ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၁၀/၈ စာ. ၈-၁၀
  • ဥရောပ သစ်ခွရှာပုံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥရောပ သစ်ခွရှာပုံတော်
  • နိုးလော့!—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့ရေတွက်မကုန် သက်ရှိအဖုံဖုံ—ဤနေရာသို့ မည်သို့ရောက်ရှိလာသနည်း
    နိုးလော့!—၁၉၉၈
  • ဆင့်ကဲဖြစ်စဉ်—ဒဏ္ဍာရီနှင့် အဖြစ်မှန်
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • ကမ္ဘာ့မျိုးစိတ်များကို ကယ်တင်နိုင်မည်လော
    နိုးလော့!—၂၀၀၂
နိုးလော့!—၁၉၉၆
န၉၆ ၁၀/၈ စာ. ၈-၁၀

ဥရောပ သစ်ခွရှာပုံတော်

နယ်သာလန်မှ နိုးလော့! သတင်းထောက် ပေးပို့သည်

ကမ္ဘာတစ်ဝန်းရှိ လူတို့သည် သစ်ခွပန်းကို မက်မောစွဲလမ်းကြသည်။ သစ်ခွပန်းပင်ကို တစ်မူထူးခြားသောအလှနှင့်လည်းကောင်း၊ အရောင်အသွေး စိုပြည်တောက်ပခြင်းနှင့်လည်းကောင်း ခွဲခြား၍မရပေ။ သစ်ခွပန်းတို့သည် လူသူအရောက်အပေါက်နည်းသော အပူပိုင်းသစ်တောကြီးများအတွင်း ပေါက်ရောက်သည့်အချက်က ၎င်းတို့၏ပတ်ဝန်းကျင်တွင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အစော်တစ်မျိုးသက်ရောက်စေသည်။ သစ်ခွပန်းများသည် အပူပိုင်းဒေသများ၌သာ တွေ့ရသည်မဟုတ်ဘဲ ဥရောပကဲ့သို့သော သမပိုင်းဒေသများ၌လည်း တွေ့ရသည်ကို သိရှိသူနည်းပါးသည်။

အာတိတ်ဒေသ အိုင်စလန်နိုင်ငံမှသည် အပူပိုင်းဒေသနှင့်နီးသော ဂရိနိုင်ငံအထိ ဒေသအမျိုးမျိုးတွင် သစ်ခွမျိုးစိတ်များကို တွေ့ ရှိနိုင်သည်။ ဥရောပတွင် မျိုးစိတ်စုစုပေါင်း ၃၅၀ ခန့်တွေ့ ရှိထားသည်။ အပူပိုင်းဒေသမှ သစ်ခွမျိုးစိတ်အများနှင့်မတူဘဲ ဥရောပသစ်ခွမျိုးစိတ်များသည် မြေမက်ပင်မျိုးဖြစ်ပြီး မြေလွှာတွင်အမြစ်စွဲကြသည်။ အပူပိုင်းဒေသမှသစ်ခွများမူကား အဓိကအားဖြင့် သစ်ကပ်ပင်မျိုးဖြစ်ပြီး အပင်များတွင်အမြစ်တွယ်ကြသည်။ အပူပိုင်းဒေသမှ သစ်ခွမျိုးစိတ်အများမှာ ကြီးမား၍အရောင်စုံတောက်ပသော ပန်းပွင့်များပွင့်ကြသော်လည်း ဥရောပသစ်ခွပန်းများမူကား အရွယ်အသင့်အတင့်သာရှိကြသည်။

ဥရောပတွင် သစ်ခွပန်းရှာပုံတော်ခရီးထွက်ရသည်မှာ ပျော်စရာကောင်းလှသည်။ အကြောင်းမှာ သစ်ခွမျိုးစိတ်အများအပြားတို့သည် ကြီးကျယ်ခမ်းနားသော ပတ်ဝန်းကျင်မျိုးတွင် ပေါက်ရောက်ကြသောကြောင့်တည်း။ သစ်ခွပန်းများသည် ကွဲပြားခြားနားသောအခြေအနေများ တည်ရှိကြောင်း ညွှန်ပြသည့်အညွှန်းများ ဖြစ်လေ့ရှိသည်။ မျိုးစိတ်အတော်များများသည် ၎င်းတို့၏လိုအပ်ချက်အားလုံး ပြည့်စုံသောနေရာဖြစ်သည့် အထူးသီးသန့်ဖြစ်သော ဝန်းကျင်မျိုး၌သာပေါက်ရောက်ကြသည်။ သာဓကအားဖြင့် Dactylorhiza incarnata ကဲ့သို့သော စိမ့်မြေသစ်ခွမျိုးသည် ထုံးဓာတ်အလုံအလောက်ပါဝင်သည့် မြေအောက်ရေရှိရာဒေသများ၌သာ ပေါက်ရောက်ကြသည်။ ဤအချက်က အချို့သောသစ်ခွမျိုးစိတ်များသည် အခြားသောမျိုးစိတ်များထက် အဘယ်ကြောင့်ရှားပါးရသည်ကို ရှင်းလင်းနားလည်စေသည်။ ပတ်ဝန်းကျင်အခြေအနေ အတိအကျပြည့်စုံမှသာ ပေါက်ရောက်နိုင်သည့် သစ်ခွမျိုးစိတ်တစ်မျိုးကို ကန့်သတ်ချက်နည်းသော အခြေအနေမျိုးတွင် ပေါက်ရောက်နိုင်သည့်မျိုးစိတ်လောက် တွေ့ မြင်ရလွယ်မည်မဟုတ်ပေ။

အကယ်၍ ကျွန်ုပ်တို့သည် စိတ်ကူးဖြင့် ဥရောပတိုက်ကိုဖြတ်သန်း၍ နယ်သာလန်နိုင်ငံမှ အီတလီနိုင်ငံတောင်ပိုင်းသို့ ခရီးသွားမည်ဆိုလျှင် ကျွန်ုပ်တို့ဖြတ်သန်းသည့် ဒေသအများအပြား၌ သစ်ခွပန်းများကိုတွေ့ရပေမည်။ နယ်သာလန်နိုင်ငံမှ ကျွန်ုပ်တို့၏ခရီးကို စကြပါစို့။ ဥရောပအနောက်ပိုင်းတွင်တည်ရှိသော ဤမြေနိမ့်နိုင်ငံ၌ပင် ကျယ်ပြောသောစိမ့်မြေများ၊ သဲသောင်ခုံမြေနိမ့်ချိုင့်ဝှမ်းများနှင့် မြက်ခင်းလွင်ပြင်များကို တွေ့ ရှိနိုင်သည်။ မေလနှင့်ဇွန်လများတွင် အချို့မြေမျက်နှာပြင်တို့သည် Dactylorhiza ခေါ်သစ်ခွမျိုးစုကြောင့် တစ်ပြင်လုံး နှင်းဆီရောင်နှင့် ခရမ်းရင့်ရောင်တို့ဖြင့် ယှက်သန်းလျက်ရှိကြသည်။ ၎င်းတို့အနက် Dactylorhiza praetermissa ခေါ်မျိုးစိတ်သည် လှပ၍ခန့်ညားတင့်တယ်လှသည်။ ဤသစ်ခွမျိုးသည် သုံးပေအထိအမြင့်ရှိနိုင်ပြီး အများဆုံးအပွင့် ၆၀ အထိ ပွင့်နိုင်သည်။ အချို့သောသစ်ပုပ်မြေဆွေးကွင်းများနှင့် ခရမ်းနုခေါင်းလောင်းပုံအပွင့်ရှိသော အပင်ငယ်မျိုး (heather) ပေါက်သည့်ကွင်းပြင်တို့၌လည်း သစ်ခွပင်များပေါက်ရောက်နိုင်သည်။ အဓိကအားဖြင့် စွတ်စိုသော heather ကွင်းပြင်မျိုး၌ Dactylorhiza maculata သစ်ခွမျိုးကို တစ်ခါတစ်ရံ အများအပြားတွေ့ ရှိနိုင်သည်။ သစ်ပုပ်မြေဆွေးကွင်းများ၌ပေါက်ရောက်သော Hammarbya paludosa သစ်ခွမျိုး၏သေးငယ်သော အစိမ်းရောင်အပွင့်များကိုတွေ့ရှိရန် အသေအချာရှာဖွေရသည်။ ဤသစ်ခွငယ်မျိုးသည် လူအရောက်အပေါက် အလွန်ခဲယဉ်းသောဒေသများ၌ ပေါက်ရောက်ကြသည်။

တောင်ဘက်သို့ဆင်းလာသည့်အခါ ဂျာမနီနိုင်ငံ၏အလယ်ရိုးမတောင်တန်းသို့ ရောက်ရှိလာသည်။ ဤနေရာတွင် ရွက်ကြွေပင်အမျိုးစုံတို့ကြားတွင် Epipactis သစ်ခွမျိုးစုကို အတော်အတန်တွေ့ ရှိရသည်။ ၎င်းတို့အနက် အချို့သည် ထူထပ်သောတောရိပ်တောင်ရိပ် ရှိရာဒေသများ၌ ပေါက်ရောက်၍ Epipactis muelleri ကဲ့သို့သောအချို့မျိုးစုတို့မူကား တောစွန်တောစပ်များ၌ ပေါက်ရောက်ကြသည်။ နွေရာသီအနှောင်းပိုင်းနှင့် ဆောင်းဦးရာသီတို့တွင် Epipactis သစ်ခွမျိုးစိတ် အပွင့်ပွင့်ပြီးနောက် ဥရောပတိုက်တွင် သစ်ခွရာသီကုန်ဆုံးလေသည်။ ထုံးဓာတ်ကြွယ်ဝသောကုန်းစောင်းများတွင် သစ်ခွပန်းများ အထူးဝေဆာပွင့်ဖူးနိုင်သည့် ခြောက်သွေ့ ၍ထုံးဓာတ်ကြွယ်ဝသော မြက်ခင်းလွင်ပြင်တည်ရှိသည်။ မေလနှင့်ဇွန်လအတွင်း ဤဒေသတွင် သစ်ခွမျိုးစိတ်အမျိုးမျိုးတွေ့ ရှိနိုင်သည်။ ၎င်းတို့တွင် တင့်တယ်ခန့်ညားသော Orchis militaris နှင့် Orchis ustulata တို့လည်းပါဝင်ကြသည်။

ဂျာမနီနိုင်ငံ၏တောင်ပိုင်းတွင် အဲ့လ်ပ်စ်တောင်တန်းတည်ရှိသည်။ တောင်ခါးပန်းရှိမြက်ခင်းပြင်တို့သည် ပန်းများလှိုင်လှိုင်ပွင့်သောဒေသအဖြစ် ထင်ရှားကျော်ကြားသည်။ ဤသို့ကျော်ကြားရသည်မှာ များသောအားဖြင့် သစ်ခွပန်းတို့၏ အလှကျက်သရေကြောင့်ဖြစ်သည်။ အီတလီနိုင်ငံမှ ဒိုးလ်မိုက်ကဲ့သို့သော တောင်ခါးပန်းမြက်ခင်းပြင်အချို့သည် ဇူလိုင်လတွင် သစ်ခွပန်းများ၏ကျေးဇူးကြောင့် ခရမ်းရောင်ဝေဆာလျက်ရှိကြသည်။ ဤနေရာမျိုး၌ Nigritella nigra သစ်ခွမျိုးသည် အရောင်အသွေးစုံညီစွာဖြင့် လှိုင်လှိုင်ပွင့်ဖူးကြသည်။ ဤသစ်ခွမျိုးသည် vanilla သစ်ခွမွှေးရနံ့ပြင်းတစ်မျိုး ထုတ်လွှတ်သဖြင့် အပူပိုင်းဒေသသစ်ခွတစ်မျိုး၏အသီးမှ ထုတ်ယူရရှိသည့် vanilla ဟင်းမွှေးဆီကို သတိရစေသည်။

သစ်ခွပန်းများကို ပေပေါင်းတစ်သောင်းကျော်မြင့်သော တောင်တန်းများ၌ပင် တွေ့ ရှိနိုင်သည်။ ဤမျှမြင့်မားသောနေရာ၌ ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးဖြစ်ဖွယ်ရှိသည့် Chamorchis alpina သစ်ခွမျိုးကိုတွေ့ရှိနိုင်သည်။ ဤသစ်ခွပန်းပွင့်၏အချင်းမှာ တစ်လက်မ၏လေးစိတ်တစ်စိတ်ပင် မပြည့်ချေ။ ပန်းပွင့်အရောင်မှာ အစိမ်းရောင်ဖြစ်သဖြင့် အာရုံစွဲဆောင်မှုမရှိလှပေ။ သို့သော်လည်း ဤမျိုးစိတ်သည် တောင်ခါးပန်းဒေသ၏ သက်ရှိပတ်ဝန်းကျင်အဖွဲ့ ၌ ယင်း၏တိကျသော ဆိုင်ရာအခန်းကဏ္ဍရှိလေသည်။

အဲ့လ်ပ်စ်တောင်တန်းကိုကျော်ဖြတ်ပြီးနောက် ဥရောပဘက်ခြမ်းရှိ မြေထဲပင်လယ်ဒေသသို့ ကျွန်ုပ်တို့ရောက်ရှိလာသည်။ ဥရောပ၏အခြားဒေသများမှာထက် ဤဒေသ၌ ပို၍များပြားသောသစ်ခွမျိုးစိတ်တို့ကို တွေ့ ရှိရသည့်ပြင် မျိုးကွဲများမှာလည်း အံ့အားသင့်လောက်အောင် များပြားလှသည်။ ဤဒေသတွင်ပေါက်ရောက်သည့် ပူနွေးသောရာသီကြိုက်မျိုးစိတ်တို့မှာ နွေဦးရာသီအစောပိုင်းတွင်သာ ပွင့်ဖူးကြသည်။ ခြောက်သွေ့သောနွေရာသီအတွင်း၌ သစ်ခွအပါအဝင် ပေါက်ပင်မှန်သမျှတို့သည် သွေ့ခြောက်သွားကြသဖြင့် အပွင့်ပွင့်သောအပင်ဟူ၍ တစ်ပင်တလေမျှ မတွေ့ရချေ။ ဆောင်းဦးရာသီ၌ မိုးတစ်ပြိုက်နှစ်ပြိုက်ရွာသွန်းပြီးနောက်မှသာ စိမ်းလန်းသောအပင်များ ပြန်လည်ရှင်သန်လာကြသည်။

သစ်ခွပင်များလည်း အဆိုပါမိုးရေကြောင့် ရှင်သန်နိုးထလာကြသည်။ ထိုကာလ၌ သစ်ခွမျိုးစိတ်အများသည် ဖဲပွင့်သဏ္ဌာန်အရွက်များ စု၍ပေါက်ကာ ဆောင်းရာသီကိုလွန်မြောက်ကြသည်။ နွေဦးရာသီအစောပိုင်းကျမှ စိုပြည်ဝင်းပသောပန်းပွင့်များ ဖူးပွင့်လာကြသည်။ Ophrys မျိုးစုဝင်မျိုးစိတ်များသည် မြေထဲပင်လယ်ဒေသပေါက်ပင်စစ်စစ် ဖြစ်ကြသည်။ ဤမျိုးစိတ်အများသည် ဝတ်မှုန်ကူးခြင်းအတွက် ပိုးမွှားနှင့်ဆင်တူသည့်ပန်းပွင့်ကို မိတ်လိုက်ဖက်အဖြစ် အထင်မှားတတ်သော ပိုးမွှားအဖိုတို့ကို အားထားကြရသည်။ မျိုးစိတ်အတော်များများကို ၎င်းတို့နှင့်ဆင်တူသည့်ပိုးမွှားများကို အစွဲပြု၍ခေါ်တွင်ကြသည်။ သာဓကအနေနှင့် ပင့်ကူသစ်ခွ (spider orchid)၊ ယင်ကောင်သစ်ခွ (fly orchid)၊ ပိတုန်းသစ်ခွ (bumblebee orchid)၊ (Ophrys sphegodes, insectifera, နှင့် bombyliflora) စသည်ဖြင့်ဖြစ်သည်။ ဤသို့အတုအယောင်မိတ်လိုက်ပြီးနောက် ထိုပိုးမွှားသည် ဝတ်မှုန်များကိုသယ်ဆောင်လျက် မျိုးစိတ်တူပန်းနောက်တစ်ပွင့်ထံ အမှတ်မထင်ပို့ဆောင်ပေးလေသည်။ ဤသို့ဖြင့် ဝတ်မှုန်ကူးခြင်းဖြစ်ပွား၍ မျိုးစေ့စတင်ဖြစ်ပေါ်လေသည်။ ဤဝတ်မှုန်ကူးသည့်နည်းသည် အလွန်အံ့သြစရာကောင်းလောက်အောင် တိကျမှန်ကန်လှသည်။

Ophrys မျိုးစိတ်ထဲတွင် မျိုးစိတ်ခွဲများထပ်၍တွေ့ ရှိရသည်။ ၎င်းသစ်ခွတစ်မျိုးစီသည် သတ်သတ်မှတ်မှတ်ရှိသော ပိုးမွှားတစ်မျိုးစီအားဖြင့် ဝတ်မှုန်ကူးကြသည်။ ဝတ်မှုန်ကူးပေးသောပိုးမွှားတစ်မျိုးသည် အမြင်အားဖြင့်ဆင်တူသော်လည်း မျိုးမတူသောပန်းပွင့်များနှင့် တွေ့သည့်အခါ ဝတ်မှုန်ကူးခြင်းမပြုလုပ်ပေးချေ။ သို့သော် တစ်ခါတစ်ရံတွင် မျိုးစိတ်တစ်မျိုးကို မှားယွင်းစွာဝတ်မှုန်ကူးမိသည့် “မတော်တဆ” ဖြစ်ရပ်ဖြစ်ပွားတတ်လေရာ နှစ်မျိုးစပ်မျိုးများဖြစ်ပေါ်လာတတ်သည်။ ရံဖန်ရံခါ ထိုနှစ်မျိုးစပ်မျိုးများသည် အောင်မြင်သောမျိုးစေ့များ ထုတ်လုပ်နိုင်စွမ်းရှိသဖြင့် အမျိုးတူအပင်ပေါက်ကလေး အများအပြားပေါက်ပွားစေနိုင်သည်။

ဝိသေသလက္ခဏာထူးခြားသော မြေထဲပင်လယ်သစ်ခွမျိုးစုနောက်တစ်မျိုးမှာ လျှာသစ်ခွ (tongue orchid, Serapias) ဖြစ်သည်။ ဤမျိုးစိတ်တို့သည် ပန်းပွင့်အတွင်းရှိပြွန်ခေါင်းအတွင်း၌ တစ်ညတာအိပ်စက်အနားယူလေ့ရှိသည့် ပိုးမွှားများအားဖြင့် ဝတ်မှုန်ကူးခံရကြသည်။ ထိုပိုးမွှားနိုးလာသည့်အချိန်တွင် ဝတ်မှုန်များသည် ပိုးမွှား၏ကိုယ်ပေါ်တွင် ကပ်ပါသွားလေသည်။ ဤသို့ဖြင့် အခြားပန်းပွင့်တစ်ပွင့်သည် နောက်တစ်ညတွင် ဝတ်မှုန်ကူးခံရလေသည်။

ဥရောပတစ်လွှား ကျွန်ုပ်တို့ဖြတ်သန်းသည့်အခါ သစ်ခွပန်းများ ဝေဝေဆာဆာဖူးပွင့်သည့် ကြီးကျယ်ခမ်းနားသော သဘာဝဒေသကြီးအများအပြားကို တွေ့ ရှိခဲ့ကြသည်။ သို့သော် သစ်ခွအမျိုးများစွာမှာ မျိုးသုဉ်းပျောက်ကွယ်ခဲ့လေပြီ။ စက်မှုထွန်းကား၍ လူဦးရေထူထပ်သော၊ စိုက်ပျိုးရေးခေတ်မီတိုးတက်သော ဥရောပတိုက်တွင် သဘာဝကြိုးဝိုင်းတိုင်းသည် ခြိမ်းခြောက်မှုအန္တရာယ်အမျိုးစုံနှင့် ရင်ဆိုင်လျက်ရှိသည်။ အက်စစ်မိုး၊ မိုးခေါင်မှု၊ စိုက်ပျိုးမြေများကို အစွမ်းကုန်ချဲ့ထွင်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြတိုးချဲ့ခြင်းတို့သည် သစ်ခွပန်းများ၏ရှင်သန်မှုကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိသည်။ သစ်ခွမျိုးစိတ်အများသည် ရှားပါးစပြုလာသည်။ အချို့တိုင်းပြည်များ၌ သစ်ခွမျိုးစိတ်အချို့ကို ဥပဒေပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက်ထားကြသည်။

သို့သော် တစ်စုံတစ်ရာကို ဥပဒေဖြင့်တားမြစ်လိုက်ရုံနှင့် ထိရောက်မှုမရှိလှပေ။ လူတို့အနေဖြင့် ဖန်ဆင်းခံအရာများကို လေးစားတတ်ရန်လိုပေသည်။ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံအရာများကို လေးစားတန်ဖိုးထားမှုခေါင်းပါးသည့် ယခုလက်ရှိမစုံလင်သော အစီအစဉ်စနစ်အတွင်း၌ သဘာဝဝန်းကျင် ရှင်သန်ကြီးပွားမည်ကို ကျွန်ုပ်တို့မမျှော်လင့်နိုင်ပါ။ ဘုရားသခင့်စနစ်သစ်ကျမှ ဖြောင့်မတ်သောသူတို့သည် သဘာဝတရား၏ သဟဇာတအခြေအနေကို မွေ့လျော်ခံစားနိုင်မည်ဖြစ်သည်။ (ဟေရှာယ ၃၅:၁) ထိုအချိန်ကျလျှင် သစ်ခွပန်းအမျိုးမျိုးအစားစားတို့သည် ထိုက်ထိုက်တန်တန် လေးမြတ်တန်ဖိုးထား ခံရမည်ဖြစ်သည်။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ဤစာမျက်နှာနှစ်မျက်နှာမှ သစ်ခွပန်းများမှာ (၁) အီတလီ၊ (၂) နယ်သာလန်၊ (၃) တောင်ခါးပန်းမြက်ခင်းပြင်၊ (၄) ထုံးဓာတ်ကြွယ်ဝသောမြက်ခင်းလွင်ပြင်နှင့် (၅) ခရမ်းနုခေါင်းလောင်းပုံအပွင့်ရှိသော အပင်ငယ်မျိုးပေါက်ရာဒေသများတွင် ပေါက်ရောက်ကြသည်။ (၆) လိပ်ပြာသစ်ခွ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ