သဲပေါ်လမ်းလျှောက်ခြင်း—ကျန်းမာရေး ပိုမိုကောင်းမွန်စေသော လှုပ်ရှားမှုများ
ဟာဝိုင်ယီမှ “နိုးလော့!” သတင်းထောက် ပေးပို့သည်
မြန်မြန်လမ်းလျှောက်ခြင်းသည် အကောင်းဆုံးကိုယ်လက်လှုပ်ရှားနည်းများတွင် တစ်နည်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။ အခြားအကျိုးကျေးဇူးများတွင် မြန်မြန်လှမ်းလျှောက်ခြင်းသည် နှလုံးသွေးထုတ်လွှတ်နှုန်းကို တိုးစေသည်၊ သွေးဖိအားကို လျော့စေသည်၊ သွေးလည်ပတ်မှုနှင့် အရေပြားတစ်ရှူးတောင့်တင်းမှုကို အကျိုးပြုသည်၊ အရိုးနှင့်ကြွက်သားများကို ခိုင်ခံ့သန်မာစေသည်ဟုဆိုသည်။
သို့သော် ယင်းကိုစမ်းကြည့်သူမည်သူမဆို မြန်မြန်လမ်းလျှောက်ခြင်းသည် ခြေထောက်အတွက် ဆိုးကျိုးသက်ရောက်နိုင်ကြောင်းကိုလည်း သိလာကြသည်—အသားမာများ၊ ခြေအသားမာဖုများ၊ အရေပြားအရည်ကြည်ဖုများနှင့် ပို၍ကြီးမားသောဒဏ်ရာများပင် ရရှိနိုင်သည်။ ယင်းတို့သည် လေ့ကျင့်ခန်းစီးရှူးဖိနပ် မတော်သောကြောင့် ဖြစ်ရလေ့ရှိသည်။ သင့်ခြေထောက်တွင် အနာရှိပါက ကသိကအောက်ဖြစ်ပြီး အလွန်နာကျင်သည့်ဝေဒနာကိုပင်ခံစားရနိုင်သည်ကို သင်သိပါသည်။ အမှန်စင်စစ်၊ သင့်ခြေထောက်၏အခြေအနေသည် သင့်ကိုယ်ခန္ဓာရှိအရိုးစုတစ်ခုလုံး၏ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။
လူ့ဘောင်နှစ်ခုစလုံး၏ အကောင်းဆုံးအသွင်အပြင်များ
သင်သည် ဝေဒနာခံစားရဖို့မလိုပါ။ “အာဖရိကနှင့်အာရှတွင် နေထိုင်သူတို့ကို လေ့လာမှုများပြုရာ ရှူးဖိနပ်မစီးသူများတို့တွင် ခြေထောက်ပို၍ကျန်းမာကြံ့ခိုင်မှုရှိကြောင်း၊ ရုပ်ပျက်မှုပို၍နည်းကြောင်းတွေ့ရပြီး ရှူးဖိနပ်စီးသောလူ့ဘောင်ရှိလူတို့ထက် ပို၍လှုပ်ရှားသွားလာရလွယ်ကူကြောင်း ကောက်ချက်ချသည်” ဟုအရိုးကုဆရာဝန်တစ်ဦးက ပြောပြသည်။ ထို့ကြောင့် သင်သည် တစ်နေရာရာတွင် ဖိနပ်မပါဘဲ မြန်မြန်လမ်းလျှောက်လေ့ကျင့်ခန်း လုပ်နိုင်ပါက လူ့ဘောင်နှစ်ခုစလုံး၏ အကောင်းဆုံးအသွင်အပြင်များကို သင်ရယူနိုင်သည်။ အမှန်ဆိုရလျှင် လူများစွာအတွက်—သန့်စင်သည့်ကမ်းခြေရှိ ခြောက်သွေ့သောသဲသောင်ပြင်ပေါ် သို့မဟုတ် သဲသောင်ခုံများပေါ်တွင် လမ်းလျှောက်ခြင်းတို့ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။
“နှိပ်နယ်ပေးသည့်အကျိုးနှင့်အတူ ကိုယ်လက်လှုပ်ရှားနည်းကောင်းတစ်ခုမှာ ဖိနပ်မပါဘဲ သဲသောင်ကမ်းခြေတွင် လမ်းလျှောက်ခြင်းဖြစ်သည်” ဟုရေးသားထားသော အဆစ်ရောင်ရောဂါအတွက်ကိုယ်လက်လှုပ်ရှားနည်း စာအုပ်က “အထူးသဖြင့် သဲ ပူနွေးသောအခါတွင်ဖြစ်သည်။ ပွပြီးခြောက်သွေ့သောသဲသောင်တွင် လမ်းလျှောက်ခြင်းသည် မညီညာသောသဲမျက်နှာပြင်ကို ထိန်းရသောကြောင့် ခြေထောက်ကြွက်သားတစ်ခုစီကို လေ့ကျင့်ခန်းရစေသည်” ဟုဖော်ပြခဲ့သည်။ ထို့အပြင် သဲသောင်ပေါ်တွင်လမ်းလျှောက်ခြင်းသည် မြက်ပင်ပေါ် သို့မဟုတ် ကျောက်ပြားခင်းလမ်းပေါ်တွင်လျှောက်ခြင်းထက် နှစ်ဆနည်းပါးပို၍အားစိုက်ထုတ်ရသည်။ အမှန်အားဖြင့် ခြောက်သွေ့သောသဲသောင်ပေါ်တွင် အစမ်းပြေးကြည့်ပါက အားစိုက်ထုတ်ဖို့လိုကြောင်း မကြာမီ သင်သတိပြုမိပေမည်! “ကမ်းခြေတစ်လျှောက် မြန်မြန်လမ်းလျှောက်ခြင်းသည် ကယ်လိုရီများကို ‘ကုန်ခန်း’ သွားစေရန် အစီအစဉ်များတွင် လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်သည် သို့မဟုတ် ဇီဝကမ္မဗေဒကျန်းမာရေးကို တိုးတက်စေသည်” ဟု Exercise Physiology—Energry, Nutrition, and Human Performance စာအုပ်တွင်ကောက်ချက်ချထားသည်။
သို့ဖြစ်၍ ဖိနပ်မပါဘဲ သဲပေါ်လမ်းလျှောက်ခြင်းသည် ကျန်းမာသန်စွမ်းစေသောလေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်တစ်ခုမှ ရရှိသည့်အကျိုးကျေးဇူးများသာမက ခြေနှင့်ခြေထောက်အဆစ်များကို ပျက်စီးယိုယွင်းခြင်းမှလည်း လျော့နည်းစေသည်။ မပြင်းထန်လှသောအဆစ်ရောင်ရောဂါရှိသူများအတွက်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ဝေဒနာလျော့သွားစေပါသည်။
သတိပြုရမည့်အချက်အနည်းငယ်
သို့သော် သင်သည် အနီးဆုံးကမ်းခြေ သို့မဟုတ် သဲသောင်ခုံသို့ ပြေးထွက်မသွားမီ ဤသတိပေးချက်များကို သတိရပါ။ သင်၏ဖိနပ်မပါသောခြေထောက်နှင့် သင်လျှောက်မည့်သဲသောင်သည် အတော်သန့်ရှင်းပြီး စူးရှနိုင်သောအရာများမရှိရန် သေချာစေပါ။ သင့်တွင် ဆီးချိုရောဂါ သို့မဟုတ် နှလုံးရောဂါကဲ့သို့ ကြီးလေးသောကျန်းမာရေးပြဿနာများရှိနေလျှင် မည်သည့်လေ့ကျင့်ခန်းနည်းသစ်ကိုမျှ မလုပ်မီ ဆရာဝန်ထံ အကြံဉာဏ်တောင်းခံသင့်သည်။ အခြားလေ့ကျင့်ခန်းအစီအစဉ်မှာကဲ့သို့ သင့်သဲပေါ်လမ်းလျှောက်ခြင်းကို ဖြည်းဖြည်း သို့မဟုတ် တော်သင့်သောအသွားနှုန်းဖြင့် အစပြုပါ၊ ရက်သတ္တပတ်ပေါင်းများစွာ တဖြည်းဖြည်း သင့်အသွားနှုန်းကို တိုးမြှင့်ပေးပါ။ ယင်းက သင့်အတွက် အန္တရာယ်ကင်းပြီး ပို၍ ရွှင်လန်းဖွယ် လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ် ဖြစ်နိုင်ပါလိမ့်မည်။
သဲသောင်ပေါ်တွင် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်းသည် ပျော်စရာကောင်းရုံမကပါ; သင်နှင့်သင့်ခြေအတွက် ပို၍ကျန်းမာကြံ့ခိုင်စေရန် စတင်လုပ်ဆောင်မှုများဖြစ်နိုင်သည်။ သင်သည် ကမ်းခြေ သို့မဟုတ် ရေတိမ်ပိုင်းတွင် အခြားအရာများဖြစ်သော—ခရုများ၊ ငါးကလေး၊ ပင်လယ်ကဏန်းနှင့်ပုစွန်များ၊ အမျိုးစုံသောငှက်နှင့်ပိုးကောင်များတို့ကို တွေ့ရှိနိုင်စရာအကြောင်းရှိပါသည်။ ထို့ကြောင့် နိုးနိုးကြားကြားရှိပြီး သင့်လမ်းလျှောက်ခြင်းကို ရွှင်လန်းစွာခံစားပါလေ!