ကိုယ်ပိုင်လေ့လာမှု—စဉ်းစားစရာကိစ္စ
၁ အဘယ်ကိစ္စများသည် အလေးအနက်စဉ်းစားစရာများဖြစ်သနည်း။ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံမှုရှိရေးကို ပြုစုပျိုးထောင်ပေးခြင်း၌ စိတ်ဝင်စားနေသင့်သည်။ ဤသို့သောရင်းနှီးမှုကို တိုးတက်လာစေရန် ကိုယ်ပိုင်လေ့လာမှုက များစွာအကျိုးပြုသည်။ ယနေ့ ကြာမြင့်စွာ တွေးတောဆင်ခြင် လေ့လာသုံးသပ်ရန်အချိန်ရှိသူ အလွန်နည်းသည်။ သို့ဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့မှန်မှန်မဖတ်လျှင် လောကစိတ်ဓာတ်နှင့် ကိုယ်ကာယတပ်မက်ခြင်းတို့ကို ငြင်းဆန်နိုင်ရန် ခွန်အားမရှိနိုင်သည်အထိ အားပျော့ညံ့သွားနိုင်ပါသည်။
၂ နှုတ်ကပါဌ်တရားကို အလွန်လိုချင်သောစိတ် ရှိစေပါ– ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်း ကျွန်ုပ်တို့စသိရှိလာချိန်က ပိုမိုသိချင်စိတ် ပြင်းပြခဲ့ကြသည်။ သို့ရာတွင် အတန်ကြာလေသော် ကျွန်ုပ်တို့၏ ဝိညာဏအာဟာရကို ငတ်မွတ်ဆာလောင်စိတ် လျော့နည်းခဲ့ပေမည်။ ဝိညာဏအစာကို “အလွန်လိုချင်သောစိတ်ရှိ” စေရန် ပြုစုပေးဖို့ လိုအပ်နေပါလိမ့်မည်။ (၁ ပေ. ၂:၃) ဤအလွန်လိုချင်စိတ်ကို မည်သို့ပြုစုပျိုးထောင်နိုင်မည်နည်း။
၃ ကြိုက်နှစ်သက်ရာအစာ၏ ရနံ့သည် နှစ်မြို့ဖွယ်ရာများကို သတိရ အောက်မေ့စေသောကြောင့် ခံတွင်းတောင်းလာလိမ့်မည်။ အချိန်တို ကိုယ်ပိုင်လေ့လာမှု ပြုလုပ်လိုက်ရုံဖြင့် ဝိညာဉ်ရေးအရ ထပ်တူပင် ဖြစ်လာနိုင်သည်။ အရသာရှိ ဝိညာဏအစာ တစ်လုတ်နှစ်လုတ်စားရုံဖြင့် နက်နဲသော သမ္မာတရားကိုသုံးဆောင်ရန် ခံတွင်းလိုက်လာလိမ့်မည်။ သင်ယူ၍ရရှိသည့်ကျေနပ်မှုက ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို ပိုမိုစူးစမ်းရှာဖွေလေ့လာရန် အားပေးမှု ဖြစ်စေပေမည်။
၄ သင့်အတွက် အကျိုးအရှိဆုံးဖြစ်သည့် လုပ်ရိုးလုပ်စဉ်ကို ပြုစုပါ– အချို့သူများက ကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့ တစ်ညနေလုံးကို သတ်မှတ်ထား၏။ အခြားသူများမူကား ထိုမျှအချိန်မကြာသော်လည်း အကြိမ်ကြိမ်ပြုလုပ်လိုကြမည်။ နံနက်စောစောအချိန်တွင် ပိုအာရုံစူးစိုက်နိုင်မည်ဆိုလျှင် နံနက်စာမစားမီ လေ့လာရန် စိတ်ဆုံးဖြတ်ပေမည်။ ညနေချိန်တွင် ပိုမိုနိုးကြားမည်ဆိုလျှင် ညအိပ်ရာမဝင်မီ လေ့လာမှုပြုလုပ်လိုပေမည်။ မည်သို့ဆိုစေကာမူ အရေးကြီးသည်ကား မှန်မှန်ပြုလုပ်ရန်နှင့် သင့်အတွက် အကောင်းဆုံးလုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကိုင်ရန် ဖြစ်သည်။
၅ ကိုယ်ပိုင်လေ့လာမှု များများပြုလုပ်ကြရန်အားပေးတိုက်တွန်းခံရလျှင် ယခုပင် အချိန်မရနိုင်သည့်တိုင် အလုပ်များနေကြောင်း ချက်ချင်းဆင်ခြေပေးလိုမည်။ သို့ရာတွင် မိမိတို့အချိန်ကို မည်သို့အသုံးပြုကြောင်း ရိုးသားမှန်ကန်စွာ အကဲဖြတ်ဖို့လိုသည်။ နေ့စဉ်ရုပ်မြင်သံကြားရှေ့ အချိန်များစွာအကုန်ခံနေပါသလော။ စိတ်ကြိုက်လုပ်ငန်းတစ်ခုခုကို စွန့်လွှတ်ရန်အသင့်ရှိပါသလော။ ကျွန်ုပ်တို့၏အချိန်ကို မည်သို့အသုံးပြုနေကြောင်း အရှိကိုအရှိအတိုင်း စစ်ဆေးကြည့်ခြင်းအားဖြင့် ကိုယ်ပိုင်လေ့လာမှုကို ပိုအကျိုးရှိစွာပြုလုပ်ရန် နေ့စဉ်အချိန်အနည်းငယ်ရှိကြောင်း တွေ့ရှိလာပေမည်။—ဧ. ၅:၁၅၊ ၁၆။
၆ ဘုရားသခင့်နှုတ်ကပါဌ်တော် လေ့လာခြင်းကို အာရုံစူးစိုက်သင့်သည်။ တစ်ချိန်တည်းတွင် အခြားအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်းသည် အကျိုးဖြစ်ထွန်းမှု လျော့နည်းစေလိမ့်မည်။ အစာစားစဉ်၊ ရေဒီယိုနားထောင်စဉ်၊ ရုပ်မြင်သံကြား ကြည့်စဉ် လေ့လာမှုပြုလုပ်မည်ဆိုလျှင် ကြိုးစားသင်ယူနေသည့်အကြောင်းကို အာရုံအပြည့်ပေးနိုင်မည်မဟုတ်ပါ။ (၁ တိ. ၄:၁၅) ထိုကြောင့် အာရုံလွင့်စေမည့်အရာများကို ရှောင်ကြဉ်ရန် လိုသည်။—ကျောင်းညွှန်း၊ စာမျက်နှာ ၃၅-၆ ရှု။
၇ ကျမ်းစာသြဝါဒကို နေ့စဉ်လေ့လာ ကျင့်သုံးခြင်းသည် အရေးကြီးသည်။ အကြောင်းမှာ ယေဟောဝါထံတော်မှ လမ်းပြညွှန်ကြားမှုကို ဤနည်းဖြင့် ကျွန်ုပ်တို့ရရှိကြသည်။ ပုံနှိပ်စာမျက်နှာပေါ်မှ သမ္မာတရားကို သင့်နှလုံးထဲရောက်စေရန် ပန်းတိုင်ထားပါ။ အချိန်မည်မျှပင် တိုတောင်းစေကာမူ အခွင့်အရေးရသရွေ့ ဝိညာဏရေးရာများကို ဖတ်ရှုလေ့လာ၊ ပြန်လည်သုံးသပ်၍ တွေးတောဆင်ခြင်ပါ။—တရား. ၆:၆-၈; ကော. ၁:၉၊ ၁၀။