ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —မိက္ခာ
၁။ ဘယ်လိုမေးခွန်းမျိုးကို မိက္ခာ စဉ်းစားမိခဲ့နိုင်သလဲ။ သူ့ရဲ့ သတိပေးချက်က ဘာကြောင့် အချည်းနှီး မဖြစ်ခဲ့သလဲ။
၁ “ဖောက်ပြန်ယိုယွင်းနေတဲ့ ဒီစနစ်ရဲ့အဆုံး ဘယ်တော့ရောက်လာမှာလဲ။” အစ္စရေးနဲ့ယုဒနိုင်ငံကို ယေဟောဝါရဲ့တရားစီရင်ချက်အကြောင်း မိက္ခာ ကြေညာတုန်းကလည်း အထက်ပါမေးခွန်းကို သူ စဉ်းစားခဲ့မှာ ဖြစ်တယ်။ နောက်ပိုင်းမှာ သူ့ရဲ့ကြေညာချက်က အမှန်ဖြစ်လာပါတော့တယ်။ ဘီစီ ၇၄၀၊ မိက္ခာ အသက်ရှင်နေချိန်မှာပဲ ရှမာရိနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စကား ပြည့်စုံလာပါတယ်။ (မိ. ၁:၆၊ ၇) နောက်ပိုင်း ဘီစီ ၆၀၇ ရောက်လာတဲ့အခါ ဂျေရုဆလင်လည်း ဖျက်ဆီးခံခဲ့ရတယ်။ (မိ. ၃:၁၂) ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့ တရားစီရင်ခြင်းကို စောင့်မျှော်နေရင်းနဲ့ မိက္ခာကို ဘယ်လို တုပနိုင်သလဲ။
၂။ ယေဟောဝါရဲ့နေ့ကြီးကို စောင့်နေရင်းနဲ့ စိတ်ရှည်မှုကို ဘာကြောင့်တင်ပြသင့်ပါသလဲ။ ဘယ်လိုတင်ပြမလဲ။
၂ စိတ်ရှည်ပါ– မိက္ခာ ဒီလိုရေးခဲ့တယ်– “ငါမူကား ထာဝရဘုရားကိုစောင့်မျှော်နေမည်။ ငါ့ကိုကယ်တင်မည့်ဘုရားသခင်အား ယုံကြည်စိတ်ချစွာ စောင့်နေမည်။” (မိ. ၇:၇၊ ခမ) မိက္ခာဟာ အဆုံးကို ဒီအတိုင်းပဲ ထိုင်စောင့်နေခဲ့တာ မဟုတ်ပါဘူး။ ယေဟောဝါရဲ့ ပရောဖက်တစ်ယောက်အနေနဲ့ အလုပ်များနေခဲ့ပါတယ်။ ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့နေ့ကို စောင့်မျှော်နေရင်းနဲ့ “သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားတရားဆည်းကပ်သူများ” အဖြစ် အလုပ်များနေသင့်ပါတယ်။ (၂ ပေ. ၃:၁၁၊ ၁၂) ယေဟောဝါ စိတ်ရှည်တဲ့အတွက်ကြောင့် လူသားတွေနောင်တရဖို့ အချိန်ရစေတယ်။ (၂ ပေ. ၃:၉) ဒါကြောင့် ကျွန်ုပ်တို့လည်း ပရောဖက်တွေရဲ့စိတ်ရှည်ခြင်းကို တုပပါ ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာသွားဖို့ ဖြစ်ပါတယ်။—ယာ. ၅:၁၀။
၃။ စွမ်းအားတော်ပေးဖို့အတွက် ယေဟောဝါဆီ ဘာကြောင့် အသနားခံသင့်သလဲ။
၃ ယေဟောဝါရဲ့ အစွမ်းတန်ခိုးကို အားကိုးပါ– မိက္ခာရဲ့တာဝန် ခက်ခဲပေမဲ့ တာဝန်ကို ကျေပွန်ဖို့ ယေဟောဝါကို မှီခိုအားထားခဲ့တယ်။ (မိ. ၃:၈) ကျွန်ုပ်တို့ဟာ ယေဟောဝါဆီက အကူအညီလိုအပ်တယ်ဆိုတာကို ကိုယ်တော်သိပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာ ကိုယ်တော့်ဆီမှာ ခွန်အားတောင်းဖို့ အားပေးထားခြင်းဖြစ်တယ်။ ဘုရားရေးရာတာ၀န်တွေကို ကျေပွန်နိုင်ဖို့ ဘုရားသခင်က မောပန်းနွမ်းနယ်တဲ့သူတွေကို အစွမ်းခွန်အား ရက်ရက်ရောရောပေးပါလိမ့်မယ်။ (ဆာ. ၈၄:၅၊ ၇; ဟေရှာ. ၄၀:၂၈-၃၁) မြင့်မြတ်တဲ့အမှုတော်မှာ ထမ်းဆောင်ရင်း ကိုယ်တော် ခွန်အားပေးတာကို ကိုယ်တွေ့ကြုံဖူးပါသလား။ အကူအညီအတွက် စွမ်းအားတော်ပေးဖို့ ယေဟောဝါဆီ ပုံမှန်တောင်းခံပါသလား။—လု. ၁၁:၁၃။
၄။ မိက္ခာရဲ့ ဘဝအသက်တာက အရေးကြီးတဲ့ဘယ်သင်ခန်းစာတွေ ပေးပါသလဲ။
၄ ယေဟောဝါရဲ့အလိုတော်ဆောင်ခြင်းက မိက္ခာဘဝမှာ အရေးကြီးဆုံးအရာဖြစ်ခဲ့တယ်။ ကိုယ်ကျင့်တရားယိုယွင်းတဲ့ လောကအလယ်မှာ အသက်ရှင်နေရပေမဲ့ ဆက်သစ္စာရှိဖို့ သူ ဆုံးဖြတ်ခဲ့တယ်။ ထပ်တူပါပဲ၊ ကျွန်ုပ်တို့ဟာ သစ္စာရှိမရှိ နေ့စဉ်စမ်းသပ်ခံနေရပါတယ်။ ဒါကြောင့် “ထာဝရဘုရား၏ နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက်” အသက်ရှင်သွားမယ် ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဆက်လက် ခိုင်မာစေကြပါစို့။—မိ. ၄:၅။