အားလုံး ‘တရားစကားကို လှိုက်လှိုက်လှဲလှဲခံယူ’ ကြရမည်!
၁ သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေကြသည်။ သူတို့သည် ထာဝရအသက်အတွက် အရည်အချင်းပြည့်မီရန် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် နောင်တရပြီးနှစ်ခြင်းခံခဲ့ကြသောလူ ၃,၀၀၀ ပြုခဲ့သကဲ့သို့ ‘တရားစကားကို လှိုက်လှိုက်လှဲလှဲခံယူ’ ကြရမည်။ (တ. ၂:၄၁) ယင်းက ယနေ့ကျွန်ုပ်တို့အပေါ် မည်သည့်တာဝန်ကျရောက်စေသနည်း။
၂ ကျွန်ုပ်တို့၏ကျမ်းစာသင်သားများအား ယေဟောဝါထံ ဆည်းကပ်ဝတ်ပြုမှုတိုးပွားရန် ကူညီပေးဖို့လို၏။ (၁ တိ. ၄:၇-၁၀) ယင်းကြောင့် ဇွန် ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၂၀ ကဤသို့အကြံပြုသည်– “သင်အံမှုကျင်းပနေစဉ်ကာလအတွင်း ယေဟောဝါ၏ဂုဏ်ရည်တော်များအား လေးမြတ်သည့်သဘောကို တည်ဆောက်ပေးရန် အခွင့်အရေးရှာယူပါ။ ဘုရားသခင်နှင့်ပတ်သက်သော နက်ရှိုင်းလှသည့်သင့်ခံစားချက်များကို ထုတ်ဖော်ပြသပါ။ သင်သားအား ယေဟောဝါနှင့်နှစ်ကိုယ်ကြား နွေးထွေးသောဆက်ဆံရေး တိုးပွားလာစေမည့်အကြောင်းများကို စဉ်းစားဆင်ခြင်စေရန် ကူညီပါ။”
၃ ကျွန်ုပ်တို့ရင်ဆိုင်ရသည့်စိန်ခေါ်ချက်– မှောက်မှားသောဘာသာ၏သြဇာကိုခံရသော လူအများစုသည် သူတို့၏ဘဝလမ်းစဉ်တွင် အမှန်တကယ် မည်သည့်ပြောင်းလဲမှုမျှပြုရန်မလိုဘဲ အချိန်နှင့်အားထုတ်မှုအနည်းအကျဉ်းသာပါဝင်ရသည့် ဝတ်ပြုမှုပုံစံတစ်ခုနှင့် ကျေနပ်တင်းတိမ်နေကြသည်။ (၂ တိ. ၃:၅) ကျွန်ုပ်တို့ရင်ဆိုင်ရသည့်စိန်ခေါ်ချက်မှာ ကျမ်းစာသင်သားများအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကြားနာသူများဖြစ်ခြင်းထက်မကပါဝင်သော စစ်မှန်သည့်ဝတ်ပြုမှုကိုသိမြင်ရန် ကူညီပေးခြင်းဖြစ်သည်။ သူတို့သင်ယူသိရှိရာများကို အသက်တာတွင် လက်တွေ့ကျင့်သုံးကြရမည်ဖြစ်သည်။ (ယာ. ၁:၂၂-၂၅) တစ်ဦးစီ၏အကျင့်အကြံနှင့်ပတ်သက်၍ တစ်စုံတစ်ရာသည် ဘုရားသခင်နှစ်သက်လက်ခံနိုင်ရာမဖြစ်ပါက သူတို့သည် “ပြောင်းလဲ” ကာကိုယ်တော်နှစ်သက်ရန် မှန်ရာကိုလုပ်ဆောင်ဖို့တာဝန်ရှိကြောင်း အသိအမှတ်ပြုဖို့လိုသည်။ (တ. ၃:၂၀) သူတို့သည် ထာဝရအသက်ရရန် ‘အားသွန်ခွန်စိုက်ကြိုးစားအားထုတ်’ ကာ သမ္မာတရားအတွက် မြဲမြံစွာရပ်တည်ကြရမည်။—လု. ၁၃:၂၄၊ ၂၅။
၄ စာရိတ္တဆိုင်ရာအသွင်အမျိုးမျိုးကို ဆွေးနွေးသည့်အခါ သင့်ကျမ်းစာသင်သားအား ယင်းကိစ္စရပ်များကို သူ အမှန်တကယ်မည်သို့ရှုမြင်ကြောင်း၊ သူ၏အသက်တာတွင် ပြောင်းလဲဖို့လိုအပ်ချက်ကိုသိရှိလျှင် ဘာလုပ်သင့်ကြောင်း မေးပါ။ သမ္မာတရားကိုလေ့လာနေစဉ် သူ့အား အဖွဲ့အစည်းသို့ အာရုံစိုက်စေကာ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ဖို့ အားပေးပါ။—ဟေဗြဲ ၁၀:၂၅။
၅ ကျွန်ုပ်တို့၏သွန်သင်မှုဖြင့် သင်သား၏နှလုံးကိုထိမိရန် ပန်းတိုင်ထားကြစို့။ ကျွန်ုပ်တို့သည် လူသစ်များအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လှိုက်လှိုက်လှဲလှဲခံယူပြီး နှစ်ခြင်းခံရန် လှုံ့ဆော်ပေးကြသည်နှင့်အမျှ ရွှင်လန်းမှုကိုခံစားရပါလိမ့်မည်!—၁ သက်. ၂:၁၃။