နေကြတ်ခြင်းနှင့် နက္ခတ္တဗေဒ၏ဆွဲဆောင်မှု
၁၉၉၄ ခုနှစ် မေလ ၁၀ ရက်နေ့သည် မြောက်အမေရိကတွင် နေထိုင်သူတချို့အတွက် ထူးခြားဆန်းကြယ်သည့်နေ့တစ်နေ့ဖြစ်သည်။ နေအရစ်ကြတ်ခြင်းဖြစ်သည့် အချိန်အခါဖြစ်သည်။ သန်းနှင့်ချီသောသူများသည် နာရီအနည်းငယ်မျှ အလွန်ဆွဲဆောင်မှုရှိသော နက္ခတ္တဗေဒ သိပ္ပံပညာအကြောင်းကို သိရှိသွားကြသည်။ သို့သော် ကြတ်ခြင်းဟူသည် အတိအကျဆိုလျှင် အဘယ်နည်း။
“ကြည့်ရှုသူ၏နေရာကိုလိုက်၍ ကြယ်နက္ခတ်တစ်ခုကို အခြားတစ်ခုက တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုံးလုံးလျားလျားဖြစ်စေ ကွယ်” သောအခါ ကြတ်ခြင်းဖြစ်ပေါ်လေ့ရှိသည်။ (The American Heritage Dictionary of the English Language) နေကြတ်ခြင်း သို့မဟုတ် လကြတ်ခြင်းသည် ကမ္ဘာ၊ နေနှင့် လတို့ တစ်တန်းတည်းနီးပါးကျသွားသောအခါတွင်သာ ဖြစ်ပျက်နိုင်သည်။ နေကြတ်ခြင်းဖြစ်စေ၊ လကြတ်ခြင်းဖြစ်စေ အရိပ်ကျရောက်သည့်ကြယ်နက္ခတ်အပေါ်တွင် မူတည်၍ဖြစ်လေ့ရှိသည်။ ရံဖန်ရံခါတွင် ကမ္ဘာ၏အရိပ်က လပေါ်ကျသောကြောင့် လကြတ်ခြင်း ဖြစ်ပေါ်သည်။ တစ်ဖက်တွင် အဆိုပါနှစ် မေလ၌ လသည် အကျယ် မိုင် ၁၄၀ မှ ၁၉၀ ထိ ပြောင်းလဲသော ကလနားအရစ်တစ်ခုဖြင့် ယင်း၏အရိပ်ကို ကမ္ဘာပေါ်ကျရောက်စေခဲ့သည်။ လသည် ကမ္ဘာနှင့် နေကြားကို တဖြည်းဖြည်းဖြတ်ကျော်သွားသည်နှင့်အမျှ ယင်းသည် နေကို လုံးလုံးနီးပါး ကွယ်သွားသည်။ အရိပ်လမ်းကြောင်းသည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ မြောက်အမေရိကကို အနောက်တောင်ဘက်မှ အရှေ့မြောက်ဘက်သို့ဖြတ်သွားသည်။ လသည် နေရှေ့တွင် နှေးကွေးစွာဖြတ်ဝင်သည်ဟု ထင်ရသည်။ အမှန်မှာ အရိပ်သည် တစ်နာရီလျှင် မိုင် ၂,၀၀၀ နှုန်းခန့်ဖြင့် ကမ္ဘာကို ဖြတ်သွားခဲ့လေသည်။
မျက်စိကို မထိခိုက်စေဘဲ ကြတ်ခြင်းကို ကြည့်ဖို့ ရသမျှနည်းများကို အသုံးပြုခဲ့ကြသည်။ တချို့က ဂဟေဆက်ကြည့်မှန်ဖြင့် ကြည့်ကြသည်။ အခြားသူများမူ အားကောင်းသောရောင်စစ်မှန်ပြားကို အသုံးပြုကြသည်။ သို့သော် အခြားသူများက ပင်အပ်ပေါက်လေးမှတစ်ဆင့် စက္ကူပေါ်တွင် ပုံရိပ်ကျစေသည်။ ဓာတ်ပုံဆရာမတစ်ယောက်သည် တစ်ယောက်ယောက်အား အဝတ်လျှော်ဆန်ကာတစ်ခုကိုင်ထားစေပြီး အလင်းက ဆန်ကာပေါက်များကို ဖြတ်သွားသည်နှင့် ယင်းက မြေပြင်ပေါ်တွင် နေကြတ်ခြင်း၏ပုံရိပ်များစွာကို ဖန်တီးပေးသည်။ သစ်ရွက်များကြားမှ အလင်းဖြတ်သွားသောအခါ အလားတူအကျိုးများကို သတိပြုမိခဲ့သည်။ နောက်တစ်နည်းမှာ မဲမှောင်နေသည့်မျက်နှာပြင်ပေါ်တွင် ပုံရိပ်နှစ်ခုရဖို့ အလင်းကို စုံကြည့်မှန်ပြောင်းတွင် ဖြတ်စေခြင်းဖြစ်သည်။
တစ်နှစ်လျှင် နေငါးကြိမ်ထက်မကနှင့် လသုံးကြိမ်ထက်မက ကြတ်နိုင်သည်။ “တစ်မျိုးမျိုးဖြင့်နေကြတ်ခြင်းသည် နှစ်စဉ်အနည်းဆုံးနှစ်ကြိမ်ဖြစ်ရမည်” ဟု The International Encyclopedia of Astronomy ကဖော်ပြသည်။ သို့သော် တစ်မျိုးစီကို ခြားနားသော ဒေသများမှ တွေ့မြင်ရသည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်ကြတ်ခြင်းကို မတွေ့လိုက်ရသော အမေရိကန်ပြည်ထောင်စုအနီးရှိ မည်သူမဆို နောက်တစ်ကြိမ်ကြည့်ရှုခွင့်ရရေးအတွက် သက္ကရာဇ် ၂၀၁၂ ခုနှစ်အထိစောင့်ရလိမ့်မည် သို့မဟုတ် ထိုထက်စောစောကြတ်ခြင်းကို မြင်ရဖို့အတွက် ပီရူး၊ ဘရာဇီး သို့မဟုတ် ဆိုက်ဘီးရီးယားသို့ သွားရလိမ့်မည်။a
အပြည့်ကြတ်ခြင်း၏ လျှို့ဝှက်ဆန်းကျယ်မှု
လက နေကို အပြည့်ကွယ်သောအခါဖြစ်သည့် နေအပြည့်ကြတ်ခြင်းကြောင့် လွန်ခဲ့သည့်ရာစုနှစ်များတွင် ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်။ အဘယ်ကြောင့်ဤသို့ဖြစ်ကြသနည်း။ “လသည် နေဘက်သို့တိုးတိုးသွားသည်ကို မမြင်နိုင်သည်နှင့်အမျှ ကျရောက်တော့မည့် ထူးဆန်းသောမြင်ကွင်းနှင့်ပတ်သက်ပြီး လူပြိန်းတို့သည် ကြိုတင်သတိပေးမှု မရရှိကြသောကြောင့် အပြည့်ကြတ်ခြင်း၏လျှို့ဝှက်ဆန်းကျယ်မှုသည် သာ၍နက်ရှိုင်းလာတော့သည်” ဟု The International Encyclopedia of Astronomy က မှတ်သားထားသည်။ ထိုထူးဆန်းသောမြင်ကွင်းတွင်ပါဝင်သော အသွင်အပြင်များမှာ “အတိအကျရုပ်လုံးပေါ်အောင် မပြောနိုင်၊ တိမ်များကြောင့် အမှောင်ကျသွားခြင်းနှင့် လုံးလုံးမတူသည့် များသောအားဖြင့် ချောက်ချားဖွယ်ကောင်းသော အစိမ်းရောင်ဖျော့ဖျော့သန်းခြင်းကြောင့် မိုးကောင်းကင်မှာ မဲမှောင်လာခြင်း။ . . . တစ်ဝက်တစ်ပျက်ကြတ်သည့် နောက်ဆုံးအချိန်အနည်းငယ်အတွင်း အလင်းသည် တစ်မုဟုတ်ချင်း ကွယ်သွားပြီး သိသိသာသာအေးလာကာ ငှက်များ အိပ်တန်းတက်ကြ၊ အချို့ပန်းပွင့်ချပ်များ ငုံသွားကြကာ လေတိုက်နှုန်းသည် လျော့ကျသွားခြင်း။ . . . ကျေးလက်ဒေသများတွင် အမှောင်ထု ကျလာခြင်း” တို့ဖြစ်သည်။
“အလယ်ခေတ်တွင် အကျော်ကြားဆုံးသော ကြတ်ခြင်းတစ်ခုမှာ” ၁၁၃၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ဖြစ်ခဲ့သော “. . . ၊ အပြည့်ကြတ်ခြင်းအဖြစ် စကော့တလန်တွင် မြင်တွေ့ရ” သည့်လကြတ်ခြင်းဖြစ်ကြောင်း ဂျော့ဂ်ျ ချိန်းဘားဇ်က မိမိ၏စာအုပ်ဖြစ်သည့် TheStory of Eclipses တွင် ဖော်ပြထားသည်။ ဝီလျံ မားမ်ဇ်ဘယ်ရီက “နေမင်းသည် ထိုနေ့ ၆နာရီအချိန်တွင် မိမိ၏တောက်ပသောမျက်နှာကို . . . ကြောက်မက်ဖွယ်ကောင်းသောအမှောင်ထုဖြင့် ဖုံးကွယ်လိုက်ရာ ဤကြတ်ခြင်းကြောင့် လူတို့၏နှလုံးမှာ ယောက်ယက်ခတ်သွားတော့သည်” ဟုရေးသားခဲ့သည်။ “လူများသည် အကြီးအကျယ်အံ့ဩ၍အထိတ်တလန့်ဖြစ်သွားခဲ့ကြ” ကြောင်း ရှေး Anglo-Saxon Chronicle ကဆိုထားသည်။
ချိန်းဘားဇ်သည် ၁၈၃၀ ပြည့်နှစ်၊ စက်တင်ဘာ ၂ ရက်နေ့တွင်ဖြစ်ပျက်ခဲ့သော လကြတ်ခြင်းနှင့်ပတ်သက်သော အာဖရိကခရီးသည်နှစ်ဦး ပေးပို့ခဲ့သည့် ကွက်ကွက်ကွင်းကွင်းဖော်ပြချက်ကိုလည်း ဤသို့မှတ်တမ်းတင်ထားသည်– “လပေါ်သို့ တဖြည်းဖြည်းအရိပ်ကျလာသည်နှင့် လူတိုင်းကို ကြောက်ရွံ့စိတ်က စိုးမိုးလာတော့သည်။ ပိုပြီးကြတ်လာလေလေ ပိုပြီးကြောက်ဒူးတုန်လာကြလေလေဖြစ်သည်။ ဤမျှနက်မှောင်သောအရိပ်တစ်ခုကိုဖြစ်စေသည့် တိမ်တိုက်တစ်ခုမျှမရှိသည့်အတွက် လူအားလုံးသည် အခြေအနေနှင့်ပတ်သက်ပြီး မိမိတို့၏ဘုရင်ကို တင်လျှောက်ကြဖို့ ကြောက်အားလန့်အားနှင့် ပြေးသွားကြသည်၊ သူတို့သည် ကြတ်ခြင်း၏သဘာဝကိုသော်လည်းကောင်း၊ အဓိပ္ပာယ်ကိုသော်လည်းကောင်း နားမလည်နိုင်ကြတော့ပါ။”
များမကြာသေးမီအချိန်တွင်မှ နက္ခတ္တဗေဒဆိုင်ရာလေ့လာသိရှိမှုကြောင့် နေကြတ်ခြင်းနှင့်ပတ်သက်သည့် လူတို့၏ကြောက်ရွံ့မှုသည် လျော့ပါးသွားခဲ့သည်—နေပြန်ထွက်လာမည်ကို ကျွန်ုပ်တို့သိကြသည်။
ဂျက်စူအစ်တို့က နေကြတ်ခြင်းကို အသုံးချလိုက်ပုံ
လွန်ခဲ့သည့် ၁၆၂၉ နှစ်က တရုတ်ပြည်တွင် ဂျက်စူအစ်သာသနာပြုတို့သည် နေကြတ်ခြင်းကြောင့် ဧကရာဇ်၏မျက်နှာသာတော်ကို ခံစားခဲ့ရကြသည်။ သူတို့သည် ယင်းကို မည်သို့ရလိုက်ကြသနည်း။
“တရုတ်လူမျိုးတို့၏ လပြက္ခဒိန်သည် ရာစုနှစ်နှင့်ချီ၍ အမှားအယွင်းရှိလာခဲ့” ကြောင်း ဂျက်စူအစ်တို့ သတိပြုမိခဲ့ကြသည်။ ဧကရာဇ်၏နက္ခတ္တပညာရှင်များသည် နေကြတ်ခြင်းဟောကိန်းတွင် အကြိမ်ကြိမ်မှားခဲ့ကြသည် . . .။ ၁၆၂၉ ခုနှစ် ဇွန်လ ၁ ရက်နေ့ နံနက်တွင် ကြတ်ခြင်းကို စောင့်မျှော်ကြရာ ဂျက်စူအစ်တို့အတွက် အခွင့်အလမ်းကြီး ပေါ်လာခဲ့သည်။ ဧကရာဇ်၏နက္ခတ္တပညာရှင်တို့က ကြတ်ခြင်းသည် ၁၀:၃၀ တွင် ဖြစ်မည်ဖြစ်ပြီး နှစ်နာရီကြာမည်ဟု ဟောကိန်းထုတ်ခဲ့ကြသည်။ ဂျက်စူအစ်တို့ကမူ ကြတ်ခြင်းသည် ၁၁:၃၀ မတိုင်ခင်ဖြစ်မည်မဟုတ်ကြောင်းနှင့် နှစ်မိနစ်သာကြာမည်ဖြစ်ကြောင်း ကြိုတင်ဟောကိန်းထုတ်ခဲ့ကြသည်။ မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။
“အရေးပါသော ထိုနေ့တွင် ၁၀:၃၀ တိုင်လာသည်နှင့်အမျှ နေသည် အလွန်တောက်ပစွာ ထွန်းလင်းနေတော့သည်။ ဧကရာဇ်၏နက္ခတ္တပညာရှင်များမှားခဲ့သည်၊ သို့သော် ဂျက်စူအစ်တို့ မှန်ခဲ့ပါသလော။ သို့ဖြင့် ဂျက်စူအစ်တို့ဟောကိန်းထုတ်ထားသည့်အတိုင်း ၁၁:၃၀ ရောက်သည်နှင့် ကြတ်ခြင်းစဖြစ်ကာ နှစ်မိနစ်မျှသာကြာရှည်ခဲ့သည်။ ထိုအခါ သူတို့သည် ဧကရာဇ်၏စိတ်ချက်လက်ချ ယုံကြည်မှုကို ရရှိလေတော့သည်။”—ဒယ်နီရယ် ဘိုရ်စတင်ရေးသော The Discoverers စာအုပ်။
ကျမ်းစာပါ နက္ခတ္တဗေဒ
နက္ခတ္တဗေဒဆိုင်ရာ အချက်အလက်များကို ကျမ်းစာထဲတွင်ပင် ဖော်ပြထားသည်။ ယောဘဝတ္ထုတွင် ကြယ်တာရာများစွာကို ဖော်ပြထားသည်။ ထို့အပြင် ယေဟောဝါရှင်က မိမိကျေးကျွန်များ ကောင်းကင်ကို ဆန်းစစ်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ထားရာ နက္ခတ်ဗေဒင်ပညာအတွက် သို့မဟုတ် မှားယွင်းသောအခြားဝတ်ပြုမှုအတွက် မဟုတ်ဘဲ ကိုယ်တော့်ဖန်ဆင်းရာများ၏ ရင်သပ်ရှုမောအံ့မခန်းဖွယ်ရာကို လေးမြတ်ရန်ဖြစ်သည်။ ဟေရှာယက မှုတ်သွင်းခံရကာ ဤသို့ရေးသားခဲ့သည်– “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၆။
ယောဘသည် ဖန်ဆင်းတော်မူရှင်ကို ဤသို့ပြောကာ ကိုယ်တော်၏တန်ခိုးအာဏာကြီးစိုးလွှမ်းမိုးထားနိုင်မှုကို အသိအမှတ်ပြုခဲ့သည်– “[အာစာမေဂျာ တာရာ သို့မဟုတ် ဝက်ဝံကြီးတာရာ ဖြစ်နိုင်သော] အာရှကြယ်၊ [လိပ်တာရာ သို့မဟုတ် အာကာသမုဆိုးတာရာ ဖြစ်နိုင်သော] ခသိလကြယ်၊ [တောရတ်တာရာတွင်ပါဝင်သော ဖျောက်ဆိပ်ကြယ်ပြွတ် သို့မဟုတ် နွားတာရာ ဖြစ်နိုင်သော] ခိမကြယ်စုမှစ၍ [ကမ္ဘာ့တောင်ခြမ်းကောင်းကင်ပြင်၏ ကြယ်တာရာများကိုဆိုလိုကြောင်း နားလည်ရသော] တောင်မျက်နှာကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။”—ယောဘ ၉:၇-၉။
ယေဟောဝါရှင်သည် နာခံမှုရှိသောလူသားတို့ကို ထာဝရအသက်ပေးအပ်သောအခါတွင် နက္ခတ္တဗေဒလေ့လာမှုသည် မည်မျှစွဲမက်ဖွယ်ကောင်းလိုက်မည်ဖြစ်ခြင်း! ထိုအချိန်တွင် အပြောကျယ်သည့် စကြဝဠာနှင့်ဆက်နွှယ်သည့် ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို ကျွန်ုပ်တို့နားလည်လာသည်နှင့်အမျှ စကြဝဠာ၏လျှို့ဝှက်ဆန်းကြယ်မှုကို တဖြည်းဖြည်းချင်း ဖွင့်ပြသွားမည်။ သို့နှင့် ကျွန်ုပ်တို့သည် ဒါဝိဒ်၏ဤစကားများကို သာ၍ပြင်းပြသောခံစားချက်ဖြင့်ပင် ပြန်ပြောနိုင်ကြမည်– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။”—ဆာလံ ၈:၃၊ ၄။
[အောက်ခြေမှတ်ချက်]
a ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် နေအပြည့်ကြတ်ခဲ့ပြီး တောင်အမေရိကတစ်ဖက်ခြမ်းရှိ ဒေသများတွင် မြင်တွေ့ခဲ့ရသည်။
[Picture Credit Line on page 12]
Photo courtesy of NASA/Finley-Holiday Film Corporation