တာဝန်နဲ့ကင်းလွတ်တဲ့ အချိန်ဆိုတာ မရှိ
၁။ ပထမရာစုက ဧဝံဂေလိဟောပြောသူတွေဟာ တာဝန်နဲ့ကင်းလွတ်တဲ့ အချိန်ရှိတယ်ဆိုပြီး ဘယ်တော့မှ မယူမှတ်ခဲ့ကြဘူးဆိုတာ ဘယ်လိုသိရှိရသလဲ။
၁ ပထမရာစုက ဇွဲရှိတဲ့ ဧဝံဂေလိဟောပြောသူတွေဟာ လူတွေရှိတဲ့ နေရာတိုင်းမှာ သတင်းကောင်းကို “မပြတ်” တမ်း ဟောပြောခဲ့ကြတယ်။ (တ. ၅:၄၂) ဒါကြောင့် တစ်အိမ်မှတစ်အိမ် ဟောပြောဖို့အသွားမှာ လမ်းပေါ်က တွေ့သမျှ လူတွေကိုလည်း သူတို့ မဟောဘဲနေမှာ မဟုတ်ဘူးဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ ဟောပြောပြီးတဲ့နောက် ဈေးဝယ်တဲ့အခါမှာလည်း အလွတ်သဘောသက်သေခံဖို့ အခွင့်အရေးရှာကြမှာဖြစ်တယ်။ ယေရှုလိုပဲ သူတို့ဟာ တာဝန်နဲ့ကင်းလွတ်တဲ့ အချိန်ရှိတယ်ဆိုပြီး ဘယ်တော့မှ မယူမှတ်ခဲ့ကြဘူး။—မာ. ၆:၃၁-၃၄။
၂။ ကျွန်ုပ်တို့ရဲ့နာမည်နဲ့အညီ အသက်ရှင်နေထိုင်တယ်ဆိုတာကို ဘယ်လိုတင်ပြနိုင်မလဲ။
၂ အမြဲ အသင့်ရှိနေ– ယေဟောဝါသက်သေများဆိုတဲ့ နာမည်က ကျွန်ုပ်တို့ လုပ်ဆောင်ရာကိုပဲ ဖော်ပြတာမဟုတ်ဘဲ ကျွန်ုပ်တို့က ဘယ်သူတွေလဲဆိုတာကိုပါ ဖော်ပြပါတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်အကြောင်း ခုခံပြောဆိုဖို့ တစ်အိမ်မှတစ်အိမ်ကို မသွားရင်တောင် အမြဲ အသင့်ရှိနေကြပါတယ်။ (၁ ပေ. ၃:၁၅) အလွတ်သဘောသက်သေခံနိုင်တဲ့ အခြေအနေတွေ ပေါ်လာရင် ဘာပြောမလဲဆိုတာတွေကို ကြိုတင်စဉ်းစားထားသလား။ စိတ်ဝင်စားတဲ့သူတွေကို ဝေငှဖို့ စာအုပ်စာပေတွေ အသင့်ဆောင်ထားသလား။ (သု. ၂၁:၅) တစ်အိမ်မှတစ်အိမ် သွားတဲ့အခါမှာပဲ သင် ဟောပြောသလား။ ဒါမှမဟုတ် အခြေအနေပေးမယ်ဆိုရင် တခြားနေရာတွေမှာလည်း လူတွေကို သတင်းကောင်း ဝေမျှသလား။
၃။ “လူရှေ့သူရှေ့” သက်သေခံခြင်းဆိုတာဘာလဲ။ အဲဒီနည်းနဲ့ဟောဖို့ ဘာကြောင့် အရေးကြီးသလဲ။
၃ “လူရှေ့သူရှေ့” သက်သေခံခြင်း– “လူရှေ့သူရှေ့” သက်သေခံခြင်းဆိုတာ ကားရပ်နားရာနေရာ၊ ပန်းခြံ၊ စီးပွားရေးရပ်ကွက်တွေမှာနဲ့ လမ်းပေါ်မှာ သက်သေခံတာကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။တမန်တော်ပေါလုဟာ “လူရှေ့သူရှေ့” နဲ့ တစ်အိမ်မှတစ်အိမ်ကို သွားဟောတယ်လို့ ပြောခဲ့ပါတယ်။ (တ. ၂၀:၂၀) လူတွေဆီ သတင်းကောင်း ရောက်ရှိစေဖို့ တစ်အိမ်မှတစ်အိမ် ဟောပြောနည်းက အဓိကဖြစ်ပြီး အထိရောက်ဆုံးနည်းလည်း ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပထမရာစု ဧဝံဂေလိဟောပြောသူတွေ အဓိက အာရုံစိုက်တာက အိမ်တွေကိုမဟုတ်ဘဲ လူတွေကို ဖြစ်ပါတယ်။ သူတို့ဟာ အမှန်တရားကို ဝေမျှရာမှာ နည်းသုံးနည်းဖြစ်တဲ့ လူရှေ့သူရှေ့၊ တစ်အိမ်မှတစ်အိမ်နဲ့ အလွတ်သဘောဆိုတဲ့ နည်းတွေကို လက်မလွတ်တမ်း အသုံးပြုခဲ့ကြပါတယ်။ ကျွန်ုပ်တို့လည်း အမှုတော်ကို အကုန်အစင်ပြီးမြောက်စေဖို့ လူတွေကိုပဲ အာရုံစိုက်ကြပါစို့။—၂ တိ. ၄:၅။