ပြုတ်ဆန်ကြိုက်သလော၊ ရိုးရိုးဆန်ကြိုက်သလော
အိန္ဒိယနိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
‘ပြုတ်ဆန် စားသလား၊ ရိုးရိုးဆန် စားသလား။’ ဤမေးခွန်းမှာ အိန္ဒိယလူမျိုးအိမ်တစ်အိမ်တွင် ဧည့်သည်လုပ်သည့်အခါ၌ အမေးခံရလေ့ရှိသည့်မေးခွန်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် စားသုံးသည့်ဆန် ၆၀ ရာခိုင်နှုန်းမှာ ပြုတ်ဆန် (မကျက်တကျက် ပြုတ်ပြီးသောဆန်) ဖြစ်သည်။ သို့သော် အနောက်နိုင်ငံများ၌၊ လူတိုင်းဆိုရမလောက်သည် ရိုးရိုးဆန်ဟု အိန္ဒိယလူမျိုးခေါ်ဝေါ်သည့်ဆန်ကို စားသုံးကြကြောင်းသိရသဖြင့် သင်အံ့သြကောင်းအံ့သြပေမည်။
ဤနေရာ၌ ဆန်ကိုထမင်းဖြစ်အောင် ချက်ပြုတ်ခြင်းအကြောင်းကို ပြောနေခြင်းမဟုတ်ဘဲ အိန္ဒိယလူမျိုးများ ကောက်ရိတ်ပြီးနောက် စပါးကိုတာရှည်ခံအောင် စီမံပြုပြင်သည့်နည်းစနစ်အကြောင်းကို ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်လျှင် သင်အံ့သြတော့မည်မဟုတ်ပေ။ သို့ဖြစ်လျှင် ထိုသို့စီမံပြုပြင်ရာ၌ မည်သို့ပြုလုပ်သနည်း။ အဘယ်ကြောင့် ထိုသို့ပြုလုပ်ရသနည်း။ ဆန်ရေစပါးနှင့် ယင်းကိုစားသောက်ဖွယ် အစေ့အဆံဖြစ်အောင် စီမံပြုပြင်နည်းကို အနီးကပ်လေ့လာကြည့်ခြင်းအားဖြင့် ရှင်းလင်းသောအဖြေများ ရရှိမည်ဖြစ်သည်။
လူသန်းပေါင်းများစွာ၏ အဓိကအစာ
ရှေးဟောင်းသုတေသနတွေ့ရှိချက်များနှင့် ရှေးမှတ်တမ်းများအရ ဆန်စပါးကို အိန္ဒိယပြည်နှင့် တရုတ်ပြည်တို့တွင် ရှေးအကျဆုံး ဘီ.စီ.အီး.သုံးထောင်ခန့်ကတည်းကပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယပြည်တွင် ရှေးရှေးအခါက နေထိုင်ခဲ့သူတို့က ဆန်စပါးကို ဓန်းယာ၊ သို့မဟုတ် “လူသားတို့၏ အသက်သွေးခဲ” ဟုခေါ်ခဲ့ကြသည်။ ဤအမည်မှာ ယနေ့ထက်တိုင် ဆီလျော်လှသည့်အမည်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အခြားကောက်နှံတစ်မျိုးမျိုးကို မှီဝဲ၍အသက်ရှင်သူထက် ဆန်စပါးကိုမှီဝဲ၍အသက်ရှင်သူက ပို၍များသောကြောင့်တည်း။ သတင်းရပ်ကွက်တစ်ခု၏အဆိုအရ ဆန်စပါးစားသုံးသူအများစုမှာ အာရှတိုက်တွင်နေထိုင်ကြကြောင်း၊ အာရှတိုက်သား သန်းပေါင်း ၆၀၀ ကျော်သည် ၎င်းတို့၏နေ့စဉ်လိုအပ်သော ကယ်လိုရီ ထက်ဝက်ကို ဆန်ရေစပါးမှရရှိကြောင်း၊ အာရှတိုက်သည် ကမ္ဘာ့ဆန်စပါး ၉၀ ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးထုတ်လုပ်စားသုံးကြောင်း သိရှိရသည်။
စွတ်စိုသော အပူပိုင်းဒေသရှိ ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသမှာ ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့်ဒေသ တစ်ခုဖြစ်သည်။ မိုးရေအလျှံပယ်ရရှိခြင်း၊ ရာသီဥတုပူနွေးခြင်း၊ အလုပ်သမားပေါများခြင်းတို့ကြောင့် ၎င်းဒေသသည် ဆန်စပါးစိုက်ပျိုးရေးအတွက် အကောင်းဆုံးဒေသတစ်ခု ဖြစ်လာသည်။ ၎င်းဒေသမှ ကျွန်တော်တို့၏ ကျေးလက်တောရွာနေ မိတ်ဆွေများ၏ဖိတ်ကြားချက်ကို လက်ခံ၍ ဆန်စပါးရိတ်သိမ်းခြင်းနှင့် စီမံပြုပြင်ခြင်းကို ကိုယ်တွေ့လေ့လာကြည့်ကြပါစို့။
ကောက်ရိတ်ခြင်း
ကျွန်တော်တို့စီးနင်းလိုက်ပါလာသည့် ဘတ်စကားက ကျွန်တော်တို့ကို အနောက်ဘင်္ဂလားပြည်နယ်ရှိ ဂျိုင်းဒါကော့မြို့သို့ ခေါ်ဆောင်သွားသည်။ ထိုမှတစ်ဆင့် ကျွန်တော်တို့သည် ဆိုက်ကားစီး၍ ပြည်နယ်၏အတွင်းပိုင်းသို့ ခရီးဆက်ကြသည်။ များမကြာမီမှာ လယ်ကွင်းပြင်ထဲ၌ လူတို့ပျားပန်းခပ်မျှ အလုပ်လုပ်နေကြသည်ကို တွေ့ရကြသည်။ ရိတ်သိမ်းခြွေလှေ့စက်ကြီးများကိုတော့ မတွေ့ရပါ။ ယင်းအစား သားအဖ၊ ညီအစ်ကိုနှင့် ဦးလေးတို့သည် စပါးခင်းများအလယ်တွင် တစ်ကြိမ်လျှင် ကောက်ပင်လက်တစ်ဆုပ်စာကို တံစဉ်ငယ်များဖြင့်ကျင်လည်စွာရိတ်ဖြတ်ခြင်းဖြင့် အလုပ်များနေကြသည်။ ကောက်ရိတ်နေသူတစ်ဦးက ကျွန်တော်တို့ ဓာတ်ပုံရိုက်နေသည်ကို သတိပြုမိသဖြင့် ကောက်လှိုင်းတစ်စည်းကို ကောက်ရိုးဖြင့်ခပ်မြန်မြန်စည်းပြီး ခပ်မြင့်မြင့်မြှောက်၍ ဓာတ်ပုံအရိုက်ခံသည်။ ရွာသားတို့သည် ဓာတ်ပုံအရိုက်ခံလိုစိတ် မည်မျှရှိသည်ကိုတွေ့ရသဖြင့် ကျွန်တော်တို့ရယ်မိကြသည်။
ရိတ်ပြီးသောကောက်လှိုင်းတို့ကို တစ်ရက်နှစ်ရက်ခန့် နေလှန်းကြသည်။ ထို့နောက် မိသားစုထဲမှ ငယ်ရွယ်သောအိမ်သားတို့က တချွတ်ချွတ်မြည်နေသည့် ကောက်လှိုင်းစည်းများကို ခေါင်းပေါ်တွင် ကျင်လည်စွာရွက်၍ အိမ်သို့သယ်ဆောင်ကြသည်။
နောက်ဆုံးတွင် ရွာသို့ကျွန်တော်တို့ ရောက်ရှိကြသည်။ “နေကောင်းသလား၊ ဒါဒါ” ဟူသော ရိုသေလေးစားသည့်အသုံးအနှုန်းဖြင့် အိမ်ရှင်ကိုနှုတ်ဆက်လိုက်ကြသည်။ သူ၏အပြုံးက အစစအရာရာ အဆင်ပြေကြောင်းဖော်ပြနေသည်။ သူ့ဇနီးက လက်ဖက်ရည်ဖျော်ရန် ဒရောသောပါး ပြေးထွက်သွားသည်ကို ကျွန်တော်တို့ သတိပြုမိကြသည်။
မနက်လက်ဖက်ရည်သောက်နေစဉ် ကျွန်တော်တို့က ယခုနှစ် စပါးအထွက် မည်သို့ရှိကြောင်းမေးမြန်းရာ သူက လယ်သမားတစ်ဦး၏ ဟန်ပန်မျိုးဖြင့် “မဆိုးပါဘူး” ဟု မယုတ်မလွန်အဖြေပေးသည်။ သို့သော် မကြာမီနှစ်များအတွင်း အထွက်နှုန်းတိုးမျိုးများကို စိုက်ပျိုးလာခဲ့သဖြင့် မြေဆီမြေနှစ်များခန်းခြောက်ကုန်ကြောင်း စိတ်မကောင်းစွာဖြင့် သူကညည်းတွားသည်။ စိုက်ခါစနှစ်များ၌ ၎င်းတို့သည် အံ့ဖွယ်စပါးကဲ့သို့ အထွက်နှုန်းကောင်းခဲ့သော်လည်း ယခုမူကား အခြေအနေတစ်မျိုး ဖြစ်သွားလေသည်။ အထွက်နှုန်းကောင်းသည့်စပါးမျိုးအတွက် လိုအပ်သောဓာတ်မြေသြဇာများမှာ ဈေးကြီးလှသဖြင့် သူ့ခမျာမတတ်နိုင်ရှာပေ။
ခြွေလှေ့ခြင်းနှင့်မကျက်တကျက်ပြုတ်ခြင်း
အဆာပြေအစာစားပြီးနောက် ကျွန်တော်တို့က သူတို့အား စပါးရိတ်သိမ်းသည့်အလုပ်ကို ဆက်လုပ်ကြရန်တိုက်တွန်းသည်။ အကြောင်းမှာ ရိတ်သိမ်းခြင်းအလုပ်ကိုလေ့လာရန် ကျွန်တော်တို့ရောက်ရှိလာခြင်းဖြစ်သည်။ ဤအိမ်၌ ခြွေလှေ့ခြင်းအလုပ် လုပ်ပြီးနေပြီ။ တစ်လမ်းတည်းရှိ မဝေးလှသောအိမ်နီးချင်းတစ်အိမ်၌ အမျိုးသမီးများ အလုပ်များနေကြသည်။ သူတို့သည် ကောက်လှိုင်းစည်းများကို ဝါးဖြင့်လုပ်ထားသောစင်ပေါ်သို့ရိုက်ပုတ်၍ စပါးစေ့များကို ဝါးကြားမှအောက်သို့ကျသွားစေသည်။ ကျန်သည့်ကောက်ရိုးများကို အပုံလိုက်စုပုံကြသည်။
စပါးဟုခေါ်သော မကြိတ်ရသေးသည့်ဆန်ကို အစာမကြေနိုင်သောအခွံကြမ်းတစ်မျိုး ဖုံးအုပ်ထားသည်။ ထို့ကြောင့် ရိုးရိုးဆန်ဖြူကိုကြိုက်သူတို့အဖို့ လုပ်စရာနည်းတစ်နည်းတည်းမှာ စက်ဖြင့်ကြိတ်ခြင်း၊ သို့မဟုတ် အခွံကိုချွတ်ပစ်ခြင်းပင်ဖြစ်သည်။ ဇီဇာချဲ့သောနိုင်ငံခြားဈေးကွက်သို့ တင်ပို့ရန်အတွက်ဆိုလျှင် မျက်နှာပန်းလှစေရန် ဆန်နှင့်ကပ်နေသောအလွှာများကို စင်အောင်ဖွပ်ရသည်။
သို့သော် ဤဒေသ၌ထွက်ရှိသောဆန်စပါးသည် နိုင်ငံခြားသို့တင်ပို့ရန်မဟုတ်ဘဲ လယ်သမားမိသားစုများ ကိုယ်တိုင်စားသုံးရန်အတွက်သာဖြစ်သည်။ သူတို့သည် စပါးကို တစ်က်ရီ ခေါ် သက်ကယ်ဖြင့်ဆောက်လုပ်သောကျီထဲ၌ သိုလှောင်ကြသည်။ ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသသားတို့သည် ယေဘုယျအားဖြင့် ပြုတ်ဆန်ကိုစားကြသော်လည်း ကျွန်တော်တို့က အိမ်ရှင်ဖြစ်သူအား ယခုနှစ်တွင် ရိုးရိုးဆန်ဖြူစားရန် နောက်ပြောင်သည့်သဘောဖြင့် အကြံပေးကြည့်သည်။
“မဖြစ်နိုင်ပါဘူး၊ ဒီအရပ်ဒေသတွေမှာက ပြုတ်ဆန်ကိုစားနေကျဖြစ်လို့ ရိုးရိုးဆန်ဖြူကို ပြုတ်ဆန်လို ခံတွင်းမတွေ့ ကြဘူး” ဟူ၍ပြန်ပြောသည်။
ပြုတ်ဆန်ကို ရေစိမ်ခြင်းနှင့်ပြုတ်ခြင်းအားဖြင့် ပြုပြင်ယူရကြောင်း ကျွန်တော်တို့ကြားဖူးသော်လည်း မည်သို့မည်ပုံပြုလုပ်သည်ကို အသေအချာမသိရချေ။ ဝမ်းသာစရာမှာ ကျွန်တော်တို့၏အိမ်ရှင်ဖြစ်သူက မိသားစုစားသုံးသည့်ပြုတ်ဆန် ပြုလုပ်နည်းကိုပြသမည်ဟု ဆိုလာခြင်းပင်ဖြစ်သည်။ တစ်ကြိမ်လျှင် မိသားစုစားသုံးရန် တစ်ပတ်နှစ်ပတ်စာလောက်သာ ပြုလုပ်ရသည့်အတွက် ကိရိယာထွေထွေထူးထူး သုံးစရာမလိုပေ။ သူတို့သည် ကြီးမားသော ဟန်ရီ ခေါ် ချက်ပြုတ်သည့်အိုးတစ်လုံးထဲသို့ တစ်က်ရီ တွင်လှောင်ထားသည့်စပါးကိုထည့်၍ ရေတစ်ကွတ်ခန့်ဖြည့်ထည့်သည်။ ထိုနောက် အူနွန်း ခေါ် ကောက်ရိုးလောင်စာသုံး မီးဖိုပေါ်တွင် မီးငွေ့ငွေ့ ဖြင့် ရေခန်းသည့်အထိတည်သည်။ ထိုနောက် ပြုတ်ပြီးသောစပါးကို ဇလုံတစ်ခုထဲ၌ ရေသန့်သန့်ဖြင့် တစ်ညစိမ်ထားသည်။ ရေစစ်ပြီးနောက် ဟန်ရီ ထဲပြန်ထည့်၍ ရေခန်းအောင်ထပ်၍တည်သည်။ နောက်ဆုံးတွင် စပါးကိုမြေကြီးပေါ်တွင်ဖြန့်၍ ခြောက်အောင်နေလှန်းသည်။ ရံဖန်ရံခါ ခြေထောက်ဖြင့်မွှေ၍လှန်ပေးသည်။
ကျွန်တော်တို့အနေနှင့် ဤသို့ပြုလုပ်ခြင်းသည် ပိုအလုပ်ရှုပ်သည်ဟုထင်ရကောင်း ထင်ရမည်ဖြစ်သော်လည်း ဤနည်းသည် မိသားစု၏အကြိုက်နှင့် ကိုက်ညီသည့်အပြင် အချို့သောအကျိုးကျေးဇူးများလည်း ရရှိပါသည်။ ဤသို့ပြုတ်လိုက်ခြင်းအားဖြင့် ဆန်စပါး၌ပါရှိသော ဗီတာမင်နှင့် အာဟာရဓာတ်အချို့ကို အင်ဒိုစပမ်း (endosperm) ခေါ်ဆန်သားထဲသို့ စိမ့်ဝင်သွားစေသည်။ သို့နှင့် ၎င်းဓာတ်ပစ္စည်းတို့သည် နောင်တွင်ရေဆေး၍ ချက်ပြုတ်သည့်အခါ၌ လွယ်လွယ်နှင့် ဆုံးရှုံးခြင်းမဖြစ်တော့ချေ။ ဤသို့ဖြင့် သာ၍အာဟာရပြည့်ဝသော အစားအစာကိုရရှိသည်။ ဆန်ကိုအာဟာရအဖြစ် အဓိကမှီဝဲကြသူတို့အဖို့ ဤအပိုအာဟာရတန်ဖိုးသည် သေရေးရှင်ရေးတမျှ အရေးပါသည်။
လယ်သမားများကိုယ်တိုင်က တလိုတလားလက်ခံသော အကျိုးကျေးဇူးနောက်တစ်ခုမှာ ပြုတ်ပြီးသည့်စပါးသည် ပို၍တာရှည်အထားခံသည့်ပြင် အခွံချွတ်ရာ၌လည်း ပို၍လွယ်ကူခြင်းပင်ဖြစ်သည်။ ထို့ပြင် ဆန်လုံးမာသောကြောင့် စက်ကြိတ်ရာ၌ အကြေနည်းပါးသည်။
ပြုတ်ဆန်၏ရသာထူး
အိမ်ရှင်ဖြစ်သူက “လက်ဖက်ရည်နဲ့ အဆာပြေအစာ စားသောက်ရအောင်” ဟုပြောလှာသည်။ ကျွန်တော်တို့ အိမ်သို့လမ်းလျှောက်ပြန်လာကြသည်။ အိမ်၌ ဒီဒါ (ဘွားဘွား) က မူးရီ လုပ်နေသည်။ မူးရီ ဆိုသည်မှာ ဆန်ကိုဖောက်ထားသည့် ပူပူနွေးနွေးပေါက်ပေါက်ဖြစ်ပြီး လူတိုင်းအကြိုက်တွေ့သည့် အစာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် ကလေးများက ပို၍ကြိုက်ကြသည်။ ဒီဒါသည် အူနွန် ဘေးတွင်ဆောင့်ကြောင့်ထိုင်လျက် ခပ်စောစောက စိုအောင်လုပ်၍ ဆားအနည်းငယ်ထည့်ထားသည့် အခွံချွတ်ပြီးသောပြုတ်ဆန် သုံးလေးခွက်ကို လှော်နေသည်။ ယခု ခြောက်၍အသီးအခြားဖြစ်နေသော ဆန်လုံးများကို သူမက သဲပူထည့်ထားသောဒယ်အိုးထဲသို့ တစ်ကြိမ်တွင် အနည်းငယ်စီဖြူးထည့်သည်။ သဲကိုဆက်၍အပူပေးသည့်အခါ ဆန်လုံးများသည် နဂိုမူလအရွယ်အစားထက် အဆများစွာဖောင်းပွလာသည်။ ဖောင်းပွလာသည့် မူးရီ ကို မတူးချစ်မီ သစ်ခက်စည်းဖြင့် သဲပေါ်မှခပ်မြန်မြန် ဆယ်ယူရသည်။ ၎င်းသစ်ခက်စည်းမှာ မူးရီ ပူပူနွေးနွေးထည့်ထားသည့် တောင်းပလုံးထဲ နှိုက်လာသည့်လက်ကလေးများကို ဒဏ်ပေးသည့်အရာအဖြစ်လည်း အသုံးပြုသည်။
ကျွန်တော်တို့သည် မူးရီ ကို လတ်လတ်ဆတ်ဆတ်တုံးထားသည့် အုန်းသီးနှင့်စားကြသည်။ နေ့လယ်စာစားရန်အချိန် မဝေးတော့သဖြင့် များများမစားမိဖို့ သတိထားရသည်။
နောက်ဆုံးမြင်တွေ့ရသည့်အဆင့်မှာ အခွံချွတ်ခြင်းပင်ဖြစ်သည်။ များမကြာမီအချိန်အထိ ဒဲန်ကီ ဟုခေါ်သော ခြေထောက်ဖြင့်နင်းရသည့်မောင်းဖြင့် အခွံချွတ်ခဲ့ရသော်လည်း ယခုအခါတွင် ဝေးလံခေါင်သီသောအရပ်ဒေသများ၌ပင် စက်ဖြင့်လည်ပတ်သည့်ဟာလာစက်များဖြင့် ပို၍မြန်ဆန်စွာကြိတ်ခွဲနိုင်လာသည်။ သို့သော် ရှေးမီနောက်မီလူကြီးပိုင်းအချို့က ဤပြောင်းလဲမှုကို မနှစ်သက်သည့်သဘောရှိကြသည်။ အကြောင်းမှာ မောင်းထောင်းဆန်၌ ဆန်နှင့်ကပ်နေသည့်အနီရောင်အလွှာ (ဖွဲနုအလွှာ၊ epidermis) ကျန်ရှိသဖြင့် ထူးခြားသောအရသာရှိသည့်ပြင် အာဟာရဓာတ်လည်းကြွယ်ဝသည်။ သို့သော် ဆန်စက်မူကား အခွံ၊ ဖွဲနုနှင့် ဆန်ညှာဆန်ညှောက်များရှိသမျှကို ချွတ်ပစ်၍ ယနေ့ဈေးကွက်၌ အဝယ်လိုက်နေသည့် အနှစ်သာပါသောဆန်ဖြူကိုသာ ကျန်ရှိစေသည်။
အမျိုးသမီးများက သူတို့ပြင်ဆင်ချက်ပြုတ်ထားသည့် အစားအသောက်များကို ကျွန်တော်တို့သုံးဆောင်ရန် စိတ်စောနေကြသည်။ သူတို့သည် ပြုတ်ဆန်ကိုထမင်းအဖြစ်ချက်ပြုတ်ပြီး ငှက်ပျောဖက်ပေါ်တွင် အငွေ့တထောင်းထောင်းနှင့် အပုံလိုက်ပုံထားကြသည်။ ၎င်းနောက် ထမင်းနှင့်စားရန် ပဲဟင်း၊ ဒေသထွက်ဟင်းသီးဟင်းရွက်နှင့် အင်းငါးဟင်းချပေးကြသည်။ ဤထမင်းပွဲသည် ကျွန်တော်တို့လေ့လာရေးခရီး၏ ပျော်စရာအကောင်းဆုံး အခါသမယတစ်ခုဖြစ်ကြောင်း အားလုံးကသဘောတူကြသည်။
ပြုတ်ဆန်ကိုစားသည်ဖြစ်စေ၊ ရိုးရိုးဆန်ဖြူကိုစားသည်ဖြစ်စေ ဆန်စပါးဆိုသည်မှာ အနံ့အရသာနှင့်ပြည့်စုံသော စားနပ်ရိက္ခာတစ်မျိုး၊ “လူသုံးဖို့စပါးပင်” အဖြစ် ဘုရားသခင်ပေါက်စေသော စိမ်းလန်းသည့်မြက်ပင်တစ်မျိုး အမှန်ပင်ဖြစ်ပေသည်။—ဆာလံ ၁၀၄:၁၄။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
ဂျဟာလ်မူးရီ
အိန္ဒိယနိုင်ငံ အရပ်ဒေသများစွာတွင် ဖောင်းအောင်လှော်ထားသည့်ဆန်ဖြင့်ပြုလုပ်သော သရေစာတစ်မျိုးကို အရောင်တောက်တောက်ပြောင်ပြောင် ဝတ်စားထားသည့်လမ်းဘေးဈေးသည်များက ရောင်းချကြသည်။ အနံ့အရသာနှင့်အာဟာရပြည့်ဝသော ဂျဟာလ်မူးရီ ကို လွယ်ကူစွာပြင်ဆင်နိုင်သဖြင့် အသင့်ပြင်ဆင်ထုပ်ပိုးထားသည့်သရေစာ စားနေကျသူတို့အဖို့ ခံတွင်းတွေ့စရာဖြစ်သည်။
ဦးစွာ ကြွတ်ရွ၍အချိုမပါသော ဖောင်းအောင်လှော်ထားသည့်ဆန် တစ်ခွက်ကိုယူ၍ အောက်ပါအဆာများဖြစ်သည့် နုပ်နုပ်စဉ်းထားသောခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သခွားသီး၊ ငရုတ်သီးစိမ်း (ကြိုက်နှစ်သက်လျှင်)၊ မြေပဲအနည်းငယ်၊ ကုလားပဲ (ကြိုက်နှစ်သက်လျှင်)၊ ချာ့တ်မဆလာ (အိန္ဒိယဆိုင်များတွင် ဝယ်၍ရသော အမွှေးအကြိုင်မျိုးစုံရောထားသည့်အမှုန့်)၊ သို့မဟုတ် ဆားနှင့်ငရုတ်ကောင်းအနည်းငယ်၊ မုန်ညင်းဆီ သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်တို့ကို စိတ်ကြိုက်ထည့်ရသည်။ ၎င်းတို့ကို ခပ်နာနာခေါက်မွှေပြီးနောက် ချက်ချင်းစားရသည်။
လူတစ်ယောက်နှင့်တစ်ယောက် အကြိုက်ချင်းမတူကြသဖြင့် မူးရီ ရောင်းသူက စားသောက်သူများအား ချထားသော စဉ်းပြီးသည့်ဟင်းသီးဟင်းရွက်များနှင့် အမွှေးအကြိုင်ထဲမှ ကြိုက်ရာကို ကြိုက်သလောက် ထည့်စားခွင့်ပေးသည်။ အသင်လည်း အဆာများကို သီးခြားစီထည့်၍ ဧည့်သည်များအား သူတို့ဘာသာ မူးရီ လုပ်စားနိုင်အောင် တည်ခင်းနိုင်ပါသည်။
[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံများ]
(၁) စပါးခြွေခြင်း (၂) စပါးပြာခြင်း (၃) ဒီဒါက “မူးရီ” ဖောက်နေစဉ် (၄) အဆာအမျိုးစုံထည့်ထားသော “မူးရီ” ပလုံး