ကမ္ဘာပေါ်တွင် အကောင်းဆုံးမဂ္ဂဇင်းများကို ဝေငှပါ
၁ ကင်းမျှော်စင်၏ရည်မှန်းချက်သည် “ယေဟောဝါဘုရားသခင်ကို စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် ချီးမြှင့်ဂုဏ်တင်ရန်ဖြစ်သည်” ဟုဆိုထားသည်။ နိုးလော့!မူကား “လူ့မိသားစုကြီးတစ်ရပ်လုံးကို ပညာဉာဏ်အလင်းပေးရန် အတွက်ဖြစ်သည်။ . . . ဤမဂ္ဂဇင်းသည် . . . ငြိမ်းချမ်းလုံခြုံသော ကမ္ဘာသစ်တစ်ခုကို ဆိုက်ရောက်စေမည်ဟူသော ဖန်ဆင်းရှင်၏ ကတိတော်ကို ယုံကြည်စိတ်ချစေရန် ထောက်ကူပေး” ရန်ဖြစ်သည်။ ဤကိုးကားချက်များသည် မဂ္ဂဇင်းများကိုယ်၌မှပင်ဖြစ်သည်။ ဤရည်မှန်းချက်များကို မီအောင်လိုက်ခြင်းကား စာရှုသူ သန်းပေါင်းများစွာတို့အား စိတ်သက်သာမှု ရရှိစေခဲ့ပေပြီ။
၂ ဧပြီနှင့်မေလအတွင်း ဤဂျာနယ်များကို ဓမ္မအမှု၌ အသုံးပြုကြမည်။ ထိရောက်မှုရှိရန် ယင်းဆောင်းပါးများကို ကိုယ်တိုင် အကျွမ်းတဝင်ရှိရမည်။ စာစောင်တစ်ခုစီကိုဖတ်၍ ယင်းတို့ကိုဝေငှရာတွင် အသုံးပြုနိုင်မည့်အချက်များကို မှတ်သားထားပါ။ လူတို့နှင့် အဘယ်အကြောင်းများသက်ဆိုင်ကြောင်း စဉ်းစားပါ။ သင့်အိမ်နီးချင်းများသည် အဘယ် လူမှုရေး၊ အိမ်ထောင်ရေး၊ စိတ်လှုပ်ရှားမှုဆိုင်ရာ အရေးအကြောင်းများ ကြုံတွေ့နေရသနည်း။ သူတို့နှလုံးကိုထိမိ၍ ပိုသိနားလည်လိုစိတ် ပေါ်လာစေရန် ပြောဆိုနိုင်မည့်စကားများအချို့ကို ကြိုးစားစဉ်းစားပါ။
၃ ဧပြီ ၁ (ဝါ နောက်ဆုံးထုတ်) ကင်းမျှော်စင်ကို ပေါ်လွင်စေခြင်း– ယနေ့ များသောအားဖြင့် မကြာခဏပျော်ရွှင်မှုပျောက်ကင်းစေသော ပြဿနာများမရှိသည့် သာ၍ကောင်းသောကမ္ဘာကို လူအများတမ်းတကြသည်။
မိမိကိုယ်ကို မိတ်ဆက်ပြီးနောက် ဤသို့ဆိုနိုင်သည်–
▪ “‘သာ၍ကောင်းသောကမ္ဘာ—အိပ်မက်မျှသာလော’ ခေါင်းစဉ်ပါ ဒီဆောင်းပါးထဲက စိတ်ဝင်စားစရာအကြောင်းတစ်ခုကို ပြချင်တယ်။ ဒီလိုဆိုထားတယ်– ‘ဤလောကကြီးသည် စိတ်တိုင်းကျကမ္ဘာ ဖြစ်မနေသည်ကား ရှင်းပါသည်။ . . . မျက်မှောက်အမင်္ဂလာများစာရင်းသည် အဆုံးမရှိပုံဖြစ်ချေပြီ။’ ဒီအခြေအနေကြောင့် အနာဂတ်အတွက် အားရစရာမရှိသလောက်ပဲလေ၊ မဟုတ်ဘူးလား။ ဒါပေမယ့် အနာဂတ်နဲ့ပတ်သက်လို့ ဆာလံ ၃၇:၁၁ က ဘယ်လိုပြောထားတယ်ဆိုတာ ပြပါရစေ။” ထိုအခန်းငယ်ကို ဖတ်ပြီးနောက် ယင်းကတိတော်ကြောင့် မည်သို့ခံစားရကြောင်း အိမ်ရှင်အား မေးမြန်းပါ။ ကောင်းစွာတုံ့ ပြန်ပါက “သာ၍ကောင်းသောကမ္ဘာ—တည်လုနီးပြီ!”၊ စာမျက်နှာ ၄ ကိုဖွင့်၍ ဤသို့ပြောပါ– “ကျွန်တော်တို့ ဖတ်လိုက်တဲ့ ဆာလံ ၃၇:၁၁ ပါအပါအဝင် တခြားကျမ်းချက်တွေကို ဒီမှာကိုးကားထားတယ်။ ဒီဆောင်းပါးတွေကိုဖတ်ပြီး ကိုးကားချက်တွေကို ခင်ဗျားကျမ်းစာထဲမှာ ဖွင့်ကြည့်ချင်မှာပဲ။ ဒီမဂ္ဂဇင်းကို ထားခဲ့ချင်တယ်။ အလှူငွေ ကျပ် ၇.၅၀ ပဲ။”
၄ ဧပြီ ၁၅ (ဝါ နောက်ဆုံးထုတ်) ကင်းမျှော်စင်ကိုပေါ်လွင်စေခြင်း– စာမျက်နှာ ၄ ပါဆောင်းပါးက “ယုံကြည်စိတ်ချလောက်သောလမ်းပြမှုကို သင်အဘယ်မှာ ရှာတွေ့နိုင်မည်နည်း” ဟုမေးထားပါသည်။
မိမိကိုယ်ကို မိတ်ဆက်ပြီးနောက် ဤသို့ဆိုနိုင်သည်–
▪ “အခု [ရပ်ကွက်တွင်စိုးရိမ်နေကြသည့်အရာအချို့ သို့မဟုတ် သတင်းခေါင်းစဉ်တစ်ခုကို ဖော်ပြ] စတဲ့ပြဿနာတွေ ကမ္ဘာပေါ်မှာ များလွန်းလို့ ဒီလိုဒုက္ခမျိုးကနေ လွတ်မြောက်ဖို့ရန်တစ်ဦးတစ်ယောက်ရှာတွေ့ နိုင်ပါ့မလားဆိုပြီး စဉ်းစားစရာဖြစ်စေပါတယ်။ ဝမ်းသာစရာကား ကျမ်းစာဟာ ပျော်ရွှင်လုံခြုံတဲ့ ဘဝလမ်းစဉ်ကို ညွှန်ပြတယ်လို့ ၂ တိမောသေ ၃:၁၆၊ ၁၇ ကအာမခံထားတယ်။” ဤအခန်းငယ်များကိုဖတ်ပြီးနောက် သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချလောက်သောလမ်းပြမှု အဘယ်ကြောင့်ဖြစ်ရသည်ကို နားလည်ရန် ကင်းမျှော်စင်က မည်သို့ကူညီပေးကြောင်း ဖော်ပြပါ။
၅ နိုးလော့!ကိုတင်ပြလိုလျှင် မေ ၈ (ဝါ နောက်ဆုံးထုတ်) စာစောင်ကိုအသုံးပြု၍ “သားသမီးများအတွက် စစ်မှန်သောမျှော်လင့်ချက်” ဆောင်းပါးကိုအသုံးပြုနိုင်ပါသည်။ သားသမီးလိုအပ်ရာများနှင့် သူတို့အား မည်သို့ကူညီပေးနိုင်မည်ကို သိလိုကြသော စိုးရိမ်မကင်းဖြစ်သည့် မိဘများအားတွေ့ဆုံပေမည်။
၆ အခြားသူများသည် နိုင်ငံတော်မျှော်လင့်ချက်ကို ယုံကြည်လက်ခံပြီး စကြဝဠာအချုပ်အခြာအရှင်အဖြစ် ယေဟောဝါအား ချီးမွမ်းခြင်း၌ပါဝင်စေခြင်းငှာ ကမ္ဘာပေါ် အကောင်းဆုံးဖြစ်သည့် ကျွန်ုပ်တို့မဂ္ဂဇင်းအပေါ် ကိုယ်တိုင်အားရမည်ဆိုလျှင် ယင်းတို့ကို ဝေငှလိုစိတ်ပြင်းပြပါလိမ့်မည်။—ဆာလံ ၈၃:၁၈။