သတင်းကောင်းကို စိတ်အားထက်သန်စွာဟောပြောလော့
၁ “ငါသည် . . . သင်တို့ကို အလွန်တွေ့ မြင်ချင်ပါ၏ . . . သင်တို့အား ဧဝံဂေလိတရားကိုဟောခြင်းငှာ စေတနာစိတ်ရှိ [“စိတ်အားထက်သန်၊” သတင်းကောင်း] ၏။” တမန်တော်ပေါလုသည် ရောမရှိညီအစ်ကိုများထံရေးသည့် မိမိ၏စာအစပိုင်းတွင် ယင်းသို့ဖော်ပြခဲ့သည်။ ပေါလုသည် သူတို့ထံလည်ပတ်ရန် အဘယ်ကြောင့်စိတ်အားထက်သန်ခဲ့သနည်း။ သူဤသို့ဆိုသည်– “သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ၊ . . . ငါသည် . . . ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ထိုတရားသည် . . . ကယ်တင်စေသောဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။”—ရော. ၁:၁၁-၁၆။
၂ ပေါလုသည် ဧဖက်မြို့ရှိ အသက်ကြီးသူအမျိုးသားများနှင့် စကားပြောဆိုရာတွင် ထပ်တူ စိတ်အားထက်သန်မှုကို ပေါ်လွင်စေခဲ့သည်။ သူတို့အား ဤသို့သူသတိပေးခဲ့သည်– “ငါသည် အာရှပြည်သို့ရောက်သောနေ့မှစ၍ . . . လူစုဝေးရာ၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သွား၍လည်းကောင်း သင်တို့အားသွန်သင်ပေးခြင်းအမှုကို ငါမပြုဘဲမနေ . . . ယုဒလူမျိုးနှင့်ဂရိလူမျိုးတို့အား စေ့စပ်စွာသက်သေခံခဲ့၏။” (တ. ၂၀:၁၈-၂၁၊ ကဘ) ပေါလုသည် မိမိ၏ခန့်အပ်ခံရပ်ကွက်တိုင်းတွင် ကယ်တင်ခြင်းသတင်းကောင်းကို ပျံ့နှံ့စေရန်နှင့် နိုင်ငံတော်အသီးရရှိရန် ရည်ရွယ်ခဲ့သည်။ တုပဖို့အလွန်ကောင်းသည့် စိတ်ဓာတ်ပါတကား!
၃ ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်သည် ရပ်ကွက်တွင် သတင်းကောင်းကြေညာရာ၌ ထပ်တူစိတ်အားထက်သန်မှုကို တင်ပြသလော။ ဟောပြောခြင်းလုပ်ငန်းကို တာဝန်တစ်ခုအနေဖြင့်သာရှုမြင်မည့်အစား လူများနိုင်သရွေ့များများကို သတင်းကောင်းဝေမျှရန် စိတ်အားထက်သန်ပါသလော။ ကျွန်ုပ်၏ကိုယ်ပိုင်အခြေအနေကို ဆုတောင်းသုံးသပ်ခဲ့ပြီလော။ တစ်အိမ်မှတစ်အိမ်၊ လမ်းပေါ်တွင်၊ စီးပွားရေးရပ်ကွက်များ၊ တယ်လီဖုန်းနှင့် အလွတ်သဘောဟောပြောခြင်းကဲ့သို့သော ကျွန်ုပ်တို့၏ရပ်ကွက်တွင်ရှိသည့် ဖြစ်နိုင်ခြေအားလုံးကို ဆန်းစစ်သုံးသပ်ခဲ့ပြီလော။’
၄ ဧပြီလအတွင်း စိတ်အားထက်သန်စွာပါဝင်ပါ– ဧပြီလသည် ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့တစ်ဦးစီ၏ပါဝင်မှုကို တိုးမြှင့်ရန် အချိန်အခါကောင်းဖြစ်သည်။ နာရီလျှော့၍တောင်းဆိုထားခြင်းက ပိုမို၍အရန်ရှေ့ဆောင်နိုင်စေသင့်သည်။ သင့်အခြေအနေသည် ဧပြီနှင့်မေလတွင် အရန်ရှေ့ဆောင်တစ်ဦးအဖြစ်အမှုဆောင်ရန် ခွင့်ပြုကောင်းခွင့်ပြုပေမည်။ သို့မဟုတ် သင်သည် တောင်းဆိုထားသောနာရီကိုပြုပြင်ထားခြင်းကြောင့် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် စာရင်းသွင်းနိုင်ပေမည်။ သင်သည် အသင်းတော်ကြေညာသူတစ်ဦးဖြစ်လျှင် ရှေ့ဆောင်လုပ်နိုင်သူများကိုထောက်ကူပေးကာ ဤလနှင့်နောက်လတွင် လုပ်ငန်းတော်၌ ခါတိုင်းထက်ပို၍အချိန်ကိုအသုံးပြုနိုင်မည်လော။ ထိုသို့ပြုခြင်းက ယေဟောဝါ၏နှလုံးကိုရွှင်ပြုံးစေမည်ဖြစ်သည်!
၅ နိုင်ငံတော်ကြေညာသူများသည် ပေါလုကဲ့သို့ ဟောပြောခြင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ခြင်းဖြင့် စိတ်အားထက်သန်မှုကို ဆက်၍တင်ပြသင့်သည်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းဖြင့် စစ်မှန်သောရွှင်လန်းမှုကိုခံစားရပါလိမ့်မည်။ မိမိ၏မြင့်မြတ်သောလုပ်ငန်းတော်တွင် ဤရွှင်လန်းမှုကို ပေါလုခံစားခဲ့ရသည်။ ကျွန်ုပ်တို့သည် သူ၏အလွန်ကောင်းသောပုံသက်သေကို တုပဖို့ကောင်းသည်။—ရော. ၁၁:၁၃၊ ၁၄; ၁ ကော. ၄:၁၆။