အင်တာနက်အသုံးပြုခြင်းရဲ့ အန္တရာယ်တွေကို သတိပြုပါ
၁ ယေဟောဝါရဲ့လူမျိုးတော်ဟာ တစ်ယောက်နဲ့တစ်ယောက်အကျိုးပြုတဲ့ပေါင်းသင်းမှုကို နှစ်သက်ကြတယ်။ သူတို့ဟာ လယ်ကွင်းဓမ္မအမှုမှာကြုံရတဲ့ တွေ့ ကြုံမှုတွေ ဝေမျှရတာကိုနှစ်သက်ကြတယ်၊ ယေဟောဝါသက်သေတွေနဲ့သက်ဆိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းအကြောင်း ကြားရတာကို တန်ဖိုးထားကြတယ်။ သူတို့ဟာ အကျပ်အတည်း ဒါမှမဟုတ် သဘာဝဘေးဒဏ်လိုမျိုး ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေ အမှတ်မထင်ကြုံတွေ့ရတဲ့ ထူးခြားမှုတစ်စုံတစ်ရာနဲ့ပတ်သက်တဲ့ သတင်းရလိုကြပြီး ကူညီပေးနိုင်တဲ့အရာတစ်ခုခုရှိမရှိ သိရှိလိုကြတယ်။ အဲဒီလို စိတ်ဝင်စားမှုက ညီအစ်ကိုအသင်းအပင်းရဲ့စည်းလုံးမှုကိုဖော်ပြပြီး ကျွန်ုပ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အမှန်ချစ်ကြတယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်။—ယော. ၁၃:၃၄၊ ၃၅။
၂ ဒီနေ့ခေတ်မှာ ကမ္ဘာ့ဖြစ်ရပ်တွေကို မြန်မြန်ဆန်ဆန်ကြားရကြတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နားဆင်ကြည့်ရှုသူတွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားက အဖြစ်အပျက်တွေကို အသေးစိတ်တိုက်ရိုက် ထုတ်လွှင့်ပေးတယ်။ တယ်လီဖုန်းကလည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေနဲ့ ချက်ချင်းဆက်သွယ်ပေးနိုင်တယ်။ ဆက်သွယ်ရေးစနစ်တွေမှာ မကြာသေးမီက ရေပန်းစားလာတဲ့ ထူးခြားတဲ့အရာတစ်ခုကတော့ အင်တာနက်ဖြစ်တယ်။—နိုးလော့!၊ ဇူလိုင် ၂၂၊ ၁၉၉၇ [လိပ်] ရှု။
၃ တယ်လီဖုန်းတီထွင်မှုက ကမ္ဘာအနှံ့ မြန်ဆန်လှတဲ့ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ပေးခဲ့တယ်။ တယ်လီဖုန်းဟာ အလွန်အသုံးဝင်ပေမဲ့ အသုံးပြုတဲ့နေရာမှာ သတိထားဖို့လိုတယ်။ အကြောင်းကတော့ တယ်လီဖုန်းက မသင့်လျော်တဲ့ပေါင်းသင်းမှု ဒါမှမဟုတ် လုပ်ဆောင်မှုတွေအတွက် လမ်းခင်းပေးတဲ့ ကိရိယာတစ်ခုဖြစ်လာနိုင်တယ်။ လွန်လွန်ကျူးကျူးသုံးရင် ငွေကုန်ကြေးကျလည်း များနိုင်တယ်။ ရုပ်မြင်သံကြားနဲ့ရေဒီယိုကလည်း ပညာပေးနယ်ပယ်မှာ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက အစီအစဉ်အများစုမှာ အကျင့်ယိုယွင်းမှုကို အသားပေးတင်ဆက်မှုတွေနဲ့ ပြည့်နေတဲ့အပြင် ဒီကိရိယာတွေကြောင့် ကျွန်ုပ်တို့ရဲ့ အချိန်တွေဟာ အလဟသဖြစ်သွားနိုင်တယ်။ ဒါကြောင့် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကိုအသုံးပြုရာမှာ ပညာရှိရှိ ရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။
၄ အင်တာနက်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တခြားသူသန်းပေါင်းများစွာနဲ့ အကုန်အကျသက်သာစွာ ဆက်သွယ်ပေးနိုင်ပြီး များပြားလှတဲ့ သတင်းအချက်အလက်တွေကို ရရှိစေနိုင်တယ်။ (ဇန်နဝါရီ ၈၊ ၁၉၉၈ နိုးလော့! [လိပ်] ရှု။) ဒါပေမဲ့ အင်တာနက်ကို မဆင်မခြင်အသုံးပြုရင် ဝတ်ပြုရေးမှာထိခိုက်နိုင်ပြီး စာရိတ္တလည်း ယိုယွင်းသွားစေနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။
၅ ဗုံးတွေအပါအဝင် လက်နက်တွေ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်အလက်တွေ အင်တာနက်မှာ အလွယ်တကူရနိုင်တဲ့အတွက် လူများစွာဟာ စိုးရိမ်မကင်းဖြစ်နေကြတယ်။ အလုပ်သမားတွေက အင်တာနက်မှာ အချိန်ဖြုန်းခြင်းနဲ့ပတ်သက်လို့ စက်ရုံအလုပ်ရုံတွေက ညည်းညူနေကြတယ်။ အင်တာနက်ကြောင့် ဝတ်ပြုရေးကိုထိခိုက်စေနိုင်တဲ့ သိသာထင်ရှားတဲ့အန္တရာယ်တွေအကြောင်း အဖွဲ့အစည်းထုတ်စာပေတွေမှာ အများကြီးဖော်ပြထားတယ်။ ဝက်ဘ်ဆိုက်များစွာဟာ ခရစ်ယာန်တွေအတွက် လုံးဝမသင့်လျော်တဲ့ အကြမ်းဖက်မှုနဲ့ ညစ်ညမ်းစာပေရုပ်ပုံတွေကို ဖော်ပြထားတယ်။ (ဆာ. ၁၁၉:၃၇) အဲဒီအန္တရာယ်တွေအပြင် ယေဟောဝါသက်သေတွေသတိထားဖို့ အထူးလိုအပ်တဲ့ ပိုပြီးသိမ်မွေ့တဲ့အန္တရာယ်တစ်ခုရှိသေးတယ်။ ဘာအန္တရာယ်လဲ။
၆ သင်ဟာ လူစိမ်းတစ်ယောက်ကို ဘယ်သူဘယ်ဝါမှန်းမသိဘဲ အိမ်ထဲဖိတ်ခေါ်မလား။ သိနိုင်တဲ့နည်းလမ်းမရှိဘူး ဆိုရင်ကော ခေါ်ဖိတ်မှာပဲလား။ အဲဒီလူစိမ်းကို သင့်ကလေးတွေနဲ့ ဒီအတိုင်းလွှတ်ထားမလား။ အဲဒါက အင်တာနက်မှာ ကြုံရနိုင်တဲ့အခြေအနေတစ်ခု ဖြစ်တယ်။
၇ အီလက်ထရွန်းနစ်စာပို့နည်းစနစ်ကိုသုံးပြီး သင်မသိသူတွေနဲ့ ဆက်သွယ်နိုင်တယ်။ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးမှု (forum) တွေမှာ ဒါမှမဟုတ် အင်တာနက်စကားဝိုင်း (chat room) တွေမှာ ကိုယ်မသိသူတွေနဲ့ စကားစမြည်ပြောဆိုနိုင်တယ်။ တစ်ခါတလေ၊ ပါဝင်သူတွေက သူတို့ကိုယ်သူတို့ ယေဟောဝါသက်သေပါလို့ ပြောကြပေမဲ့ အများအားဖြင့် မဟုတ်ကြဘူး။ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် လူငယ်တစ်ယောက်ဆိုပြီး လိမ်ပြောနိုင်တယ်။ ဒါမှမဟုတ် လူတစ်ယောက်ဟာ မိန်းမဖြစ်ပေမဲ့ ယောက်ျားဖြစ်တယ်၊ ယောက်ျားဖြစ်ပေမဲ့ မိန်းမဖြစ်တယ်လို့တောင် လိမ်လို့ရတယ်။
၈ သင်ရရှိတဲ့ သတင်းအချက်အလက်က တွေ့ကြုံမှုတွေ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေနဲ့ပတ်သက်တဲ့ မှတ်ချက်တွေအသွင်နဲ့ လာနိုင်တယ်။ အဲဒီသတင်းအချက်အလက်ကို တခြားသူတွေဆီပို့လိုက်တဲ့အခါ သူတို့ကလည်း တစ်ခါ လက်ဆင့်ကမ်း ပို့ကြပြန်တယ်။ သတင်းအချက်အလက်ဟာ အများအားဖြင့် မှန်မမှန်မသိနိုင်တဲ့အရာ၊ လိမ်ညာမှုတွေဖြစ်နိုင်တယ်။ မှတ်ချက်တွေက အယူဖောက်ပြန်သူတွေရဲ့ ဆင်ခြေဆင်လက်ကိုဖြန့်တဲ့ လှည့်ကွက်တစ်ခုဖြစ်နိုင်တယ်။—၂ သက်. ၂:၁-၃။
၉ အဲဒီအန္တရာယ်ကိုစိတ်ထဲထားပြီး အင်တာနက်သုံးတဲ့အခါ ကိုယ့်ကိုယ်ကိုဒီလိုမေးပါ– ‘ငါ ဘာအတွက်သုံးတာလဲ။ ငါ အသုံးပြုတဲ့ပုံက ငါ့ရဲ့ ဝတ်ပြုရေးကို ထိခိုက်နိုင်မလား။ ငါ့ကြောင့် တခြားသူတွေလည်း ဘုရားနဲ့ဆက်ဆံရေး ထိခိုက်သွားမလား။’
၁၀ “ယေဟောဝါသက်သေတွေ” ရဲ့ဝက်ဘ်ဆိုက်များ– ဥပမာအနေနဲ့ ယေဟောဝါသက်သေတွေပါလို့ ဆိုကြသူတွေ ဖန်တီးထားတဲ့ အင်တာနက်ဆိုက် တချို့ကိုသုံးသပ်ကြည့်ပါ။ သက်သေခံတွေလို့ဆိုတဲ့တခြားသူတွေရဲ့ တွေ့ကြုံမှုတွေကို ဖတ်ရှုဖို့သူတို့ရဲ့ ဆိုက်တွေ ထဲ ဝင်ကြည့်ပါလို့ သင့်ကိုဖိတ်ခေါ်ကြတယ်။ အဖွဲ့အစည်းရဲ့စာပေနဲ့ပတ်သက်ပြီး သင့်သဘောထားနဲ့ ရှုမြင်ချက်တွေကိုဝေမျှဖို့ သင့်ကိုတိုက်တွန်းကြတယ်။ တချို့က လယ်ကွင်းဓမ္မအမှုမှာသုံးနိုင်တဲ့ တင်ဆက်မှုတွေနဲ့ပတ်သက်ပြီး အကြံပြုချက်တွေပေးကြတယ်။ အဲဒီ ဆိုက်တွေဟာ တယ်လီဖုန်းနဲ့စကားပြောသလိုမျိုး အင်တာနက်စကားဝိုင်းမှာ တခြားသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရစေတယ်။ အဲဒီဆိုက်တွေက သင့်ကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ဆက်သွယ်နိုင်တဲ့ တခြားဆိုက်တွေကို ညွှန်ပြလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီအဆက်အသွယ်တွေကို အယူဖောက်ပြန်သူတွေက ဉာဏ်ဆင်ပြုလုပ်ခဲ့တာ မဟုတ်ပါဘူးလို့ သင် တပ်အပ်ပြောနိုင်မလား။
၁၁ အင်တာနက်ကနေဆက်သွယ်ခြင်းက ဧဖက် ၅:၁၅-၁၇ ပါအကြံပြုချက်နဲ့ ညီညွတ်မှုရှိမှာမဟုတ်ဘူး။ တမန်တော်ပေါလုက ဒီလိုရေးခဲ့တယ်– “သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။ သို့ဖြစ်၍ မမိုက်ကြနှင့်တော့။ ယေဟောဝါဘုရား၏ အလိုတော်ကို သိမြင်လျက်နေကြလော့။”
၁၂ ခရစ်ယာန်အသင်းတော်ဟာ “သစ္စာနှင့် သတိပညာရှိသောကျွန်” ကနေလာတဲ့အချိန်တန်အစာကို ကျွေးမွေးတဲ့ ဘုရားသခင်အသုံးပြုနေတဲ့ လမ်းကြောင်းဖြစ်တယ်။ (မ. ၂၄:၄၅-၄၇) ဘုရားသခင့်အဖွဲ့အစည်းက ကျွန်ုပ်တို့ကို လောကနဲ့သီးခြားဖြစ်နေဖို့ လမ်းညွှန်ကာကွယ်ပေးတဲ့အပြင် သခင့်လုပ်ငန်းတော်မှာ အလုပ်များနေဖို့ လှုံ့ဆော်ပေးတယ်။ (၁ ကော. ၁၅:၅၈) မှန်မှန်စည်းဝေးလေ့ရှိတဲ့ ဘုရားသခင့်လူမျိုးအလယ်မှာ ပျော်ရွှင်မှုနဲ့လုံခြုံမှုခံစားရတယ်လို့ ဆာလံဆရာကဖော်ပြခဲ့တယ်။ (ဆာ. ၂၇:၄၊ ၅; ၅၅:၁၄; ၁၂၂:၁) အသင်းတော်ကလည်း အသင်းတော်နဲ့ပူးပေါင်းနေသူတွေကို ဝတ်ပြုရေးမှာ ထောက်မကူညီပေးတယ်။ စိတ်သောကရောက်နေချိန်တွေမှာ အကူအညီနဲ့ နှစ်သိမ့်မှုပေးဖို့အသင့်ရှိကြတဲ့၊ မေတ္တာရှိတဲ့၊ စိုးရိမ်ပူပန်တတ်တဲ့၊ ဂရုစိုက်တတ်တဲ့၊ သင်ကိုယ်တိုင်ကိုယ်ကျသိကျွမ်းတဲ့ မိတ်ဆွေတွေကို အသင်းတော်မှာ သင်တွေ့နိုင်တယ်။ (၂ ကော. ၇:၅-၇) အသင်းသားတွေက နောင်တမယူဘဲအပြစ်ကျူးလွန်သူ ဒါမှမဟုတ် ဖောက်ပြန်တဲ့အတွေးအခေါ် ပျံ့နှံ့စေသူတွေကို နှင်ထုတ်ခြင်းဆိုတဲ့ ကျမ်းဆိုင်ရာပြင်ဆင်ပေးမှုကြောင့် ကာကွယ်ခံရကြတယ်။ (၁ ကော. ၅:၉-၁၃; တိ. ၃:၁၀၊ ၁၁) အင်တာနက်ကတစ်ဆင့် တခြားသူတွေနဲ့ပေါင်းသင်းတဲ့အခါ အဲဒီလိုမေတ္တာပါတဲ့အစီအစဉ်တွေကိုရဖို့ မျှော်လင့်နိုင်မလား။
၁၃ မမျှော်လင့်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ ဝက်ဘ်ဆိုက် တချို့ဟာ အယူဖောက်ပြန်သူတွေရဲ့ဝါဒဖြန့်တဲ့ နည်းလမ်းတွေဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်။ အဲဒီ ဝက်ဘ်ဆိုက် တွေကတော့ အမှန်အတိုင်း ပြောမှာမဟုတ်ဘူး။ ဆိုက် တစ်ခုကို ဖန်တီးသူတွေက သူတို့ဟာ ယေဟောဝါသက်သေ အစစ်တွေဖြစ်ပါတယ်လို့ အတည်ပြုဖို့ အသေးစိတ်ရှင်းပြချက်တွေပေးပါလိမ့်မယ်။ သူတို့က သင်ဟာ ယေဟောဝါသက်သေတစ်ဦး ဟုတ်မဟုတ်ဆိုတာ သိရှိနိုင်ဖို့ သင့်ဆီက အချက်အလက်တွေကိုတောင် တောင်းခံကြပါလိမ့်မယ်။
၁၄ ယေဟောဝါဟာ သင့်ကို ပိုင်းခြားသိမြင်မှု ရှိစေချင်တယ်။ ဘာကြောင့်လဲ။ ပိုင်းခြားသိမြင်မှုက သင့်ကို အန္တရာယ်အမျိုးမျိုးကနေ ကာကွယ်ပေးမယ်ဆိုတာ ကိုယ်တော်သိလို့ပဲ။ သုတ္တံ ၂:၁၀-၁၉ (ကဘ) က ဒီလိုအစပျိုးတယ်– “ဉာဏ်ပညာက သင့်နှလုံးထဲစိမ့်ဝင်ပြီး အသိပညာက သင့်အတွက် နှစ်သက်ဖွယ်ဖြစ်လာတဲ့အခါ စဉ်းစားချင့်ချိန်နိုင်စွမ်းက သင့်ကိုစောင့်ရှောက်ပြီး ပိုင်းခြားသိမြင်မှုက သင့်ကိုကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်။” ဘယ်အရာကနေ သင့်ကိုကာကွယ်မှာလဲ။ “ဆိုးတဲ့လမ်း၊” ဖြောင့်တဲ့လမ်းကိုစွန့်တဲ့သူတွေ၊ စာရိတ္တယိုယွင်းပြီး ကောက်တဲ့လမ်းကိုသာလိုက်တဲ့သူတွေ စတဲ့အရာတွေကနေ ဖြစ်တယ်။
၁၅ နိုင်ငံတော်ခန်းမကိုသွားတဲ့အခါ ကျွန်ုပ်တို့က ညီအစ်ကိုညီအစ်မတွေနဲ့အတူ ရှိနေကြတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ သူတို့ကို ကျွန်ုပ်တို့သိကြတယ်။ ယေဟောဝါသက်သေတစ်ဦး အမှန်ဖြစ်တယ်ဆိုတာ ညီအစ်ကိုချင်းမေတ္တာက ထင်ရှားစေတဲ့အတွက် သက်သေပြဖို့ အထောက်အထားတွေပြပါဆိုပြီး ကျွန်ုပ်တို့တောင်းဆိုမခံရကြဘူး။ ဟေဗြဲ ၁၀:၂၄၊ ၂၅ မှာပေါလုပြောခဲ့တဲ့ စစ်မှန်တဲ့အပြန်အလှန်အားပေးမှုကို နိုင်ငံတော်ခန်းမမှာ ကျွန်ုပ်တို့ရရှိကြတယ်။ အင်တာနက်အွန်လိုင်းမှာ ဆက်သွယ်ပေါင်းသင်းခြင်းကိုအားပေးတဲ့ ဝက်ဘ်ဆိုက် တွေမှာ အဲဒီလိုအားပေးမှု မရနိုင်ဘူးပါ။ ဆာလံ ၂၆:၄၊ ၅ ပါစကားတွေကိုစွဲမှတ်ထားတာက အင်တာနက် ဝက်ဘ်ဆိုက် တွေကိုအသုံးပြုတဲ့အခါ အလွယ်တကူကြုံနိုင်တဲ့အန္တရာယ်တွေကို သတိထားဖို့ လှုံ့ဆော်ပေးတယ်။
၁၆ အင်တာနက်မှာ ဘယ်အချက်အလက်တွေကိုပဲ တင်ရမယ်၊ ဘယ်အချက်အလက်တွေကိုပဲ ကြည့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေမရှိဘူး။ အင်တာနက်မှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ ရာဇဝတ်မှုနဲ့ အမြတ်ထုတ်မှုရဲ့ လွယ်ကူတဲ့သားကောင်တွေဖြစ်လေ့ရှိတယ်။ ယုံလွယ်တဲ့၊ စပ်စုတဲ့၊ သိလိုစိတ်ပြင်းပြနေတဲ့ ကလေးတွေက အသစ်အဆန်းဖြစ်နေတဲ့ အင်တာနက်ကို စူးစမ်းချင်ကြတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးတွေကို တေးဂီတနဲ့ရုပ်ရှင်ကိုရွေးချယ်ရာမှာ လမ်းညွှန်ပေးသလို အင်တာနက်သုံးရာမှာလည်း ကြီးကြပ်ပေးဖို့နဲ့ ကျမ်းဆိုင်ရာလမ်းညွှန်ချက်ကောင်းတွေပေးဖို့ လိုအပ်တယ်။—၁ ကော. ၁၅:၃၃။
၁၇ ဝမ်းနည်းစရာကတော့ တစ်ချိန်က ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မဖြစ်ခဲ့သူတချို့ဟာ အင်တာနက် စကားဝိုင်းတွေကစတင်ပြီး လောကသားတွေနဲ့တွေ့ဆုံပေါင်းသင်းရာကနေ နောက်ဆုံးမှာ စာရိတ္တယိုယွင်းလာတဲ့အတွက် နှင်ထုတ်ခံခဲ့ကြရတယ်။ တချို့သူတွေက အင်တာနက်ပေါ်မှာအစပျိုးခဲ့တဲ့ ခင်မင်မှုကို ဆက်လိုက်ဖို့ မိမိတို့ရဲ့ခင်ပွန်းသည်၊ ဇနီးသည်ကို စွန့်ခွာသွားကြတယ်ဆိုတဲ့အကြောင်း အကြီးအကဲတွေစာရေးတင်ပြခဲ့ကြပြီး အဲဒီအဖြစ်အပျက်တွေက ထိတ်လန့်စရာနဲ့ မယုံနိုင်စရာပါပဲ။ (၂ တိ. ၃:၆) တခြားသူတွေကျတော့ အယူဖောက်ပြန်သူတွေတင်ပြတဲ့ သတင်းအချက်အလက်ကိုယုံကြည်ပြီး အမှန်တရားကိုစွန့်ခဲ့ကြတယ်။ (၁ တိ. ၄:၁၊ ၂) အဲဒီလိုစိုးရိမ်စရာအန္တရာယ်တွေကြောင့် အင်တာနက် ဆက်သွယ်ရေးအစီအစဉ်တွေမှာ ပါဝင်ပတ်သက်ခြင်းကို သတိထားခြင်းက အကျိုးသင့်အကြောင်းသင့် ရှိတယ်မဟုတ်လား။ ကျွန်ုပ်တို့မှာ သုတ္တံ ၂:၁၀-၁၉ မှာဖော်ပြထားတဲ့ ဉာဏ်ပညာ၊ အသိပညာ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ပိုင်းခြားသိမြင်မှုရှိမယ်ဆိုရင် အဲဒီအန္တရာယ်ကနေ တကယ်ပဲ အကာအကွယ်ရရှိပါလိမ့်မယ်။
၁၈ သတင်းကောင်းဟောပြောဖို့ဆိုပြီး ဝက်ဘ်ဆိုက် တွေကို ဖန်တီးခဲ့ကြသူ အများကြီးရှိခဲ့တယ်ဆိုတာ သိသာတယ်။ အဲဒီဆိုက် အများစုကို အမြော်အမြင်မရှိတဲ့ညီအစ်ကိုညီအစ်မတွေက ဖန်တီးခဲ့ကြတယ်။ တခြားဆိုက် တွေကိုတော့ အကြောင်းမသိသူတွေကိုဆွဲဆောင်ဖို့ အယူဖောက်ပြန်သူတွေက ဖန်တီးခဲ့တာဖြစ်နိုင်တယ်။ (၂ ယော. ၉-၁၁) အဲဒီလို ဝက်ဘ်ဆိုက်တွေကို ဖန်တီးဖို့လိုမလိုနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့နိုင်ငံတော်ဓမ္မအမှု၊ နိုဝင်ဘာ ၁၉၉၇၊ စာမျက်နှာ ၃ [လိပ်] က ဒီလိုမှတ်ချက်ချခဲ့တယ်– “ယေဟောဝါသက်သေတွေအကြောင်းနဲ့ ကျွန်ုပ်တို့နဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေ ဒါမှမဟုတ် ယုံကြည်ချက်တွေအကြောင်း ဘယ်သူကမှ အင်တာနက်စာမျက်နှာတွေ ပြင်ဆင်ဖို့မလိုအပ်ဘူး။ ကျွန်ုပ်တို့ရဲ့တရားဝင် ဆိုက် [www.watchtower.org] ဟာ သိလိုသူဘယ်သူမဆိုအတွက် တိကျမှန်ကန်တဲ့အချက်အလက်တွေကို ဖော်ပြပေးတယ်။”
၁၉ အင်တာနက်ကတစ်ဆင့် လေ့လာမှုအထောက်အကူများ– ကျမ်းစာနဲ့ပတ်သက်ပြီး ရှာဖွေလေ့လာထားတဲ့ အချက်အလက်တွေကို ဖော်ပြပေးတာက ညီအစ်ကိုညီအစ်မတွေရဲ့ အကျိုးအတွက်ပါလို့ တချို့ ယူဆခဲ့ကြတယ်။ ဥပမာ၊ လူတစ်ဦးက လူထုဟောပြောချက်အောက်လိုင်းတစ်ခုကိုအခြေပြုပြီး ရှာဖွေလေ့လာမှုပြုမယ်၊ အဲဒီနောက် ရှာဖွေထားတာတွေကိုဖော်ပြထားမယ်ဆိုရင် ဒါတွေက အဲဒီအောက်လိုင်းကိုပြင်ဆင်ဖို့လိုအပ်သူတွေကို အကျိုးပြုမယ်လို့ ယူဆကြတယ်။ တခြားသူတွေကျတော့ လာမယ့် ကင်းမျှော်စင် သင်တန်းအတွက် ကျမ်းချက်အားလုံးကို အဆင်သင့်ဖော်ပြပေးမယ် ဒါမှမဟုတ် သီအိုကရက်တစ်ဓမ္မအမှုကျောင်း ဒါမှမဟုတ် အသင်းတော်ကျမ်းစာလေ့လာမှုအတွက် ရည်ညွှန်းကိုးကားချက်တွေကို မူရင်းစာအုပ်ကနေ ကောက်နုတ်ပြီး အဆင်သင့်ဖော်ပြပေးထားပါလိမ့်မယ်။ တချို့က လယ်ကွင်းဓမ္မအမှုမှာ တင်ဆက်ရမယ့်နည်းတွေအတွက် အကြံပြုချက်တွေပေးပါလိမ့်မယ်။ အဲဒါတွေက တကယ်ပဲ အထောက်အကူရသလား။
၂၀ ယေဟောဝါရဲ့အဖွဲ့အစည်းက စီမံပေးထားတဲ့ စာအုပ်စာတမ်းတွေဟာ တည်ဆောက်မှုဖြစ်စေတဲ့ သဘောထားတွေနဲ့ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကိုလှုံ့ဆော်ပေးပြီး “အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်” ဖို့ ကျွန်ုပ်တို့ကိုလေ့ကျင့်ပေးတယ်။ (ဟေဗြဲ ၅:၁၄) တခြားသူတွေက ကျွန်ုပ်တို့အတွက် ရှာဖွေလေ့လာမှုပြုပေးမယ်ဆိုရင် ဒီရည်ရွယ်ချက်ဖြစ်မြောက်မယ်လို့ ပြောနိုင်သလား။
၂၁ ဗေရိမြို့မှာရှိတဲ့ ခရစ်ယာန်တွေကို “သက်သာလောနိတ်မြို့သားတို့ထက် စိတ်ထားမြင့်မြတ်” တယ်လို့ဆိုထားတယ်။ ဘာကြောင့်လဲ။ သူတို့က “အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားစကားတော်ကို ခံယူ၍ ကြားနာရသည့်အရာများ မှန်မမှန် သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ” တဲ့အတွက်ဖြစ်တယ်။ (တ. ၁၇:၁၁) ပေါလုနဲ့သိလဟာ သူတို့ကိုဟောပြောခဲ့ပေမဲ့လည်း သူတို့က ကိုယ်တိုင်ကိုယ်ကျမဖတ်ရှုဘဲ အမှန်တရားက သူတို့ရဲ့ကိုယ်ပိုင်မဖြစ်နိုင်ဘူး။
၂၂ ဟောပြောချက်တစ်ခုအတွက် ဒါမှမဟုတ် စည်းဝေးတွေအတွက် ပြင်ဆင်တဲ့အခါ တခြားသူတစ်ယောက်ရဲ့ရှာဖွေလေ့လာမှုကို အသုံးပြုတာက ကိုယ်ပိုင်လေ့လာမှုရဲ့ရည်ရွယ်ချက်ကို ပျက်ပြားစေတယ်။ ဘုရားသခင့်တရားစကားတော်ကိုအခြေခံတဲ့ ယုံကြည်ခြင်း တည်ဆောက်ဖို့က သင့်ဆန္ဒမဟုတ်လား။ သင်ဟာ သင့်ယုံကြည်ချက်ကို ဟောပြောချက်တွေ၊ အစည်းအဝေးတွေမှာ ပေးတဲ့အဖြေတွေနဲ့ လယ်ကွင်းဓမ္မအမှုမှာ ယုံကြည်မှုအပြည့်နဲ့ လူအများရှေ့ဖော်ပြနိုင်တယ်။ (ရော. ၁၀:၁၀) တခြားသူရဲ့ရှာဖွေလေ့လာထားရာကို အသုံးပြုခြင်းက ကိုယ်တိုင်ကိုယ်ကျ ‘ရတနာသိုက်တွေကိုတူးဖော်ရှာဖွေသလို ဘုရားသခင်နဲ့ဆိုင်တဲ့အသိပညာကို တူးဖော်ရှာဖွေ’ ကြပါလို့ဆိုတဲ့ သုတ္တံ ၂:၄၊ ၅ (ကဘ) ပါဖော်ပြချက်နဲ့မကိုက်ညီဘူး။
၂၃ ဥပမာ၊ သင့်ကိုယ်ပိုင်ကျမ်းစာအုပ်မှာ ကျမ်းချက်တွေကိုရှာဖွေကြည့်ရှုတဲ့အခါ ကျမ်းချက်တစ်ခုစီရဲ့ရှေ့နောက်စကားကို အကျဉ်းချုံးသုံးသပ်နိုင်တယ်။ လုကာက သူ့ရဲ့ခရစ်ဝင်ကျမ်းကိုရေးတုန်းက လုပ်ခဲ့သလို သင်လည်း ‘အလုံးစုံကို သေချာစွာလေ့လာစိစစ်’ နိုင်တယ်။ (လု. ၁:၃) ဒီလိုပိုမိုအားထုတ်လုပ်ဆောင်တဲ့အခါ ဓမ္မအမှုမှာ၊ ဟောပြောချက်တွေပေးတဲ့အခါမှာ ကျမ်းချက်တွေကိုရှာဖွေရာမှာ ကျွမ်းကျင်မှုရှိလာပါလိမ့်မယ်။ ယေဟောဝါသက်သေတွေဟာ ကျမ်းစာကိုဘယ်လိုအသုံးပြုရမလဲဆိုတာကို သိရှိကြတဲ့အတွက် သူတို့ကို အထင်ကြီးလေးစားခဲ့ရတယ်လို့ လူအများဖော်ပြခဲ့ကြတယ်။ အဲဒီလိုဖြစ်နိုင်တဲ့ တစ်ခုတည်းသောနည်းကတော့ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်ကျမ်းစာမှာ ကျမ်းချက်တွေကိုရှာဖွေလေ့လာတာကို ကိုယ်တိုင်အကျင့်လုပ်ထားခြင်းဖြစ်တယ်။
၂၄ ကျွန်ုပ်တို့ရဲ့အချိန်ကို ပညာရှိရှိအသုံးပြုခြင်း– ဒီကိစ္စမှာ သုံးသပ်စရာနောက်တစ်ခုက အင်တာနက်ပေါ်မှာ သတင်းအချက်အလက်တွေကို တင်ဖို့၊ ဖတ်ရှုဖို့နဲ့ ပြန်ဖြေကြားဖို့အတွက် အသုံးပြုတဲ့အချိန်ပမာဏဖြစ်တယ်။ ဆာလံ ၉၀:၁၂ ကကျွန်ုပ်တို့ကို ဒီလိုဆုတောင်းဖို့တိုက်တွန်းတယ်– “အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။” ပေါလုက “အချိန်အနည်းငယ်သာ ကျန်တော့သည်” လို့ဖော်ပြခဲ့တယ်။ (၁ ကော. ၇:၂၉) ဒီလိုလည်းပြောသေးတယ်– “သို့ဖြစ်၍ ငါတို့သည် အခွင့်အခါသင့်နေသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြစို့။”—ဂလ. ၆:၁၀။
၂၅ အဲဒီသတိပေးချက်က ကျွန်ုပ်တို့ရဲ့အချိန်ကိုအသုံးပြုရာမှာ ချင့်ချိန်မှုရှိဖို့လိုအပ်တယ်ဆိုတာကို ပေါ်လွင်စေတယ်။ ဘုရားသခင့်တရားစကားတော်ကိုဖတ်ရှုခြင်းမှာ အချိန်ကိုအသုံးပြုမယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်မဟုတ်လား။ (ဆာ. ၁:၁၊ ၂) အဲဒါက ကျွန်ုပ်တို့ရရှိနိုင်တဲ့ အကောင်းဆုံးပေါင်းသင်းမှုဖြစ်တယ်။ (၂ တိ. ၃:၁၆၊ ၁၇) မိဘတို့၊ ဘုရားသခင့်နိုင်ငံတော်အတွက် အချိန်ကိုပညာရှိရှိသုံးခြင်းက အကျိုးရှိတယ်ဆိုတာ သားသမီးတွေကို သင်ပေးနေပါသလား။ (ဒေ. ၁၂:၁) အကျိုးရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အင်တာနက်ကိုကြည့်ရှုလေ့လာဖို့ သုံးတဲ့အချိန်ထက် ကိုယ်ပိုင်နဲ့ မိသားစုလေ့လာမှုပြုခြင်း၊ စည်းဝေးတက်ခြင်းနဲ့ လယ်ကွင်းဓမ္မအမှုမှာပါဝင်ခြင်းမှာ သုံးတဲ့အချိန်က ပိုအကျိုးရှိပါတယ်။
၂၆ ဝတ်ပြုရေးနဲ့သက်ဆိုင်ရာတွေအပေါ်နဲ့ ခရစ်ယာန်အသက်တာနဲ့သက်ဆိုင်တဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတွေအပေါ်မှာသာ အာရုံစူးစိုက်ထားခြင်းက ပညာရှိလမ်းစဉ်ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့အချိန်ပေးသင့်၊ ဆင်ခြင်တွေးတောသင့်တဲ့ သတင်းအချက်အလက်နဲ့စပ်လျဉ်းပြီး ကောင်းစွာစဉ်းစားရွေးချယ်မှုတွေပြုဖို့လိုတယ်။ ခရစ်ယာန်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့အသက်တာနဲ့ဆိုင်တဲ့အရာကို ခရစ်တော်က ဒီလိုအကျဉ်းချုံးဖော်ပြခဲ့တယ်– “ဘုရားသခင်ရဲ့နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။” (မ. ၆:၃၃) သင့်အသက်တာဟာ တခြားလုပ်ဆောင်မှုတွေနဲ့မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်အတွက် လုပ်ဆောင်မှုတွေနဲ့ပြည့်နေတဲ့အခါ ပျော်ရွှင်မှု အပြည့်အဝ ရတယ်မဟုတ်လား။
၂၇ အင်တာနက် အီးမေးလ်– အဝေးမှာနေထိုင်တဲ့ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေကို ကိုယ်ပိုင်တွေ့ကြုံမှုတွေ ဒါမှမဟုတ် အယူအဆတွေကိုဝေမျှတာဟာ သင့်လျော်ပါတယ်။ ဒါပေမဲ့ သင့်မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေကို သိမှာမဟုတ်တဲ့ တခြားသူတွေဆီ အဲဒီအကြောင်းတွေ ပေးပို့တာက မေတ္တာရှိရာကျပါ့မလား။ ဖတ်ချင်တဲ့သူဖတ်ပါစေဆိုပြီး ဝက်ဘ်စာမျက်နှာတစ်ခုအပေါ်မှာ အဲဒါတွေကို ဖော်ပြထားသင့်သလား။ အဲဒီလိုသတင်းတွေကို ကူးယူပြီး ပိုင်းခြားဝေဖန်မှုမရှိဘဲ သင်သိသူ ဒါမှမဟုတ် သင်မသိတဲ့သူတွေဆီ ပေးပို့သလား။ သင့်ကိုဦးတည်ပြီးရေးတာမဟုတ်မှန်းသိသာတဲ့ စာတွေကို တခြားသူတွေဆီ ဆက်ပြီးလက်ဆင့်ကမ်းခြင်းက မေတ္တာရှိရာကျမလား။
၂၈ သင်လက်ဆင့်ကမ်းတဲ့တွေ့ကြုံမှုက တိကျမှန်ကန်မှုမရှိရင်ကော။ အဲဒါက မမှန်ကန်တဲ့သတင်းကို ဆက်ဖြန့်သလို ဖြစ်မနေဘူးလား။ (သု. ၁၂:၁၉; ၂၁:၂၈; ၃၀:၈; ကော. ၃:၉) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ “ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်” နေခြင်းက အဲဒီအချက်တွေကိုသုံးသပ်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးမယ်ဆိုတာ သေချာတယ်။ (ဧ. ၅:၁၅) နှစ်ချုပ်စာအုပ်၊ ကင်းမျှော်စင်နဲ့ နိုးလော့!မှာ ယုံကြည်စိတ်ချရတဲ့ တွေ့ကြုံမှုတွေနဲ့ပြည့်နေပြီး အဲဒါတွေက “လမ်းမှန်” မှာလျှောက်လှမ်းနေဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းလှုံ့ဆော်ပေးပါတယ်။—ဟေရှာ. ၃၀:၂၀၊ ၂၁၊ သမ။
၂၉ တခြားအန္တရာယ်တစ်ခုလည်းရှိသေးတယ်။ တချို့သူတွေနဲ့ပတ်သက်ပြီး တမန်တော်ပေါလုက ဒီလိုပြောခဲ့တယ်– “သူတို့သည် အလုပ်မလုပ်ဘဲ အိမ်တကာ လျှောက်လည်တတ်ကြ၏။ အလုပ်မလုပ်သည်သာမက အတင်းအဖျင်းပြော၍ သူတစ်ပါးကိစ္စတွင် ဝင်စွက်ပြီး မပြောအပ်သောစကားများကို ပြောတတ်ကြ၏။” (၁ တိ. ၅:၁၃) အဲဒါက ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေဆီ မခိုင်လုံတဲ့သတင်းတွေကို အချိန်ကုန်ခံပြီး ဖြန့်ဝေမနေပါနဲ့လို့ ပြောဆိုနေခြင်းဖြစ်တယ်။
၃၀ အီးမေးလ် မြောက်မြားစွာကိုလိုက်ဖွင့်ကြည့်ဖို့ ယူရတဲ့အချိန်ပမာဏကိုလည်း စဉ်းစားကြည့်ပါ။ ဒေတာစမော့တ် စာအုပ်က ဒီလိုဖော်ပြထားတာက စိတ်ဝင်စားစရာပါပဲ– “လူတစ်ဦးဟာ အွန်လိုင်းမှာ အချိန်ပိုပိုပြီး သုံးတာနဲ့အမျှ အီးမေးလ် ဟာ စိတ်ဝင်စားစရာအသစ်အဆန်းတစ်ခုမဟုတ်တော့ဘူး။ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ၊ မိသားစု . . . နဲ့ မတောင်းဘဲရောက်လာတဲ့ကြော်ငြာတွေကလာတဲ့ များပြားလှတဲ့သတင်းတွေကို ဖတ်ရှုဖြေကြားရတာက အချိန်ကုန်လူပန်းပြီး ဝန်ထုပ်တစ်ခု ဖြစ်လာတယ်။” အဲဒီအပြင် ဒီလိုဆက်ဖော်ပြတယ်– “စပ်စုပြီး သတင်းဖြန့်ရာမှာ ဝါသနာကြီးသူတွေက ပြက်လုံးတွေ၊ ယုံတမ်းစကားတွေ၊ လက်ဆင့်ကမ်းစာတွေနဲ့ တခြားအရာတွေဖြစ်တဲ့ သူတို့ရရှိတဲ့အပျော်အပျက် သတင်းအတိုအထွာတွေကို သူတို့မှာရှိတဲ့ အီးမေးလ်လိပ်စာအားလုံးဆီ ပို့ပေးတတ်တဲ့ အရမ်းဆိုးတဲ့အကျင့်ကိုရရှိခဲ့ကြတယ်။”
၃၁ အဲဒီလိုမျိုးအဖြစ်ကို ညီအစ်ကိုညီအစ်မတွေကြားမှာလည်း တွေ့နေရတယ်။ ဓမ္မအမှုနဲ့ပတ်သက်တဲ့ပြက်လုံးတွေ ဒါမှမဟုတ် ရယ်ရွှင်စရာအဖြစ်အပျက်တွေ၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေအပေါ် အခြေပြုထားတယ်လို့ယူဆရတဲ့ ကဗျာလင်္ကာတွေ၊ စည်းဝေးပွဲ၊ စည်းဝေးကြီး ဒါမှမဟုတ် နိုင်ငံတော်ခန်းမမှာကြားခဲ့ရတဲ့ ပုံဥပမာတွေ၊ လယ်ကွင်းဓမ္မအမှုကတွေ့ကြုံမှုတွေ အစရှိတာတွေကို ညီအစ်ကိုညီအစ်မတွေအလယ်မှာဖြန့်တတ်ကြတယ်။ အဲဒါတွေကိုယ်နှိုက်ကတော့ မမှားပါဘူး။ ဒါပေမဲ့ အများစုက အဲဒီလိုအီးမေးလ်ဟာ ဘယ်ကလာသလဲဆိုတာမစစ်ဆေးဘဲ တခြားသူတွေဆီ ဆက်ပို့တတ်ကြတဲ့အတွက် အမှန်တကယ်အစပြုပို့ပေးသူကို သိဖို့ခက်သွားပြီး တကယ်မှန်မမှန်ဆိုတာသိဖို့လည်း အရမ်းခက်သွားတယ်။—သု. ၂၂:၂၀၊ ၂၁။
၃၂ အများအားဖြင့် အဲဒီလိုပေါ့ပျက်တဲ့ သတင်းတွေဟာ တိမောသေကို ပေါလုပြောခဲ့တဲ့ အကျိုးဖြစ်ထွန်းတဲ့ ဒီလိုစကားမျိုးမဟုတ်ဘူး– “သင်သည် ငါ့ထံမှ ကြားနာခဲ့သည့် အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံကို ခရစ်တော်ယေရှု၌ရှိသော ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ ဆုပ်ကိုင်ထားလော့။” (၂ တိ. ၁:၁၃) ကျမ်းစာအမှန်တရားဆိုင်ရာ ‘စင်ကြယ်သောဘာသာစကား’ မှာ သမ္မာကျမ်းစာရဲ့ခေါင်းစဉ်ကို အဓိကအခြေခံထားတဲ့ “အကျိုးဖြစ်ထွန်းသော တရားစကား” ပါတယ်။ (ဇေ. ၃:၉) သမ္မာကျမ်းစာခေါင်းစဉ်က နိုင်ငံတော်ကိုသုံးပြီး ယေဟောဝါဟာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သံသယကင်းရှင်းစေခြင်းဖြစ်တယ်။ ယေဟောဝါဟာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်တယ်ဆိုတာ ထောက်ခံရာမှာ ကျွန်ုပ်တို့ရဲ့ အချိန်နဲ့ခွန်အားကို အတတ်နိုင်ဆုံး ပေးဆက်ဖို့ကြိုးစားသင့်တယ်။
၃၃ ကျွန်ုပ်တို့ဟာ ဒီအစီအစဉ်စနစ်ဆုံးခန်းကာလရဲ့ အဆုံးပိုင်းမှာရောက်နေတဲ့အတွက် နိုးနိုးကြားကြားရှိသင့်တယ်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဒီလိုသတိပေးတယ်– “သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့။ သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏။” (၁ ပေ. ၅:၈) ကျမ်းစာက ဒီလိုထပ်ဖော်ပြတယ်– “မာရ်နတ်၏စဉ်းလဲသည့် ပရိယာယ်များကို ခုခံ၍ အခိုင်အမာ ရပ်တည်နိုင်ရန် ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြလော့။”—ဧ. ၆:၁၁။
၃၄ တလွဲအသုံးပြုမယ်ဆိုရင် အင်တာနက်ဟာ ဆွဲဆောင်နိုင်စွမ်းအပြည့်အဝရှိတဲ့ စာတန်ရဲ့ လှည့်စားနည်းတစ်ခုဖြစ်နိုင်တယ်။ အင်တာနက်ဟာ အထိုက်အလျောက်တော့ အသုံးဝင်ပေမဲ့ သတိထားမသုံးရင် အန္တရာယ်ရှိတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့သားသမီးတွေ အင်တာနက်သုံးတာကို ဂရုစိုက်ဖို့အထူးလိုအပ်တယ်။
၃၅ အင်တာနက်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိတာက အကာအကွယ်တစ်ရပ်ဖြစ်တယ်။ ပေါလုရဲ့ အခန့်သင့် ဒီသတိပေးချက်ကို ကျွန်ုပ်တို့လေးမြတ်ကြတယ်– “ဤလောကကို သုံးသောသူသည် အပြည့်အဝ မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ဤလောက၏ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ၏။” (၁ ကော. ၇:၂၉-၃၁) ဒီအကြောင်းအရာတွေကိုစွဲမှတ်ထားတာက ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့ရဲ့မိသားစုတွေကို အင်တာနက်ပေါ်မှာ ရရှိနိုင်တဲ့အရာအပါအဝင် လောကကမ်းလှမ်းသမျှအရာတွေကြောင့် အာရုံမပျံ့လွင့်အောင် ကူညီပေးတယ်။
၃၆ ကျွန်ုပ်တို့ဟာ အသင်းတော်ရှိညီအစ်ကိုညီအစ်မတွေနဲ့ နီးနီးကပ်ကပ်နေဖို့နဲ့ ကျန်ကြွင်းတဲ့အချိန်ကို ပညာရှိရှိအသုံးပြုဖို့ အရေးကြီးတယ်။ ဒါမှသာ နိုင်ငံတော်လုပ်ငန်းတိုးတက်အောင် ကိုယ့်ကိုယ်ကိုယ်ပေးဆက်ဖို့ အသင့်ရှိနေကြပါလိမ့်မယ်။ ဒီစနစ်ရဲ့အဆုံးနီးလာပြီဖြစ်တဲ့အတွက် “လူမျိုးခြားတို့သည် မိုက်မဲသော စိတ်သဘောနှင့် လျှောက်လှမ်းသည့်နည်းတူ . . . မလျှောက်လှမ်း” ဘဲ “ယေဟောဝါဘုရား၏ အလိုတော်ကို သိမြင်လျက်နေကြ” ရအောင်။—ဧ. ၄:၁၇; ၅:၁၇။