ဦးဆောင်နေသောကြီးကြပ်မှူးများ—ဦးစီးကြီးကြပ်မှူး
၁ အသင်းတော်တွင် ကြီးကြပ်မှူးတစ်ဦးအနေနှင့်အမှုဆောင်ခြင်းသည် ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်၏။ (တ. ၂၀:၂၈; ၁ တိ. ၃:၁) ယင်းသည် ကျွန်ုပ်တို့၏အကျိုးအတွက် သူတို့လုပ်ဆောင်ပေးသော အရေးကြီးလုပ်ငန်းကို ကျွန်ုပ်တို့အားလုံးလေးမြတ်နိုင်ရန် အကြီးအကဲများ၏တာဝန်အသီးသီးကို အကြမ်းဖျင်းဖော်ပြထားသည့်ဆောင်းပါးများမှ ပထမဆောင်းပါးဖြစ်သည်။
၂ အသင်းမသည် အချိန်အကန့်အသတ်မရှိအမှုဆောင်ရန် ဦးစီးကြီးကြပ်မှူးကို ခန့်အပ်ပေး၏။ ဦးစီးကြီးကြပ်မှူးသည် ကိစ္စရပ်များကိုညှိနှိုင်းဆောင်ရွက်ပေးသောကြောင့် ယင်းက အကြီးအကဲများအား မိမိတို့၏ကျရာတာဝန်များကို ကောင်းစွာအာရုံစိုက်ရန်ကူညီပေးသည်။ (ကျွန်ုပ်တို့၏ဓမ္မအမှု၊ စ. ၄၂) ယင်းက ဘာကိုဖြစ်ပေါ်စေသနည်း။
၃ ဦးစီးကြီးကြပ်မှူးသည် အသင်းတော်စာများကိုလက်ခံပြီး ကိုင်တွယ်သုံးသပ်ရန် ယင်းကို အတွင်းရေးမှူးသို့ချက်ချင်းပေးအပ်သည်။ အကြီးအကဲစည်းဝေးများအတွက် ပြင်ဆင်ရာတွင် ဦးစီးကြီးကြပ်မှူးသည် ဆွေးနွေးဖို့လိုအပ်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အကြီးအကဲများထံမှအကြံပြုချက်များရယူကာ စည်းဝေးအစီအစဉ်ကိုရေးဆွဲသည်။ သူသည် အကြီးအကဲစည်းဝေးများ၌ သဘာပတိအဖြစ်လည်းဆောင်ရွက်၏။ ဆုံးဖြတ်ချက်များချသည့်အခါ ယင်းကို လျောက်ပတ်စွာလုပ်ဆောင်ဖို့ သူသည် သေချာအောင်ပြုသည်။ လုပ်ငန်းတော်စည်းဝေးအတွက်ပြင်ဆင်ခြင်းနှင့် လူထုဟောပြောပွဲများအတွက် အစီအစဉ်ဆွဲခြင်းကို ကြီးကြပ်ပေးရသည်။ သူသည် အသင်းတော်ကိုကြေညာသည့် ကြေညာချက်အားလုံးကို လက်ခံအတည်ပြုပေးရသည်၊ သာမန်ကုန်ကျစရိတ် ပေးချေခြင်းအားလုံးကို အတည်ပြုပေးရသည်၊ သုံးလတစ်ကြိမ် အသင်းတော်စာရင်းစစ်ဆေးခြင်းကို သေချာအောင်လုပ်သည်။
၄ သဘာပတိအနေနှင့် ဦးစီးကြီးကြပ်မှူးသည် အသင်းတော်လုပ်ငန်းတော်ကော်မတီ၏လုပ်ငန်းကို ညှိနှိုင်းပေးသည်။ ကျမ်းစာသင်သားတစ်ဦးသည် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးအဖြစ် အသိအမှတ်ပြုဖို့တောင်းဆိုလာသော် သို့မဟုတ် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးသည် နှစ်ခြင်းခံလိုသော် ဦးစီးကြီးကြပ်မှူးသည် ထိုသူနှင့် အကြီးအကဲများတွေ့ဆုံရန်စီစဉ်ပေးသည်။ ဦးစီးကြီးကြပ်မှူးသည် တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုအတွက် ပြင်ဆင်ရာတွင်လည်း ဦးဆောင်ရသည်၊ ဤသို့ဖြင့် အသင်းတော်သည် အထူးအပတ်လုပ်ဆောင်မှုမှ အကျိုးအပြည့်အဝခံစားနိုင်မည်ဖြစ်သည်။
၅ ဦးစီးကြီးကြပ်မှူး၏တာဝန်သည် များပြားပြီး အမျိုးမျိုးအဖုံဖုံဖြစ်၏။ သူသည် မိမိ၏တာဝန်များကို “လုံ့လဝီရိယနှင့်” နှိမ့်ချစွာထမ်းဆောင်နေစဉ် ကျွန်ုပ်တို့အားလုံးသည် အကြီးအကဲများနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် မိမိတို့၏အပိုင်းကိုလုပ်ဆောင်နိုင်ပါသည်။ (ရော. ၁၂:၈) ကျွန်ုပ်တို့၏အလယ်တွင် ဦးဆောင်နေသူများကို “နာခံ” ၍ “လက်အောက်ခံ” ကြမည်ဆိုလျှင် သူတို့၏လုပ်ငန်းကို ကြီးမားသောရွှင်လန်းမှုဖြင့် ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။—ဟေဗြဲ ၁၃:၁၇၊ ကဘ။