ဘုရားရေးရာဉာဏ်ပညာ၏ ထူးကဲသောတန်ဖိုး
၁ လူအချို့က ယေဟောဝါသက်သေများသည် မိမိတို့၏ကြိုးပမ်းမှုများကို ယနေ့ လူသားများကြုံတွေ့နေရသည့် ပြဿနာများလျော့နည်းစေရန် ကူညီပေးခြင်းအပေါ် ပို၍တိုက်ရိုက်အာရုံစိုက်သင့်သည်ဟု ယူမှတ်ကြ၏။ ထိုသူတို့သည် ကျွန်ုပ်တို့ကျမ်းစာပညာပေးလုပ်ငန်း၏ ထူးကဲသောတန်ဖိုးကို မတွေ့မြင်ကြချေ။ တမန်တော်ပေါလု ရေးသားခဲ့သည့်အတိုင်းပင် ဖြစ်၏– “ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။” (၁ ကော. ၁:၁၈) မှန်ပါသည်၊ ခရစ်ယာန်ဓမ္မအမှုသည် ယနေ့ ကမ္ဘာပေါ်လုပ်ဆောင်လျက်ရှိသည့် အရေးကြီးဆုံးလုပ်ငန်းဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။
၂ ယခု သာ၍ကောင်းသောအသက်တာ– လူသားတို့၏ပြဿနာများကိုဖြေရှင်းရန် လူ့ကြိုးပမ်းမှုများသည် မဆိုစလောက်သာ အကျိုးရရှိခဲ့သည်။ ဥပဒေသည် ရာဇဝတ်မှုတိုးများလာမှုကို မဟန့်တားနိုင်ခဲ့ချေ။ ငြိမ်းချမ်းရေးစာချုပ်များနှင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များသည် စစ်ကို အဆုံးမတိုင်စေနိုင်ခဲ့ကြပေ။ လူမှုဖူလုံရေးအစီအစဉ်များက ဆင်းရဲနွမ်းပါးမှုကို မပပျောက်စေနိုင်ခဲ့ချေ။ (ဆာ. ၁၄၆:၃၊ ၄; ယေ. ၈:၉) ယင်းနှင့်ခြားနားလျက် နိုင်ငံတော်သတင်းသည် ဘုရားသခင်နှစ်သက်လက်ခံသော ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ရန် ကူညီပေးခြင်းဖြင့် သန်းနှင့်ချီသောအသက်တာများကို ပြောင်းလဲစေခဲ့ပြီ။ (ရော. ၁၂:၂; ကော. ၃:၉၊ ၁၀) ဤသို့ပြုခြင်းဖြင့် သူတို့သည် ယခုပင် တိုးတက်ကောင်းမွန်သောဘဝကို မွေ့လျော်ကြရသည်။—၁ တိ. ၄:၈။
၃ တောက်ပသောအနာဂတ်– ဘုရားရေးရာဉာဏ်ပညာသည် လတ်တလောပြဿနာများပြေလည်စေရန် ကူညီပေးသည့်အပြင် အနာဂတ်အတွက် ထိရောက်စွာစီမံရန်လည်း ကူညီပေး၏။ (ဆာ. ၁၁၉:၁၀၅) ယင်းက လက်ရှိအစီအစဉ်စနစ်ကို ပြုပြင်ပြောင်းလဲရန် အချည်းနှီးကြိုးပမ်းမှုများမှ ကင်းလွတ်စေ၏။ (ဒေ. ၁:၁၅; ရော. ၈:၂၀၊ ကဘ) လှည့်စားမှုတစ်ခုသာဖြစ်သောပန်းတိုင်များလိုက်စားရာတွင် ကျွန်ုပ်တို့၏အသက်တာကို ဖြုန်းတီးမနေသည့်အတွက် အလွန်ကျေးဇူးတင်စရာပင်! ယင်းအစား ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများနေထိုင်မည့် “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ဆိုင်ရာ ယေဟောဝါ၏သေချာသောကတိတော်အပေါ် အာရုံစိုက်၍ အားထုတ်ကြိုးပမ်းကြသည်။ ယေဟောဝါ၏တရားစီရင်ရာနေ့ ရောက်လာသောအခါ ဘုရားရေးရာဉာဏ်ပညာအပေါ် မှီခိုအားထားခဲ့သူများသည် မှန်ကန်သည့်ရွေးချယ်မှုပြုခဲ့ကြောင်း ထင်ရှားလိမ့်မည်။—၂ ပေ. ၃:၁၀-၁၃; ဆာ. ၃၇:၃၄။
၄ ဘုရားရေးရာဉာဏ်ပညာသည် “လောကီပညာ” ကို အလွန်အမင်းဆည်းပူးသူများအတွက် လက်တွေ့မကျပုံ ပေါက်မည်ဖြစ်သော်လည်း အမှန်မှာ ယင်းသည် လိုက်လျှောက်ရန် တစ်ခုတည်းသော လက်တွေ့ကျလမ်းစဉ်ဖြစ်၏။ (၁ ကော. ၁:၂၁; ၂:၆-၈) ထို့ကြောင့် ကျွန်ုပ်တို့သည် “ပညာနှင့်ပြည့်စုံတော်မူသော” အရှင်၊ ဘုရားသခင်ထံမှအရင်းခံသည့် သတင်းတရားကို ကမ္ဘာတစ်ဝန်းတွင် ဆက်၍ကြွေးကြော်ကြသည်။—ရော. ၁၆:၂၇။