တနင်္ဂနွေနေ့ ဓမ္မအမှုမှာ သင်ပါဝင်နိုင်မလား
၁။ ဖိလိပ္ပိမြို့မှာ ပေါလုနဲ့ သူ့နယ်လှည့်အဖော်တွေရဲ့ လုပ်ဆောင်မှုကနေ ဘာသင်ယူနိုင်သလဲ။
၁ ဖိလိပ္ပိမြို့က ဂျူးအများစုအနားယူတဲ့ ဥပုသ်နေ့မှာဖြစ်တယ်။ ပေါလုနဲ့ သူ့ရဲ့နယ်လှည့်အဖော်တွေက သာသနာပြုခရီးစဉ်တစ်ခုအတွင်း အဲဒီမြို့ကို ရောက်နေကြတယ်။ သူတို့လည်း အဲဒီနေ့မှာ အနားယူမယ်ဆိုရင် ဘယ်သူမှ သူတို့ကို အပြစ်ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ မြို့အပြင်ဘက်မှာ ဆုတောင်းဖို့ ဂျူးတွေစုဝေးကြတာကို သူတို့သိတဲ့အတွက် အဲဒီမှာဟောပြောဖို့ အခွင့်အရေးယူခဲ့ကြတယ်။ ဟောပြောချက်ကို လုဒိနားထောင်ခဲ့ပြီး သူနဲ့ သူ့မိသားစုတစ်ခုလုံး နှစ်ခြင်းခံခဲ့ကြတဲ့အတွက် ပေါလုနဲ့ သူ့ရဲ့နယ်လှည့်အဖော်တွေ ဝမ်းသာခဲ့ကြမှာဖြစ်တယ်။ (တ. ၁၆:၁၃-၁၅) ယနေ့ လူများစွာက တနင်္ဂနွေနေ့မှာ အနားယူကြတဲ့အတွက် အဲဒီနေ့မှာ သူတို့ကိုဟောပြောနိုင်ပါတယ်။
၂။ တနင်္ဂနွေနေ့မှာ အနှောင့်အယှက်မရှိဟောပြောနိုင်ဖို့အတွက် ယေဟောဝါရဲ့ကျေးကျွန်တွေ ဘယ်အခက်အခဲတွေကို ကျော်လွှားခဲ့ရသလဲ။
၂ တနင်္ဂနွေနေ့မှာဟောပြောဖို့ အတိုက်အခံတွေနဲ့ ရင်ဆိုင်ခဲ့ရ– ၁၉၂၇ ခုနှစ်မှာ တနင်္ဂနွေနေ့တိုင်း ဓမ္မအမှုမှာပါဝင်ဖို့ ယေဟောဝါရဲ့ကျေးကျွန်တွေ အားပေးခံခဲ့ရတယ်။ ဒီအလုပ်ကိုဆန့်ကျင်မှု ချက်ချင်းပေါ်လာတယ်။ တနင်္ဂနွေနေ့ဥပုသ်ကိုချိုးဖောက်တယ်၊ ငြိမ်သက်မှုကို အနှောင့်အယှက်ပေးတယ်၊ လိုင်စင်မရှိဘဲရောင်းတယ်ဆိုတဲ့ စွဲချက်တွေနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ယေဟောဝါရဲ့ကျေးကျွန်အများစု အဖမ်းခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့ မဟောဘဲမနေခဲ့ကြဘူး။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ အနီးအနားအသင်းတော်တွေက ကြေညာသူတွေပါဝင်တဲ့ အုပ်စုငယ်တွေကို ဖွဲ့စည်းပြီး ရပ်ကွက်တစ်ခုကို ပြီးစီးအောင် ဟောပြောတဲ့ကင်ပိန်းကို စီစဉ်ခဲ့ကြတယ်။ အုပ်စုတစ်စုအဖမ်းခံရရင် နောက်ထပ်အုပ်စုတွေရောက်လာပြီး ဒီရပ်ကွက်ပြီးအောင် ဆက်ဟောပြောကြတယ်။ ဒီလိုအုပ်စုတွေအများကြီးရှိတဲ့အတွက် အာဏာပိုင်တွေက နောက်ပိုင်းမှာ မဖမ်းနိုင်တော့ဘူး။ တနင်္ဂနွေနေ့မှာ အနှောင့်အယှက်မရှိဟောပြောနိုင်ဖို့ ဒီညီအစ်ကိုတွေရဲ့ အနစ်နာခံလုပ်ဆောင်ခဲ့မှုတွေအတွက် သင် ကျေးဇူးတင်လေးမြတ်သလား။
၃။ ဘာကြောင့် တနင်္ဂနွေနေ့မှာ ဓမ္မအမှုမှာပါဝင်ဖို့ ကောင်းသလဲ။
၃ ဟောပြောဖို့ အကောင်းဆုံးနေ့– လူအများစုက တနင်္ဂနွေနေ့မှာ အလုပ်နားလို့ အိမ်မှာရှိကြတယ်။ ဒီနေ့မှာ ခါတိုင်းထက်ပိုပြီး အေးအေးဆေးဆေးရှိကြတယ်။ ချာ့ချ်တက်တဲ့သူတချို့လည်း ဒီနေ့မှာ ဘုရားတရားအကြောင်းပြောဖို့ ပိုစိတ်ပါကြတယ်။ ကျွန်ုပ်တို့က တနင်္ဂနွေနေ့မှာ အစည်းအဝေးရှိတယ်ဆိုရင် ဓမ္မအမှုမှာပါဝင်နိုင်တဲ့ အဝတ်အစားဝတ်ပြီးသားဖြစ်လို့ အစည်းအဝေးမတိုင်မီနဲ့ ပြီးနောက်မှာ လယ်ကွင်းဓမ္မအမှုမှာ ပါဝင်ဖို့ စီစဉ်နိုင်တယ်။ လိုအပ်မယ်ဆိုရင် အဆာပြေထည့်သွားနိုင်ပါတယ်။
၄။ တနင်္ဂနွေနေ့မှာ ဓမ္မအမှုမှာပါဝင်ဖို့ အချိန်ပေးရင် ဘယ်ရွှင်လန်းမှု ခံစားရနိုင်သလဲ။
၄ တနင်္ဂနွေနေ့မှာ ဓမ္မအမှုမှာပါဝင်ဖို့ အချိန်ပေးရင်တောင် ကျွန်ုပ်တို့အနားယူဖို့ အချိန်ကျန်ပါသေးတယ်။ မြင့်မြတ်ဝတ်မှာပါဝင်ခဲ့တယ်ဆိုတဲ့ စိတ်ကျေနပ်မှုနဲ့လည်း ကျွန်ုပ်တို့အနားယူနိုင်မှာဖြစ်တယ်။ (သု. ၁၉:၂၃) လုဒိလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့ရလို့ ခံစားရတဲ့ရွှင်လန်းမှုမျိုးကိုတောင် ခံစားရနိုင်ပါတယ်။