သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှအပြည့်အဝ အကျိုးခံစားခြင်း
၁ ကျမ်းစာသမ္မာတရားတို့ကို အခြားသူများအား ထိရောက်စွာဖော်ပြနိုင်ရန် ‘သင်ကြားခြင်းအရည်အချင်း’ တိုးပွားရေးတွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် များစွာအကျုံးဝင်ခဲ့ပြီ။ (၂ တိ. ၄:၂) ပတ်စဉ်ပတ်တိုင်းကျမ်းစာမှ တန်ဖိုးရှိအကြောင်းအမျိုးမျိုးကို သဘောပေါက်နားလည်လာကြသည်။ ဤကျောင်း၏ပြင်ဆင်ချက်မှ အရေးကြီးသွန်သင်မှုကို အပြည့်အဝအကျိုးခံစားနေရကြောင်း မည်သို့သေချာနိုင်မည်နည်း။
၂ အစည်းအဝေးတွင် တတ်သိလာနိုင်မည့် စိတ်ဝင်စားစရာအချက်အချို့ကို နိဒါန်းစကား၌ ကျောင်းကြီးကြပ်မှူး ပေါ်လွင်စေသည့်အခါ ဂရုစိုက်နားထောင်ပါ။ သူမေးမြန်းမည့် မေးခွန်းများနှင့် ယင်းအတွက်အဖြေကို သင့်ဓမ္မအမှုတွင် မည်သို့အသုံးပြုနိုင်မည်အကြောင်း စဉ်းစားကြည့်ပါ။
၃ သွန်သင်ဟောပြောချက်သည် ပုံနှိပ်စာတမ်းကို ပြန်လည်တင်ပြပြောဆိုခြင်းမျှမဟုတ်ပါ။ ထိုအကြောင်းကို မည်သို့လက်တွေ့အသုံးပြုနိုင်၍ သင့်အား မည်သို့အကျိုးပြုနိုင်သည်ကို အာရုံပြုစေသည်။ ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် အဓိကအချက်များကို ပိုမိုအာရုံပြုစေနိုင်ရန်နှင့် ဆက်၍ နှုတ်တိုက်ပြန်လည်မေးမြန်းခြင်းတွင် ပါဝင်နိုင်ရန် အကူအညီပေးပါလိမ့်မည်။
၄ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို မှန်မှန်ပြုလုပ်ခြင်းအားဖြင့်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တန်ဖိုးထားလေးမြတ်မှု ပိုနက်ရှိုင်းလာစေမည်။ ထပ်ဆင့်လေ့လာသုံးသပ်ခြင်းအားဖြင့် သမ္မာတရားနားလည်မှုကို တိုးမြှင့်ပေးမည့်အပြင် သစ်လွင်၍ စိတ်ဝင်စားဖွယ် အသေးစိတ်အချက်အလက်များကိုပါ သိရှိလာစေမည်။ သမ္မာကျမ်းစာ၏ပေါ်လွင်ချက်များကို တင်ပြခြင်းသည် ကျမ်းစာမှတ်တမ်းကို ထပ်မံဖော်ပြရုံမျှမဟုတ်ပါ။ ခြုံငုံချက်ကို အကျဉ်းချုပ် ပြန်လည်ဖော်ပြပြီးနောက် ဟောပြောသူသည် သတ်မှတ်ထားသည့် ကျမ်းပိုဒ်များပါ ထူးခြားချက်များကို ပေါ်လွင်စေ၍ ယင်းတို့သည် ကျွန်ုပ်တို့၏ဘဝအသက်တာနှင့် ဝတ်ပြုရေးတွင် မည်သို့ဆက်စပ်နေကြောင်း ဖော်ပြပါလိမ့်မည်။ ကျမ်းစာသွန်သင်ချက်ကို မည်သို့ကောင်းစွာကျင့်သုံးနိုင်ရန် သင်ယူနိုင်မည်အကြောင်း အာရုံစူးစိုက်နားထောင်ပါ။—ဆာ. ၁၁၉:၁၀၅။
၅ ကျောင်းသားဟောပြောချက်ပေးရန် တာဝန်ရမည်ဆိုလျှင် သင်လောလောဆယ်ကြိုးစားရမည့် အချက်ကို သတိပြုပါ။ ကျောင်းညွှန်းစာအုပ်ပါ ထိုဟောပြောခြင်းအရည်အချင်းနှင့်စပ်လျဉ်းသည့် အကြံပြုချက်များကို ပြန်ဖတ်ရှုပြီးနောက် လက်တွေ့အသုံးပြုရန် ကြိုးစားပါ။ သင့်ဟောပြောချက်ကို ပြင်ဆင်ရာတွင် လယ်ကွင်း၌ လက်တွေ့ကျမည့်အချက်များကို အလေးအနက်ဖော်ပြရန် ကြိုးစားပါ။—ကည စစ. ၉၄-၉၆။
၆ သင်သည် ဟောပြောချက် နံပါတ် ၃ သို့မဟုတ် နံပါတ် ၄ ကိုပေးရန် တာဝန်ရသော ညီအစ်မတစ်ဦးဖြစ်ပါက ယုတ္တိရှိအခြေအနေမျိုးကို အသုံးပြုပြောဆိုပါ။ အိမ်ရှင်ဖြစ်သူသည် သင်ပြောဆိုလေသမျှကို လက်ခံသည်၊ သို့မဟုတ် လက်မခံဘဲနေပေမည်; ထိုသူအား ကျမ်းစာမူကို စဉ်းစားဆင်ခြင်ရန် မည်သို့အကူအညီပေးနိုင်ကြောင်း ဖော်ပြပါ။ (ကည စစ. ၄၄-၉) ယင်းသို့ပြုခြင်းအားဖြင့် လယ်ကွင်းလုပ်ငန်းတွင် ထပ်တူကန့်ကွက်ပြောဆိုချက်များကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ပရိသတ်အား သဘောပေါက်စေသည်။ ကောင်းစွာကြိုတင်ပြင်ဆင်ထားပါ။ အိမ်ရှင်နှင့် စောစီးစွာလေ့ကျင့်ထားရန် စီစဉ်ပါ။ အစည်းအဝေးစပြီးနောက်မှ လေ့ကျင့်နေစရာအကြောင်း မပေါ်သင့်ပါ။
၇ ဟောပြောချက်ပေးမည့် ကျောင်းသားများသည် အရှေ့တန်းတွင် ထိုင်ကြရန် အားပေးတိုက်တွန်းပါသည်။ သို့ပြုခြင်းဖြင့် အချိန်မကုန်စေဘဲ ကျောင်းကြီးကြပ်မှူးသည် မိမိ၏ သွန်သင်ချက်များကို နှစ်ကိုယ်ကြားပြောဆိုနိုင်ရန် အခွင့်ရရှိစေသည်။ ကျောင်းညွှန်းစာအုပ်ကိုအခြေခံ၍ သူပေးသော တိကျသည့်သွန်သင်ချက်များမှ အားလုံးအကျိုးခံစားနိုင်ပါမည်။ စကားပြောသွန်သင်ချက်စာရွက်ပါ စကားပြောအချက်အလက် အစီအရီအတိုင်း သူသွန်သင်ချက်မပေးဘဲ အကောင်းဆုံး တိုးတက်နိုင်ရေးအတွက် အသင် လောလောဆယ်လိုအပ်နေသည့်အချက်ကို သူရွေးချယ်ပြောဆိုပေမည်။
၈ ဤအကြောင်းအားလုံးတို့သည် သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို ပတ်စဉ်မှန်မှန်တက်၍ ယင်းအတွက် ပြင်ဆင်သင့်သည့် အကြောင်းကောင်းများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ရရှိမည့် သွန်သင်ချက်များသည် ဓမ္မအမှုကို ပညာရှိရှိ ကျွမ်းကျင်လိမ္မာစွာ ကျွန်ုပ်တို့ဆောင်ရွက်နိုင်ရန် အကူအညီပေးနိုင်ပါသည်။—သု. ၁:၅။