နားထောင်ချင်စိတ်ရှိရန် မည်သို့ ပြုလုပ်နိုင်မည်နည်း
၁ ဖိလိပ္ပိမြို့တွင် “နီမောင်းသောအထည်အလိပ်ကိုရောင်းသော . . . လုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် . . . တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။” (တ. ၁၆:၁၄) ဤအကြောင်းမှ အဘယ်သင်ခန်းစာရသနည်း။ နားထောင်မည်ဆိုလျှင် အမှန်တရားရနိုင်စရာအကြောင်းရှိခြင်းဖြစ်သည်။ နိုင်ငံတော်သတင်းဟောပြောရာတွင် ကျွန်ုပ်တို့အောင်မြင်မှုတွေ့ရှိခြင်းသည် လိုလိုလားလားနားထောင်သော အိမ်ရှင်များအပေါ် များစွာမူတည်သည်။ နားထောင်သူကို တွေ့ ကြုံပြီဆိုလျှင် သတင်းတရားတင်ပြရန် လွယ်ကူသွားပေသည်။ သို့သော် နားထောင်စေရန် ပြုလုပ်ခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ ကျွန်ုပ်တို့ မည်သို့ ပြုလုပ်နိုင်သနည်း။
၂ လုပ်ငန်းတော်တွင် မပါဝင်မီ ကျွန်ုပ်တို့၏ပုံပန်းနှင့် အသုံးပြုမည့်ပစ္စည်းများကို ဂရုပြုသင့်သည်။ အဘယ်ကြောင့်နည်း။ လူတို့သည် သိက္ခာရှိပုံပေါက်သူ၏စကားကို ပိုနားထောင်လိုကြသည်။ မိမိနှင့်လိုက်ဖက်အောင် ဣန္ဒြေရှိရှိဝတ်စားဆင်ယင်သလော။ ဖြစ်ကတတ်ဆန်းဝတ်စားဆင်ယင်ခြင်းသည် လောကတွင် ခေတ်စားနေသော်လည်း ဘုရားသခင်၏နိုင်ငံတော်ကိုယ်စားပြုသော အမှုဆောင်များအနေနှင့် ၎င်းအကျင့်ကို ရှောင်ကြဉ်ကြမည်။ ကျွန်ုပ်တို့၏ သန့်ရှင်းသပ်ရပ်သောအသွင်အပြင်သည် ကျွန်ုပ်တို့ဟောပြောနေသော နိုင်ငံတော်သတင်းတရားကို ဂုဏ်တင်သည်။
၃ ခင်မင်မှုပြပြီး လေးစားမှုရှိပါ– ယနေ့ လူ့စိတ်ထား များစွာပြောင်းလဲနေသည့်ကြားမှ သမ္မာကျမ်းစာကို တန်ဖိုးထားပြီး ကျမ်းစာပါအကြောင်းကို လေးလေးစားစား ခင်မင်ရင်းနှီးစွာ တင်ပြပြောဆိုခြင်းကို လက်ခံနားထောင်မည့်သူများစွာ ရှိသေးသည်။ ခင်မင်သောအပြုံးသည် အိမ်ရှင်ကို သက်သောင့်သက်သာရှိစေပြီး ဖော်ဖော်ရွေရွေစကားပြောဆိုဆွေးနွေးဖို့ လမ်းဖွင့်ပေးသည်။ ကျွန်ုပ်တို့စိတ်ရင်းမှန်ပြီး ရည်မွန်ကြောင်းကို ကျွန်ုပ်တို့၏အပြောအဆို၊ အကျင့်အကြံတို့က တင်ပြသင့်သည်။ ဤတွင် အိမ်ရှင်၏စကားကို လေးလေးစားစား နားထောင်ပေးခြင်းပါဝင်သည်။
၄ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သမ္မာကျမ်းစာရှိ မျှော်လင့်ချက်ကို သူတစ်ပါးအား ဝေမျှခြင်းဖြစ်သည်။ ယင်းကြောင့်လည်း ကျွန်ုပ်တို့ပြောဆိုသောစကားသည် အတိုက်အခံပြုစကားများ၊ သို့မဟုတ် စိန်ခေါ်ချက်များ မဖြစ်သင့်ဘဲ နှစ်လိုဖွယ်ဖြစ်သင့်သည်။ အတိုက်အခံပြုသူတစ်ဦးနှင့် အချိန်ကုန်ခံပြီး အငြင်းပွားနေစရာမလိုပါ။ (၂ တိ. ၂:၂၃-၂၅) ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုနှင့် ဆင်ခြင်စာအုပ်၌ပါသည့် အားပေးတည်ဆောက်မှုဖြစ်ပြီး အခန့်သင့်သော တင်ဆက်ပြောဆိုနည်းအမျိုးမျိုးမှ ရွေးချယ်ပြောဆိုနိုင်ပါသည်။ ထို့ကြောင့် ရင်းနှီးဖော်ရွေ၊ ယုံကြည်စိတ်ချနိုင်လောက်ဖွယ် ပြောဆိုနိုင်ရန် ကောင်းစွာပြင်ဆင်ထားသင့်သည်။—၁ ပေ. ၃:၁၅။
၅ ကျွန်ုပ်တို့သွားရောက်ချိန်က ပြောဆိုခဲ့သောစကားကို အိမ်ရှင်အများ အတိအကျ မမှတ်မိနိုင်ကြပါ။ သို့ရာတွင် ကျွန်ုပ်တို့ပြောဆိုခဲ့ပုံကိုကား အားလုံးလိုလို မှတ်မိကြပါသည်။ ကောင်းမှုနှင့် ကြင်နာမှု၏တန်ခိုးကို ကျွန်ုပ်တို့ အထင်မသေးသင့်ပါ။ ပထမရာစုက လုဒိသည် သမ္မာတရားကို နားထောင်ချင်စိတ်ရှိခဲ့သည်နည်းတူ ကျွန်ုပ်တို့ရပ်ကွက်များတွင်လည်း သိုးကဲ့သို့စိတ်ထားရှိသူ မြောက်မြားစွာရှိမည်မှာအမှန်ပင်။ ကျွန်ုပ်တို့၏ပုံပန်းသဏ္ဌာန်နှင့် ပြောပုံဆိုပုံကို အသေအချာဂရုစိုက်ခြင်းအားဖြင့် စိတ်ရင်းမှန်သူများ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နားထောင်ချင်စိတ်ရှိလာစေရန် အမှန်ပြုလုပ်ပေးနိုင်ပါမည်။—မာ. ၄:၂၀။