ဓမ္မအမှုဆောင်အသစ်နှင့် အသားကျဓမ္မအမှုဆောင်တို့အတွက် တောင်းဆိုချက်များ
၁ ဆာလံဆရာဒါဝိဒ်က “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်း” ဟုမေးမြန်းတော်မူခဲ့သည်။ သင့်တော်သောစကားလုံးအနည်းငယ်ဖြင့် ဒါဝိဒ်က “ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော” သူဟူ၍ ဖြေဆိုခဲ့သည်။ (ဆာ၊ ၁၅:၁၊ ၂) ယင်းတောင်းဆိုချက်များ မပြောင်းလဲသေးပါ။ ယနေ့ ခရစ်ယာန်အသင်းတော်တွင် လာရောက်ဝတ်ပြုသူများသည် စာရိတ္တယိုယွင်းမှုနှင့် သောက်ကြူးခြင်းကို စွန့်လွှတ်ကြရမည်။ယေဟောဝါ၏လူမျိုးအလယ်တွင် ရန်တွေ့တတ်သူ၊ အမျက်ကြီးသူ၊ သို့မဟုတ် လျှာနှစ်ခွရှိသူများအတွက် နေရာမရှိပါ။—ဂလ၊ ၅:၁၉-၂၁။
၂ ယေဟောဝါအဖွဲ့အစည်းနှင့် ပေါင်းသင်းသူ လူသစ်အမြောက်အမြားရှိပါသည်။ လွန်ခဲ့သောသုံးနှစ်အတွင်း ကမ္ဘာချီမှတ်တမ်းအရ နှစ်ခြင်းခံသူအရေအတွက်မှာ ၉၀၃,၄၆၅ ယောက်ဖြစ်ကြောင်း သိရှိရသည်။ လူကြီးလူငယ်အပေါင်းသည် သူတို့၏အသက်တာလမ်းစဉ်ကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီဖြစ်စေရန် မိမိတို့၏အတွေးအခေါ်ကို ပြုပြင်ခဲ့ကြပါပြီ။ တောင်အမေရိကရှိ လူငယ်တစ်ဦးသည် မိဘဆုံးမမှုမရရှိဘဲ ကြီးပြင်းလာခဲ့ရာ စရိုက်ဆိုးသူတစ်ဦးဖြစ်လာပါသည်။ ၁၈ နှစ်အရွယ်ရှိလေသော် ဆေးစွဲနေပြီး၊ ဆေးသုံးနိုင်ရန် ခိုးမှုကြောင့် အချုပ်ကျခဲ့ဘူးသည်။ ကျမ်းစာလေ့လာရာမှ ယခင်အပေါင်းအသင်းများနှင့် အဆက်ဖြတ်ပြီး ယေဟောဝါသက်သေများအတွင်း၌ အပေါင်းအသင်းအသစ်တွေ့ရှိကာ နောက်ဆုံးတွင် မိမိအသက်တာကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံလေသည်။
၃ ဤနည်းအတိုင်းပင် “မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာရှိခြင်းအားဖြင့်” ပြုမူလေသမျှတွင် ဘုရားသခင့်အလိုတော်နှင့်တွေ့ခြင်းငှာ စိတ်ဆုံးဖြတ်ထားရမည်။ (ဧ၊ ၄:၂၄) ဘုရားသခင်၏ တောင်ကြီးပမာအဖွဲ့အစည်းတွင် ဆက်တည်ရှိနေနိုင်ရန် ကျွန်ုပ်တို့သည် “လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍” “မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင်” ရန်တာဝန်ရှိပါသည်။—ကော၊ ၃:၉၊ ၁၀။
၄ ဘုရားသခင့်နှုတ်ကပါဌ်တော်၊ တန်ခိုးပါသောသြဇာ။ သမ္မာကျမ်းစာမှတစ်ဆင့် သိရှိရသော ယေဟောဝါ၏ဥပဓိရုပ်သည် ကျွန်ုပ်တို့၏ အတွေးအခေါ်နှင့် အပြုအမူများကို အပြုသဘောပါပါ ဩဇာလွှမ်းမိုးနိုင်ပါသည်။ (ရော၊ ၁၂:၂) ကိုယ်တော်၏နှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့စိတ်သဘောကို ပြုပြင်ပေးပြီး နှလုံးဖြင့်စူးစမ်းနိုင်စွမ်းရှိစေသည်။ (ဟေ၊ ၄:၁၂) ကျွန်ုပ်တို့သည် အကျင့်စာရိတ္တဖြောင့်မတ်ပြီး လူထုရှေ့ဓမ္မအမှုတွင် အပြည့်အဝပါဝင်ကာ ခရစ်ယာန်အစည်းအဝေးများကိုလည်း လျစ်လျူမရှုသူများဖြစ်ကြရန် ယေဟောဝါအလိုတော်ရှိကြောင်း မှုတ်သွင်းခံကျမ်းစာစောင်များက သွန်သင်ပေးတော်မူသည်။
၅ ဤခဲယဉ်းဆိုးယုတ်သောကာလတွင် တိုးများလာသည့် ဖိစီးမှုများသည် ခရစ်ယာန်တစ်ဦးအား ဘုရားသခင့်ဥပဒေကိုချိုးဖောက်စေဖို့ ဩဇာလွှမ်းမိုးနိုင်ပါသည်။ ကိုယ်ပိုင်လေ့လာမှု၊ မိသားစုသင်အံမှု၊ အသင်းတော်အစည်းအဝေးများ၊ သို့မဟုတ် ဓမ္မအမှုဆောင်ခြင်းကို လျစ်လျူရှုမည်ဆိုလျှင် တစ်ချိန်က အလွန်အားရှိသောခရစ်ယာန်တစ်ဦးပင်လျှင် ယုံကြည်ခြင်းမှ သွေဖည်သွားနိုင်၍ အကျင့်ယိုယွင်းသွားနိုင်ပေမည်။ ယင်းကြောင့် တိမောသေအား ပေါလု ဤသို့ရေးသားခဲ့ရခြင်းဖြစ်သည်။ “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။” “ငါ့စကားကို [အမြဲ ကဘ] ဆင်ခြင်လော့။”—၁ တိ၊ ၄:၁၆။ ၂ တိ၊ ၂:၇။
၆ ပေါင်းသင်းခါစ လူသစ်ဖြစ်စေ၊ အတွေ့အကြုံများသည့်အသားကျသူဖြစ်စေ ကျွန်ုပ်တို့ကယ်တင်ခြင်းရလိုလျှင် ဘုရားသခင့် တောင်းဆိုချက်များကို မျက်ခြည်မပြတ်စေဘဲ ဓမ္မအမှုဆောင်ရာတွင် မျှတမှုရှိကာ မျှော်လင့်ချက် ကြီးမားရမည်။ (၁ ပေ၊ ၁:၁၃-၁၆) ဘုရားသခင်၏ ဖြောင့်မတ်သောတောင်းဆိုချက်များကို နေ့စဉ်နေ့တိုင်းလိုက်နာကျင့်သုံးနေရန် လိုအပ်ပါသည်။
၇ ၁၉၉၃ လုပ်ငန်းတော်နှစ်၏ ဤနောက်ဆုံးလတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် ပန်းတိုင်ထားပါ။ အခြားသူတို့သည် ယုံကြည်ခြင်းတိုးပွားလာ၍ လယ်ကွင်းဓမ္မအမှုတွင် တိုးတက်ကြီးထွားမှုရှိလာစေရန် အကူအညီပေးဖို့ စိတ်ဆုံးဖြတ်ပါ။ (ရော ၁:၁၂) ကိုယ်ပိုင်လေ့လာမှု၊ မိသားစုသင်အံမှု၊ အစည်းအဝေးတက်ခြင်းကို မှန်မှန်ပြုလုပ်ခြင်းအားဖြင့် ဟုတ်မှန်သည့်ကိစ္စများပေါ် အာရုံစိုက်ပါလေ။ (ဖိ၊ ၄:၈) ကိုယ်တော်၏တောင်းဆိုချက်များနှင့်အညီ အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် သင်၏ကြိုးစားမှုသည် အကျိုးပေးပါလိမ့်မည်။—ကော၊ ၃:၂၃၊ ၂၄။