လွဲမှားစွာ ကြင်နာမှုပြခြင်းကို ရှောင်ကြဉ်ပါ
၁ ယေဟောဝါသက်သေများသည် ကြင်နာသူများ၊ ရက်ရောသောစိတ်ဓာတ်ရှိသူများဖြစ်ကြောင်း လူသိများပါသည်။ ယေရှု၏ နှလုံးထိမိသောပုံဥပမာပါ အိမ်နီးချင်းစိတ်ထားရှိ ရှမာရိလူမျိုးကို ကျွန်ုပ်တို့အတုယူပြီး ပေးကမ်းစွန့်ကြဲကြသည့်အခါ ယင်းအရည်အချင်းများ ထင်ရှားပါသည်။ (လု. ၁၀:၂၉-၃၇) သို့သော်လည်း ပစ္စည်းဥစ္စာဖြင့် ကူညီမှုမရထိုက်သူအချို့သည် ကျွန်ုပ်တို့၏ကြင်နာခြင်းကို အခွင့်ကောင်းယူရန် ကြိုးစားကြပေမည်။ သို့ဖြစ်သောကြောင့် သူတစ်ပါးအား ချစ်ခြင်း၌ တိကျမှန်ကန်သော “အသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်” ကိုဖြည့်စွက်ပေးရမည်။—ဖိ. ၁:၉၊ သက။
၂ အသင်းတော်အတွင်း– ဥပမာ၊ တစ်ဦးတစ်ယောက်က မိမိအလုပ်လက်မဲ့ဖြစ်နေသည်၊ သို့မဟုတ် အကူအညီရလို၍ အခြားအကြောင်းပြချက်များ တင်ပြပေမည်။ တစ်ခါတစ်ရံ ဤသူများသည် အလုပ်အကိုင်ကို တကယ်လိုချင်၍မဟုတ် ဘဝအသက်တာ၏လိုအပ်ရာများကို သူတစ်ပါးထံမှ ရလိုသည့်စိတ်သာ ရှိပေမည်။ ဤသို့သောသူများအကြောင်းကို တမန်တော်ပေါလု ဤသို့မိန့်မှာသည်– “အလုပ်မလုပ်ချင်သောသူမည်သည်ကား အစာကိုလည်း မစားစေနှင့်။”—၂ သက်. ၃:၁၀။
၃ ကျွန်ုပ်တို့အားလုံး “ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း ရှိသည်အတိုင်း ဖြစ်တတ်သည်။” ထိုကြောင့် ကာယရေးဘက် လိုအပ်နေမည်၊ ‘ယနေ့အတွက် အသက်မွေးလောက်သောအစာ’ မဲ့နေမည်ဆိုလျှင် အလွန်အမင်းစိုးရိမ်မနေသင့်ပါ။ အကြောင်းမူကား ကိုယ်တော်အားချစ်မြတ်နိုးသူများ၊ အလိုတော်ဆောင်ရွက်သူတို့ကို ယေဟောဝါထောက်ပံ့ပေးတော်မူသည်။ (ဒေ. ၉:၁၁; မ. ၆:၁၁၊ ၃၁၊ ၃၂) ဆင်းရဲနွမ်းလျသူတစ်ဦးအနေနှင့် အကြီးအကဲတစ်ဦးတစ်ယောက်အား ရင်ဖွင့်ပြောဆိုလျှင် အကျိုးရှိပေမည်။ အကြီးအကဲများကလည်း ထောက်ပံ့ဖို့အတွက် အစိုးရအစီအစဉ်များအကြောင်း သိထားကောင်းသိထားမည်ဖြစ်ပြီး စာရွက်စာတမ်းများ ဖြည့်စွက်ပေးခြင်း သို့မဟုတ် ဤသို့သောအစီအစဉ်များနှင့်စပ်လျဉ်းသည့် လိုအပ်ချက်များကို သဘောပေါက်သည့်အတွက် အကူအညီပေးကောင်းပေးနိုင်မည်။ မည်သို့ဆိုစေကာမူ အကူအညီတောင်းဆိုသူတစ်ဦးစီ၏ အခြေအနေကို သုံးသပ်ဆင်ခြင်၍ မည်သို့ပြုလုပ်ဆောင်ရွက်ပေးနိုင်ကြောင်း အကြီးအကဲများ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မည်။—၁ တိမောသေ ၅:၃-၁၆ နှိုင်းယှဉ်။
၄ ခရီးလှည့်လည်သည့် အယောင်ဆောင်သူများ– ခရီးလှည့်လည်ရောက်လာသည့် အယောင်ဆောင်သူများကြောင့် ငွေနှင့်ပစ္စည်းဥစ္စာများ အလိမ်ခံမိခဲ့သူအချို့ အသင်းတော်များတွင်ရှိကြောင်း အသင်းမထံ မကြာခဏ သတင်းများရောက်လာပါသည်။ ယင်းကိစ္စကြောင့် မအံ့သြသင့်ပါ။ အကြောင်းမှာ ကျမ်းစာက “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်” ဟုသတိပေးထားပါသည်။ (၂ တိ. ၃:၁၃) ဤအယောင်ဆောင်သူများ မကြာခဏပြောတတ်သည်မှာ ငွေပြတ်၍ သောင်တင်နေသည့်အတွက် အပြန်ခရီးစရိတ်နှင့် စားစရာအတွက် ငွေလိုအပ်ကြောင်း ပြောဆိုတတ်ကြသည်။ ဤသူတို့သည် ရိုးသားဟန်ရှိမည်ဖြစ်သော်လည်း အများအားဖြင့်ဆိုလျှင် ယေဟောဝါသက်သေများ လုံးဝမဟုတ်ဘဲ ဟန်ဆောင်နေသူများသာဖြစ်ကြပါသည်။
၅ သူစိမ်းတစ်ဦးက အကူအညီတောင်းဆိုလျှင် အသင်းတော်အကြီးအကဲတစ်ဦးနှင့် တိုင်ပင်သင့်ပြီး ဤသူသည် ညီအစ်ကိုဟုတ်မဟုတ် ဦးစီးဦးဆောင် ပြုလုပ်ပေးပါလိမ့်မည်။ ထိုသူစိမ်း၏အသင်းတော်ရှိ အကြီးအကဲတစ်ဦးထံ ဖုန်းဆက်ခြင်းဖြင့် သူ၏အခြေအနေကို အတိအကျသိရှိနိုင်ပါလိမ့်မည်။ မမျှော်လင့်ဘဲ ဒုက္ခရောက်နေမည့် ညီအစ်ကိုညီအစ်မအစစ်အမှန်တို့သည် ဤသို့မေးမြန်းခံရလျှင် အဘက်ဘက်မှ ကာကွယ်စောင့်ရှောက်မှုအတွက်ဖြစ်ကြောင်းကို သဘောပေါက်နားလည်မှု ရှိသင့်ပါသည်။ သို့သော် ဤသို့စူးစမ်းမေးမြန်းခြင်းအားဖြင့် အယောင်ဆောင်သူများမူကား ပေါ်သွားပါလိမ့်မည်။ ကျွန်ုပ်တို့မသိကျွမ်းသူများကို အထူးတလည်မယုံသင်္ကာမဖြစ်သင့်သော်လည်း ဆိုးညစ်သော လှည့်ဖြားသူများ၏ရန်ကို ရှောင်ကြဉ်နေရမည်။—နဓ ၁၀/၈၀၊ စာမျက်နှာ ၄ ရှု။
၆ ပညာရှိရှောလမုန်မင်း ဤသို့အကြံပြုသည်– “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။” (သု. ၃:၂၇) ပညာရှိရှိ ပိုင်းခြားဝေဖန်ခြင်းအားဖြင့် လွဲမှားစွာ ကြင်နာမှုပြခြင်းကို ရှောင်ကြဉ်စဉ် သနားညှာတာစိတ်ကို ဆက်လက်တင်ပြနိုင်ပါလိမ့်မည်။