အမြဲတက်ရောက်နေရခြင်းသည် မည်မျှကောင်းလိုက်လေစွ!
၁ အရှေ့ဥရောပတွင် ကျွန်ုပ်တို့၏ချစ်လှစွာသောညီအကိုများသည် လူသိရှင်ကြားစုရုံးခြင်းမပြုရန် ဆယ်စုနှစ်ချီ၍ပိတ်ပင်ခံခဲ့ရ၏။ ပိတ်ပင်မှုများကိုရုပ်သိမ်းလိုက်ပြီး လွတ်လပ်စွာစုရုံးနိုင်ကြသောအခါ သူတို့၏ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါ!
၂ ထိုသို့သောအသင်းတော်တစ်ခုသို့ လည်ပတ်ခြင်းနှင့်စပ်လျဉ်း၍ တိုက်နယ်ကြီးကြပ်မှူးတစ်ဦး ဤသို့စာရေးခဲ့၏– “အင်္ဂါနေ့ညနေမှာ ကျွန်တော့်လည်ပတ်မှုစတာနဲ့ အပူပေးစနစ်ပျက်သွားတယ်။ အပြင်မှာ အပူချိန်က ရေခဲအမှတ်နီးပါးရှိပြီး အတွင်းမှာက ၄၀ ဒီဂရီဖာရင်ဟိုက်လောက်သာရှိတယ်။ ညီအကိုတွေဟာ ကုတ်အင်္ကျီ၊ လည်စည်းပဝါ၊ လက်အိတ်၊ လျှာထိုးဦးထုပ်၊ ဘွတ်ဖိနပ်တွေကိုဝတ်ပြီးထိုင်ရတယ်။ စာရွက်မလှန်နိုင်တာကြောင့် ဘယ်သူမှ ကျမ်းစာဖွင့်မဖတ်နိုင်ကြဘူး။ ကျွန်တော့်ဝတ်စုံနဲ့စင်မြင့်ပေါ်မှာရပ်နေရတာ အေးတောင့်နေပြီး စကားပြောတဲ့အခါတိုင်း ကျွန်တော့်ပါးစပ်ကအငွေ့ထွက်တာကို မြင်ရတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုစွဲမှတ်သွားစေတဲ့အရာကတော့ ညည်းညူတဲ့စကားတစ်ခွန်းကိုမျှမကြားရခြင်းပါပဲ။ ညီအကိုအားလုံးက ဒီလိုစည်းဝေးတက်ရတာ ဘယ်လောက်ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းသလဲလို့ ပြောကြတယ်!” ထိုညီအကိုများသည် ထိုစည်းဝေးကိုတက်ဖို့ပျက်ကွက်ရန် စိတ်ပင်မကူးခဲ့ကြပေ!
၃ ယင်းကား ကျွန်ုပ်တို့၏ယူမှတ်ပုံလော။ ပတ်စဉ်အစည်းအဝေးများတွင် လွတ်လပ်စွာစုရုံးရသည့်အခွင့်အရေးကို ကျွန်ုပ်တို့မြတ်နိုးကြပါသလော။ သို့မဟုတ် အခြေအနေသာချိန်တွင် အစည်းအဝေးများကို အလေးမထားဘဲနေကြသလော။ အစည်းအဝေးများကိုမှန်မှန်တက်ရန်မှာ မလွယ်သည့်အပြင် စည်းဝေးမတက်ခြင်းအတွက် ကျွန်ုပ်တို့တွင် ခိုင်လုံသည့်အကြောင်းတစ်ရပ်ရှိသောအချိန်များ ရှိကောင်းရှိပေမည်။ သို့သော် အသက်အရွယ်ကြီးရင့်လာခြင်း၊ ပြင်းထန်သောကျန်းမာရေးပြဿနာများ၊ ကိုယ်ခန္ဓာချို့ယွင်းမှုများ၊ အားသွန်ခွန်စိုက်လုပ်ရသောအလုပ်ဇယားများနှင့် အခြားအရေးကြီးသည့်တာဝန်များရှိသော်ငြားလည်း အစည်းအဝေးများ၏အရေးကြီးမှုကိုနားလည်ပြီး အမြဲလိုလိုပင်တက်ရောက်ကြသူများ ကျွန်ုပ်တို့အလယ်တွင်ရှိသည်ကို ဘယ်အခါမျှမမေ့ပါနှင့်။ ကျွန်ုပ်တို့အတွက် တုပရန် အလွန်ကောင်းသည့်ပုံသက်သေများပါတကား!—လုကာ ၂:၃၇ နှိုင်းယှဉ်။
၄ စာအုပ်ကြီးသင်တန်းအုပ်စုငယ်မှစ၍ စည်းဝေးကြီးအထိ ခရစ်ယာန်စည်းဝေးအားလုံးကိုတက်ရောက်ခြင်းဖြင့် စစ်မှန်သောဝတ်ပြုရေးအားထောက်ခံခြင်းကို ကျွန်ုပ်တို့၏အလေ့အထဖြစ်စေကြစို့။ ဤစည်းဝေးများတက်ရောက်ခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်ဤမျှအလေးထားရသနည်း။ အကြောင်းမှာ အတူတကွစုရုံးခြင်းသည် ဘုရားသခင်၏မိန့်မှာချက်တစ်ခုဖြစ်သောကြောင့်တည်း။ သို့သော် အခြားအရေးကြီးသောအကြောင်းများလည်းရှိ၏။ ကျွန်ုပ်တို့အားလုံးသည် အစည်းအဝေးများတွင်ရရှိသည့် မြင့်မြတ်သောသွန်သင်မှု၏အကျိုးကျေးဇူးများနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ထောက်မမှုလိုအပ်သည်။ (မ. ၁၈:၂၀) ကျွန်ုပ်တို့၏ညီအကိုများနှင့် ပေါင်းသင်းရသောအချိန်တွင် အပြန်အလှန်အားပေးမှုဖြင့် တည်ဆောက်ပေးခြင်းကို ကျွန်ုပ်တို့ခံရကြသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၅ ကိုယ်ယောင်ထွန်းလင်းချိန်တွင် ပေတရုက “သခင်၊ ဤအရပ်၌နေဖွယ်ကောင်းပါ၏” ဟုဆိုခဲ့သည်။ (လု. ၉:၃၃) ကျွန်ုပ်တို့၏ခရစ်ယာန်စည်းဝေးများနှင့်ပတ်သက်၍လည်း ထိုအတိုင်းပင်ယူမှတ်သင့်၏။ အမှန်ပင် အမြဲတက်ရောက်နေရခြင်းသည် မည်မျှကောင်းလိုက်လေစွ!