။ ဤစာအုပ်ကို တစ်အိမ်မှတစ်အိမ်လုပ်ငန်း၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုများတွင် ပို၍ဝီရိယရှိရှိအသုံးပြုကြရန် အားပေးတိုက်တွန်းပါသည်။ ယင်းစာအုပ်ကို သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် အသုံးပြုနှင့်ပြီ။ အောက်တိုဘာလမှစ၍ ဤစာအုပ်ကို အသင်းတော်စာအုပ်ကြီးသင်တန်းတွင် လေ့လာကြမည်။ ယင်းစာအုပ်ကို မည်သို့လေ့လာဖတ်ရှုကြမည်အကြောင်း ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် အသေးစိတ်ဖော်ပြပေးပါလိမ့်မည်။
၃ ယခုမြန်မာ၊ အင်္ဂလိပ်၊ တရုတ်နှင့်တယ်မီလ်ဘာသာစကားဖြင့် ဘရိုရှာအမျိုးမျိုးရရှိထားပါပြီ။ စာတတ်သူများနှင့် ကျမ်းစာသင်အံမှုစရန် ကြည့်ရှုလော့ စာအုပ်သည် အလွန်သင့်တော်ပေသည်။ စာကောင်းစွာမတတ်သူ၊ သို့မဟုတ် စာမတတ်သေးသောကလေးငယ်အတွက် ကမ္ဘာသားဘဝထာဝရစံစားကြ စာစောင်ကိုအသုံးပြုနိုင်ပါသည်။ မြိတ်မြို့မှစာတစ်စောင်အရ မိမိထံရောက်ရှိလာသော ကျွန်တော်တို့၏ညီအစ်ကိုများသည် သူမအား ချင်းဘာသာစကားဖြင့်ထုတ်ဝေထားသော ကမ္ဘာသားဘဝထာဝရစံစားကြ စာစောင်ကိုအသုံးပြုကာ စနစ်သစ်အကြောင်းရှင်းပြခဲ့ကြောင်း သိရှိရသည်။
၄ ဘာသာစကားအမျိုးမျိုးဖြင့်ထုတ်ဝေထားသော ဝေစာများစွာလည်းရှိပါသည်။ များမကြာမီက ရန်ကုန်မှညီအစ်မတစ်ဦးသည် သေလွန်သူများအတွက် မျှော်လင့်ချက် ဝေစာကိုအသုံးပြု၍ ကလေးလေးယောက်နှင့် ကျမ်းစာသင်အံမှုစခဲ့သည်။ သူတို့မိခင်သည် မကြာမီကသေဆုံးသွားခဲ့သည်။ ဝေစာများအမြဲဆောင်ထားပြီး သင့်သမ္မာတရားအလင်းကို ထွန်းတောက်ပါစေ။
၅ ဆယ်စုနှစ်များစွာ ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သောသမ္မာတရားကို ထွန်းတောက်ပေးခဲ့သော ကင်းမျှော်စင် နှင့် နိုးလော့ မဂ္ဂဇင်းများကို ဘယ်တော့မျှကျွန်ုပ်တို့မေ့လျော့မထားနိုင်ပါ။ အစုံလိုက်ဝေငှပေးပါ။ သမ္မာတရားကိုရှင်းပြပေးသည့် မဂ္ဂဇင်းများပါရုပ်ပုံများကို အသုံးပြုပါ။ ထိုမဂ္ဂဇင်းများကို ကိုယ်တိုင်မဖတ်ဘဲ ဝေငှခြင်းက ပညာမဲ့ပြီးမတော်လျော်ပါ။ ထိုကြောင့်သမ္မာတရားအလင်းကို လူတို့တွေ့ရှိနိုင်ရန် ကူညီပေးဖို့ အသေအချာလေ့လာပါ။
၆ ဤစာစောင်များ ကျွန်ုပ်တို့၌မရှိလျှင်ကော။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာရှိပါသည်။ ဖတ်ကြည့်ပါ။ ဘုရားသခင့်နိုင်ငံတော်အစိုးရ၍ ဤစနစ်၏အဆုံး အလွန်နီးကြောင်းဖော်ပြသည့် သင့်လျော်သောကျမ်းချက်ကို ရှင်းပြပါ။ သမ္မာကျမ်းစာပင်မရှိလျှင်ကော။ မိမိနှုတ်ဖြင့် သမ္မာတရားအလင်းကို ထွန်းလင်းစေနိုင်ပါသည်။ ယခုကျွန်ုပ်တို့၌ရှိသောစာပေများကဲ့သို့ ယေရှုနှင့်တမန်တော်များမှာမရှိပါ။ ကျွန်ုပ်တို့၌ရှိသော ယူဆောင်သွားနိုင်သည့်သမ္မာကျမ်းစာများပင် သူတို့မပိုင်ဆိုင်။ သို့ဖြစ်၍ပင် သူတို့မည်မျှတတ်နိုင်ခဲ့သည်ကို သတိပြုပါ။ ထိုကြောင့် သမ္မာတရားအလင်း ထွန်းတောက်ရန် ဤစာစောင်များနှင့် ထိုထက်မက သမ္မာကျမ်းစာကိုပေးထားသော ကျွန်ုပ်တို့ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။