ကျွန်ုပ်တို့တွင် တာဝန်တစ်ခုရှိနေ
၁ ယေရှုသည် မိမိ၏နောက်တော်လိုက်များအား “လူမျိုးတကာတို့ကိုတပည့်ဖြစ်စေ” ရန်အမိန့်ပေးခဲ့သည်။ (မ. ၂၈:၁၉) ကမ္ဘာတစ်ဝန်းရှိ ၂၃၂ နိုင်ငံနှင့်ကျွန်းကြီးကျွန်းငယ်များတွင် ယေဟောဝါဘုရားသခင်အားချီးမွမ်းသူငါးသန်းကျော်သည် ယေရှု၏အမိန့်တော်ကိုပြည့်စုံစေရန် သက်ရှိအထောက်အထားကိုပေးကြသည်။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်ကောအသို့နည်း။ ဟောပြောရန်တာဝန်ကို ကျွန်ုပ်တို့ အလေးအနက်ထားပါသလော။
၂ ကျင့်ဝတ်ဆိုင်ရာတာဝန်– တာဝန်တစ်ခုဟူသည် “သတ်မှတ်ပြဋ္ဌာန်းထားသောလုပ်ရပ်များကိုလုပ်ဆောင်ရန် ပညတ်ချက်တစ်ခု” ဖြစ်သည်။ ကျွန်ုပ်တို့သည် ဟောပြောရန် ခရစ်တော်၏ပညတ်ချက်အောက်တွင်ရှိကြသည်။ (တ. ၁၀:၄၂) သတင်းကောင်းကိုဟောပြောရန်လိုအပ်ချက် သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာတာဝန်တစ်ခုသည် မိမိအပေါ်တွင်ရှိနေကြောင်း တမန်တော်ပေါလုသဘောပေါက်ခဲ့သည်။ (၁ ကော. ၉:၁၆) ဥပမာ– သင်သည် မြုပ်တော့မည့်သင်္ဘောပေါ်ရှိ သင်္ဘောသားတစ်ဦးဖြစ်သည်ဟု မြင်ယောင်ကြည့်ပါ။ ကပ္ပတိန်က ခရီးသည်များကိုသတိပေးရန်နှင့် အသက်ကယ်လှေသို့ညွှန်ပြရန် သင့်အား အမိန့်ပေးသည်။ သင်သည် ထိုအမိန့်ကို လျစ်လျူရှုပြီး သင့်ကိုယ်ကိုသာကယ်ရန် အာရုံစိုက်မည်လော။ ထိုသို့လုံးဝလုပ်မည်မဟုတ်ပါ။ အခြားသူများ၏အသက်သည် သင့်အပေါ်တွင်မူတည်နေသည်။ သူတို့၏အသက်သည် အန္တရာယ်ကြုံနေရသည်။ သင်သည် သူတို့ကိုကူညီပေးရန်သင့်တာဝန်ကို ကျင့်ဝတ်တရားနှင့်အညီလုပ်ဆောင်ရန် တာဝန်ရှိသည်။
၃ ကျွန်ုပ်တို့သည် သတိပေးချက်တစ်ခုကိုကြေညာရန် မွန်မြတ်သည့်တာဝန်ကို အပ်နှင်းခံထားရသည်။ ယေဟောဝါသည် မကြာမီ ဤဆိုးသွမ်းသောအစီအစဉ်စနစ်တစ်ခုလုံးကို အဆုံးတိုင်စေတော်မူမည်။ သန်းပေါင်းများစွာသောလူတို့၏အသက်သည် မသေမချာဖြစ်နေသည်။ အခြားသူများ၏အန္တရာယ်ကို လျစ်လျူရှုပြီး မိမိတို့လွတ်မြောက်ရန်သာ အာရုံစိုက်ခြင်းသည် မှန်ကန်ပါသလော။ လုံးဝမမှန်ကန်ပါ။ ကျွန်ုပ်တို့သည် အခြားသူများ၏အသက်ကယ်တင်ခံရရန် ကူညီပေးဖို့ ကျင့်ဝတ်တရားနှင့်အညီတာဝန်ရှိပါသည်။—၁ တိ. ၄:၁၆။
၄ တုပရန်သစ္စာရှိသောပုံသက်သေများ– ပရောဖက်ယေဇကျေလသည် သစ္စာမဲ့သောဣသရေလလူများအား သတိပေးစကားပြောကြားရခြင်းကို တာဝန်တစ်ခုအဖြစ်ယူမှတ်ခဲ့သည်။ တာဝန်ကိုလုပ်ဆောင်ဖို့ပျက်ကွက်ပါက ရရှိမည့်အကျိုးဆက်များကို သူ့အား ယေဟောဝါဤသို့ပြတ်ပြတ်သားသားသတိပေးခဲ့သည်– “သင်သည် အမှန်သေလိမ့်မည်ဟု လူဆိုးအားငါပြောလျက်နှင့်သင်သည်သတိမပေး . . . လျှင် ထိုလူဆိုးသည် မိမိအပြစ်၌သေလိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ ငါတောင်းမည်။” (ယေဇ. ၃:၁၈) ယေဇကျေလသည် ပြင်းထန်သောအတိုက်အခံများရင်ဆိုင်ရလျက်ပင် မိမိ၏တာဝန်ကို သစ္စာရှိရှိကျေပွန်စွာထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါ၏စီရင်ချက်များကျရောက်လာသောအခါ သူရွှင်လန်းနိုင်ခဲ့သည်။
၅ ရာစုနှစ်များစွာကုန်လွန်လာပြီးနောက် တမန်တော်ပေါလုသည် ဟောပြောရန်မိမိ၏တာဝန်အကြောင်းရေးသားခဲ့သည်။ သူဤသို့ကြေညာခဲ့သည်– “လူအပေါင်းတို့၏အသွေးနှင့်ငါကင်းလွတ်သည်ဟု ယနေ့၌သင်တို့အားငါသက်သေခံ၏။ ဘုရားသခင်၏အလိုတော်ကို သင်တို့အားအကုန်အစင်ဟောပြောပြသခြင်းအမှုကို ငါသည်မလွဲမရှောင်ဘဲပြုခဲ့ပြီ။” ပေါလုသည် လူသိရှင်ကြားနှင့် တစ်အိမ်မှတစ်အိမ်ဟောပြောခဲ့သည်။ အကြောင်းမှာ ထိုသို့လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် သူ့အား ဘုရားသင်ရှေ့သွေးပြစ်သင့်စေနိုင်သည်ကို အသိအမှတ်ပြုခဲ့သောကြောင့်ဖြစ်သည်။—တ. ၂၀:၂၀၊ ၂၆၊ ၂၇။
၆ ယေဇကျေလ၏ဇွဲမျိုး ကျွန်ုပ်တို့၌ရှိပါသလော။ ပေါလုနည်းတူဟောပြောရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရသလော။ ကျွန်ုပ်တို့၏တာဝန်သည် သူတို့၏တာဝန်ကဲ့သို့ထပ်တူဖြစ်သည်။ ဥပေက္ခာပြုခြင်း၊ ဂရုမမူခြင်း သို့မဟုတ် အတိုက်အခံများရှိစေကာမူ ကျွန်ုပ်တို့သည် အခြားသူများကိုသတိပေးရန်တာဝန်ကို ဆက်၍ကျေပွန်အောင်လုပ်ဆောင်နေရမည်။ ထပ်၍ထောင်ပေါင်းများစွာသောလူများသည် နိုင်ငံတော်သတင်းတရားကို တုံ့ ပြန်ပြီး ဤသို့ကြေညာနိုင်ကြသေးသည်– “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည်ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်။” (ဇာ. ၈:၂၃) ဘုရားသခင်နှင့်လူလူချင်းကိုချစ်သည့်မေတ္တာက ကျွန်ုပ်တို့အား လက်လျှော့မသွားရန် လှုံ့ဆော်မှုဖြစ်ပါစေ။ ကျွန်ုပ်တို့တွင် ဟောပြောရန်တာဝန်တစ်ခုရှိနေပါသည်တကား!