ယေဟောဝါ၏ကောင်းမြတ်ခြင်းကို တုပလော့
၁ အလွန်သာယာသောနေဝင်ဆည်းဆာ သို့မဟုတ် အရသာရှိသောအစားအစာတစ်ခုကို ပျော်မွေ့သုံးဆောင်ရပြီးနောက် ကောင်းမြတ်ခြင်းရှိသမျှ၏ရင်းမြစ်၊ ယေဟောဝါအား ကျေးဇူးတင်ရန် ကျွန်ုပ်တို့ လှုံ့ဆော်မခံရပေလော။ ကိုယ်တော်၏ကောင်းမြတ်ခြင်းက ကိုယ်တော်အား တုပလိုစိတ်ရှိရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ (ဆာ. ၁၁၉:၆၆၊ ၆၈; ဧ. ၅:၁) ကျွန်ုပ်တို့သည် ကောင်းမြတ်ခြင်းအရည်အသွေးကို မည်သို့ပြသနိုင်သနည်း။
၂ မယုံကြည်သူများအား– ယေဟောဝါ၏ကောင်းမြတ်ခြင်းကို တုပနိုင်သောနည်းတစ်နည်းမှာ ကျွန်ုပ်တို့နှင့် ယုံကြည်ခြင်းမတူသူများအတွက် အမှန်တကယ်စိုးရိမ်ကြောင်း ပြခြင်းအားဖြင့်ဖြစ်သည်။ (ဂလ. ၆:၁၀) လက်တွေ့ကျသောနည်းများဖြင့် ကောင်းမြတ်မှုပြခြင်းက ယေဟောဝါသက်သေများနှင့် ကျွန်ုပ်တို့ဟောပြောသည့် သတင်းတရားတို့နှင့်ပတ်သက်၍ သူတို့၏ရှုမြင်ပုံအပေါ် ကောင်းကျိုးသက်ရောက်စေနိုင်သည်။
၃ ဥပမာ၊ ဆေးခန်းတစ်ခုတွင် ရှေ့ဆောင်ညီအစ်ကိုငယ်တစ်ဦးသည် မိမိအလှည့်ကိုစောင့်နေစဉ် အခြားသူတို့ထက် ဖျားနေပုံရသည့် အမျိုးသမီးကြီးတစ်ဦး၏ဘေးတွင်ထိုင်သည်။ သူသည် ဆရာဝန်နှင့်တွေ့ဖို့အလှည့်ရောက်လာသောအခါ ထိုအမျိုးသမီးအား မိမိအလှည့်ကိုယူခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် သူသည် အမျိုးသမီးကြီးနှင့် ဈေးတွင်ပြန်ဆုံရာ အမျိုးသမီးကြီးသည် သူ့ကိုတွေ့ရ၍ အလွန်ဝမ်းသာသည်။ သူသည် ယခင်က သတင်းကောင်းကို လက်မခံခဲ့သော်လည်း ယေဟောဝါသက်သေများသည် မိမိတို့၏အိမ်နီးချင်းများကို တကယ်ချစ်ကြောင်း ယခု သူသိပြီဟုဆိုသည်။ သူနှင့် ပုံမှန်ကျမ်းစာသင်အံမှုတစ်ခု စတင်ခွင့်ရခဲ့သည်။
၄ ကျွန်ုပ်တို့၏ညီအစ်ကိုများအား– ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများအားကူညီရန် မိမိတို့ကိုယ်ကိုပေးဆက်ခြင်းဖြင့်လည်း ယေဟောဝါ၏ကောင်းမြတ်ခြင်းကို တုပကြသည်။ ဘေးဒဏ်ကြုံရချိန်တွင် ကျွန်ုပ်တို့သည် ညီအစ်ကိုများအား အဦးဆုံး သွားရောက်ကူညီပေးကြသည်။ ကျွန်ုပ်တို့သည် အစည်းအဝေးများသို့ ကြိုပို့ပေးရန်လိုအပ်သူများကို ကူညီပေးသည့်အခါ၊ အိုမင်းမစွမ်းသူများထံ လည်ပတ်သည့်အခါနှင့် အသင်းတော်တွင် ကောင်းစွာမသိကျွမ်းသေးသူများအတွက် ချစ်ခင်စုံမက်မှု တိုးချဲ့သည့်အခါ အဆိုပါစိတ်ဓာတ်ကို ပြသကြသည်။—၂ ကော. ၆:၁၁-၁၃; ဟေဗြဲ ၁၃:၁၆။
၅ ကောင်းမြတ်ခြင်းကို ယေဟောဝါပြသသည့် နောက်တစ်နည်းမှာ “ခွင့်လွှတ်ရန်အသင့်ရှိ” ခြင်းဖြစ်၏။ (ဆာ. ၈၆:၅၊ ကဘ) ကိုယ်တော်ကိုတုပသည့်အနေနှင့် ကျွန်ုပ်တို့သည် အခြားသူများအား ခွင့်လွှတ်ခြင်းဖြင့် ကောင်းမြတ်ခြင်းကို မြတ်နိုးကြောင်း ပြသနိုင်သည်။ (ဧ. ၄:၃၂) ယင်းက ယုံကြည်သူချင်းများနှင့် ကျွန်ုပ်တို့၏ပေါင်းသင်းမှုကို “ကောင်းမြတ်၍ တင့်တယ်” စေသည်။—ဆာ. ၁၃၃:၁-၃၊ သမ။
၆ ယေဟောဝါ၏ကြွယ်ဝသောကောင်းမြတ်ခြင်းက ကျွန်ုပ်တို့အား ကိုယ်တော်ကို တဖွဖွချီးမွမ်းစေကာ ရွှင်လန်းမှုဖြင့် ပြည့်လျှံလာနိုင်ပါစေ။ ယင်းက ပြုလေသမျှတွင် ကိုယ်တော်၏ကောင်းမြတ်ခြင်းကို ကြိုးစားတုပရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်ပါစေ။—ဆာ. ၁၄၅:၇; ယေ. ၃၁:၁၂။