ကျားသစ်—ပုန်းလျှိုးကွယ်လျှိုးနေတတ်သော ကြောင်မျိုးရင်းဝင်
ကင်ညာနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
နဝန်းကြီးသည် အနောက်မိုးကုပ်စက်ဝိုင်းဆီသို့ ငုပ်လျှိုးဝင်ရောက်လျက်ရှိသည်။ ကျွန်တော်တို့သည် ကင်ညာနိုင်ငံရှိ မာဆိုင်မာရာ ဘေးမဲ့တောထဲ၌ ရင်သပ်ရှုမောဖွယ် တောရိုင်းတိရစ္ဆာန်များကိုကြည့်ရှုခြင်း၊ ဓာတ်ပုံရိုက်ခြင်းဖြင့် တစ်နေ့ကုန်ဆုံးခဲ့သည်။ ထိုနေ့ည ရွက်ဖျင်တဲတည်းခိုခန်းတွင် ပြန်၍အနားမယူမီ နောက်ထပ်ရင်ဖိုဖွယ်ရာမြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ထိုအချိန်မတိုင်မီ တည်းခိုခန်းအမှုထမ်းတစ်ဦးက ဆိတ်သားပေါင်တစ်ဖက်ကို ပခုံးပေါ်သိုင်းလျက် တာလက်ခ်မြစ်ပေါ်ရှိ ကြိုးတံတားကို စိမ်ပြေနပြေနှင့်ဖြတ်သွားချိန်၌ ထိုမြင်ကွင်းအတွက် ပြင်ဆင်မှုပြုလုပ်ခဲ့သည်။ ထိုသူသည် အသားကိုထနောင်းပင်တစ်ပင်၏ ခပ်မြင့်မြင့်သစ်ကိုင်းခွတစ်ခုတွင် ချည်ထားလိုက်သည်။
အပူပိုင်းဒေသ၏ တိုတောင်းသောနေဝင်ဆည်းဆာ၏အလင်းရောင်များ တဖြည်းဖြည်းမှေးမှိန်၍ အမှောင်ဘက်သို့ကူးပြောင်းလာသည်နှင့် ကြီးမားသောကျားသစ်အထီးတစ်ကောင်သည် ထိုအပင်ပေါ်သို့ တိတ်ဆိတ်စွာတက်ကာ အသားကိုစ၍ဆွဲဖြဲလေသည်။ ကျားသစ်သည် ကြည့်စင်မှမီးမောင်းကြီးများဖြင့် ထိုးထားသော်လည်း အသားကိုသာ အငမ်းမရကိုက်စားနေသဖြင့် အံ့သြမိန်းမောစွာကြည့်ရှုနေကြသော ကျွန်တော်တို့ကို လျစ်လျူရှုထားသည်။ ၎င်းကျားသစ်သည် မျှားခေါ်ရန် အစာတပ်ထားသော ဤသစ်ပင်ရှိရာသို့ ညစဉ်ညတိုင်းလာရောက်သည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်ကြောင်း နောက်ပိုင်းတွင် ကျွန်တော်တို့သိခဲ့ရသည်။ ထို့ကြောင့် နောက်ညတွင်လည်း ကျွန်တော်တို့သည် ဤပြကွက်ဖြင့်ပင် ဖျော်ဖြေခံခဲ့ရသည်!
ကျားသစ်ကို “အပြစ်ဆိုစရာမရှိသော ရုပ်သွင်လှပပြီး လှုပ်ရှားဟန်ကြော့ရှင်းလှသည့် ကြောင်ကြီးမျိုး၊” ဟုအဘယ်ကြောင့် သရုပ်ဖော်ရေးသားသည်ကို ကျွန်ုပ်တို့ကောင်းစွာ နားလည်သဘောပေါက်သွားသည်။ ကိုယ်အလေးချိန် ၁၂၅ ပေါင်နှင့်အထက်ရှိသောကျားသစ်သည် ကြွက်သားအသန်မာဆုံးသော တိရစ္ဆာန်တစ်မျိုးဖြစ်ပြီး ပခုံးနေရာမှတိုင်းလျှင် ပျမ်းမျှအမြင့်နှစ်ပေကျော်ရှိပြီး နှာခေါင်းမှ အမြီးဖျားအထိ အလျားခုနစ်ပေရှည်သည်။ ညိုဝါရောင်ပြေးသော အမွေးပေါ်မှ နှင်းဆီပွင့်သဏ္ဌာန်စီတန်းနေသည့် ထင်ရှားပေါ်လွင်သောအမဲကွက်များကို ငေးမောကြည့်ရင်းနှင့် တစ်ချိန်က ပရောဖက်ယေရမိမေးခဲ့သော “အဲသယောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားကိုလည်းကောင်း ပြောင်းလဲနိုင်သလော” ဟူသည့်မေးခွန်းကို ကျွန်တော်တို့ပြန်သတိရကြသည်။—ယေရမိ ၁၃:၂၃။
ကျားသစ်၏အစိမ်းရောင်တောက်သော မျက်လုံးနှစ်လုံးသည် အထူးပင် ထင်ပေါ်လှသည်။ ကျားသစ်၏မျက်လုံး၌ ညဘက်တွင် ကောင်းစွာမြင်နိုင်သော တိပ်တွမ်း (tapetum) ခေါ် အလင်းပြန်သည့် အထူးဆဲလ်အလွှာပါရှိသည်။ ကျားသစ်သည် လူ့မျက်စိမြင်နိုင်ရန် လိုအပ်သောအလင်းပမာဏ၏ ခြောက်ပုံတစ်ပုံနှင့်ပင် မြင်နိုင်စွမ်းရှိသည်။ မြင်လွှာ (retina) ကိုဖြတ်၍ အလင်းပြန်တတ်သည့် ၎င်းဆဲလ်အလွှာက ညအခါ မျက်စိကို အလင်းတန်းတစ်ခုလာထိသည့်အခါ မြင်တွေ့နိုင်သော တောက်ပသည့်အကျိုးကို ဖြစ်ပေါ်စေသည်။
နေ့ဘက် ကျားသစ်အနားယူနေချိန်တွင် ၎င်းကိုဂရုစိုက်ကြည့်မည်ဆိုလျှင် ၎င်းသည် အလွန်မောဟိုက်နေသည့်အလား အသက်ကိုလု၍ရှူနေသည်ကို သတိပြုမိပေမည်။ သို့သော် ယင်းသို့ အသက်ကိုမြန်မြန်ဆန်ဆန်ရှူခြင်းမှာ ထိရောက်သော အအေးခံစနစ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ တစ်မိနစ်လျှင် အကြိမ် ၁၅၀ အထိ အသက်ကိုလု၍ရှူခြင်းအားဖြင့် အစိုဓာတ်သည် ၎င်း၏လျှာ၊ ပါးစပ်နှင့် နှာလမ်းကြောင်းတို့မှ အငွေ့ပျံသွားနိုင်သည်။
အခြေအနေနှင့်လိုက်လျောညီထွေစွာ အထူးနေထိုင်တတ်သော ကြောင်ကြီးမျိုးဖြစ်သော ကျားသစ်ကို သဲကန္တာရနှင့် သစ်တောများ၌လည်းကောင်း၊ တောင်တန်းများနှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ရှိ မြေပြင်ဒေသများ၌လည်းကောင်း၊ တရုတ်၊ အိန္ဒိယနှင့် ကင်ညာကဲ့သို့သော ကွဲပြားသည့်ဒေသများ၌လည်းကောင်း တွေ့ရှိနိုင်သည်။ ကျားသစ်တို့၏သဘာဝဇာတိမြေများကို လူတို့ချဉ်းနင်းဝင်ရောက်ကျူးကျော်ခဲ့သည့်တိုင်အောင် အာဖရိကနှင့် အာရှတိုက်နှစ်တိုက်ထဲ၌ ကျားသစ်အကောင်ရေတစ်သန်းနီးပါးရှိသည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသည်။ သို့တိုင်အောင် ကျားသစ်တို့သည် ရာစုနှစ်များတစ်လျှောက် သိပ္ပံနည်းကျ အလေးအနက်လေ့လာ၍မရအောင် တိမ်းရှောင်နေခဲ့ကြသည်။ သာဓကအနေဖြင့် ဆိုင်းနိုင်းကျွန်းဆွယ်ကျားသစ်ကို ကြည့်ပါ။ များမကြာမီက ယုဒတောတွင် ၎င်းတို့ကိုပြန်လည်တွေ့ရှိသည့်အချိန်အထိ ၎င်းကျားသစ်မျိုးသည် မျိုးသုဉ်းသွားပြီဟု ကြာမြင့်စွာကပင် မှတ်ယူခဲ့ကြသည်!
တစ်ကိုယ်တော် ကြောင်မျိုးဝင်
ကျားသစ်သည် လူတို့၏အာရုံစိုက်မှုကို မည်သို့တိမ်းရှောင်သနည်း။ အဓိကအားဖြင့် ညဘက်တွင်ကျက်စားခြင်း၊ ၎င်းပြင် ခိုးကြောင်ခိုးဝှက်နှင့်ပုန်းလျှိုးကွယ်လျှိုး သွားလာခြင်းအားဖြင့်ဖြစ်သည်။ လူတို့၏ခြိမ်းခြောက်မှုအန္တရာယ်ရှိသော ဒေသများတွင် ကျားသစ်သည် သတိကြီးစွာနှင့်အသံမထွက်အောင်နေတတ်သည်။ ဒေါသထွက်သည့်အခါ၌သာ ခြင်္သေ့ကဲ့သို့ခြိမ်းခြောက်သည့် မာန်ဖီသံနှင့် ချောင်းဟန့်သံပြုတတ်သည်။ သာမန်အခြေအနေမျိုးတွင် ၎င်း၏အသံသည် ကြောက်စရာမကောင်းဘဲ လွှတိုက်သံကဲ့သို့ ခက်ထန်မာကျော၍ သာယာမှုမရှိပေ။ စီ.တီ. အက်စလီ မာဘာလီရေးသားသည့် Animal of East Africa စာအုပ်၏အဆိုအရ ကျားသစ်၏အသံကို “ဂရန့်ဟာ! ဂရန့်ဟာ!—ဟုကြားရပြီး အများအားဖြင့် ခက်ထန်မာကျောသော သက်ပြင်းချသံနှင့် အဆုံးသတ်သည်။” ပုန်းလျှိုးကွယ်လျှိုး နေတတ်သည့်စရိုက်အတိုင်း ကျားသစ်သည် ပြင်းအားနိမ့်အသံအမျိုးမျိုးကိုလည်း ပြုတတ်သည်။ သို့သော် ၎င်းအသံအများစုကို လူတို့မကြားနိုင်ပေ။
၎င်းပြင် အသင်းအဖွဲ့အနေနှင့်နေတတ်သော ခြင်္သေ့နှင့်မတူဘဲ ကျားသစ်သည် အုံလိုက်နေသော ကြောင်မျိုးရင်းဝင်မဟုတ်ပေ။ တစ်ခါတစ်ရံတွင် အတွဲလိုက်တွေ့ရတတ်သော်လည်း ကျားသစ်များသည် တစ်ကိုယ်တော်မုဆိုးများသာဖြစ်ကြသည်။ မမျှော်လင့်သော သို့မဟုတ် ရန်လိုသောတွေ့ဆုံမှုများကို လျော့ပါးစေရန် ကျားသစ်သည် ၁၀ မှ ၁၅ စတုရန်းမိုင်ကျယ်ဝန်းသည့် ကိုယ်ပိုင်နယ်မြေ ပိုင်းခြားသတ်မှတ်ထားသည်။ ကျားသစ်သည် အထူးဂလင်းများမှစိမ့်ထွက်သည့် အရည်တစ်မျိုးဖြင့်ပက်ဖြန်း၍ ၎င်းကျက်စားရာဒေသ၏ နယ်နိမိတ်များကို ပိုင်းခြားသတ်မှတ်သည်။ ၎င်းအနံ့က အခြားကျားသစ်များအား ထိုကျားသစ်၏လိင်အမျိုးအစား၊ အသက်အရွယ်၊ လိင်ဆက်ဆံရေးအခြေအနေတို့ကိုသာမက ၎င်း “မြေရှင်” သည် မည်သူမည်ဝါဖြစ်ကြောင်းကိုပင် သိရှိစေနိုင်သည်။
ကျားသစ်သည် အမဲလိုက်ရာတွင် ၎င်းတို့၏ထုံးစံအတိုင်း ခိုးကြောင်ခိုးဝှက်လိုက်တတ်သည်။ ကျမ်းစာခေတ်တွင် ကျားသစ်သည် မြို့ရွာအနီးတွင် ချောင်းမြောင်းတတ်ကြောင်း၊ အိမ်မွေးတိရစ္ဆာန်များကို လျင်မြန်သောအဟုန်ဖြင့် ခုန်အုပ်တတ်ကြောင်း လူတို့သိခဲ့ကြသည်။ (ယေရမိ ၅:၆; ဟောရှေ ၁၃:၇; ဟဗက္ကုတ် ၁:၈) သူဖမ်းမိသောအမဲကို ဟိုင်းအီးနားနှင့် ခွေးအများကဲ့သို့သော အသားပုပ်စားတိရစ္ဆာန်များ မတွေ့ရှိစေရန် ကြီးမားသောသားကောင်များကို မြေပြင်အထက် ပေ ၃၀၊ ၄၀ မြင့်သည့်သစ်ပင်ခွကြားတွင် သိမ်းဆည်းထားတတ်သည်။ သို့သော် တောဆိတ်တစ်ကောင် သို့မဟုတ် ငါးပေမြင့်သော သစ်ကုလားအုတ်ပေါက်စတစ်ကောင်၏ အသေကောင်ကို ထိုအမြင့်အထိ မည်သို့ဆွဲတင်သနည်း။ ဤအချက်သည် ကျားသစ် လွယ်လွယ်နှင့်ဖွင့်ဟပြသည့် လျှို့ဝှက်ချက်မဟုတ်ပေ။ သို့သော် စိတ်ရှည်ရှည်နှင့် ဂရုစိုက်စောင့်ကြည့်သူတို့က အကြမ်းပတမ်းအင်အားသုံး၍ ဆွဲတင်နိုင်ခြင်းဖြစ်သည်ဟုဆိုကြသည်။ ကျားသစ်သည် အကိုင်းအခက်နှင့် အရွက်များပိတ်ဖုံးနေသည့် လူလုံးဝမမြင်နိုင်သော သစ်ကိုင်းများပေါ်တွင် ဇိမ်နှင့်လျောင်း၍ အစာကိုစိမ်ပြေနပြေနှင့်စားရသည်ကို အထူးနှစ်သက်သည်။
စိန်ခေါ်ခြင်းမခံရသည့်အခါမျိုး၌ ကျားသစ်သည် ကြောက်တတ်ပြီး ချောင်ကုပ်နေတတ်သည့်အပြင် လူနှင့်မတွေ့အောင် ရှောင်နေတတ်သည်။ ထို့ကြောင့် အချို့ကျားသစ်များသည် လူကိုမကြောက်တော့ဘဲ လူသားစားသည့်အကောင်များဖြစ်လာကြသော်လည်း အများစုမှာ လူကိုအန္တရာယ်မပြုတတ်ပါ။ သို့သော် ဒဏ်ရာရပါက သို့မဟုတ် ချောင်ပိတ်မိပါက ကျားသစ်သည် မည်သည့်ရန်သူကိုမဆို ကြောက်စိတ်မရှိတော့ပေ။ “ဒေါသထွက်နေသည့်ကျားသစ်တစ်ကောင်သည် ကြမ်းကြုတ်ရက်စက်မှုဝင်စားသူဖြစ်သည်။ . . . ကြီးမားသောစွမ်းအားရှိရှိသမျှတို့ကို စုစည်းပြီး တိုတောင်းသောအကွာအဝေးအတွင်း လျှပ်တစ်ပြတ်တိုက်ခိုက်နိုင်စွမ်းရှိသည်” ဟူ၍ ဂျော်နသန် စကွက်က The Leopard’s Tale စာအုပ်တွင် ရေးသားထားသည်။
မိခင်ကျားသစ်
ထို့ကြောင့် ကျားသစ်တို့သည် သူတို့၏သားပေါက်တို့ကို အတော်အတန်လျှို့ဝှက်သည့်နည်းဖြင့် မွေးမြူကြသည်မှာလည်း အံ့ဩစရာမဟုတ်ပေ။ မွေးခါစသားပေါက်ကို ပထမနှစ်လအတွင်း အများအားဖြင့် ဂူထဲ၌ဝှက်ထားကြသည်။ ဖခင်ဖြစ်သူသည် သားပေါက်များကို မွေးမြူရာ၌ ပါဝင်ကူညီခြင်းမရှိသော်လည်း မိခင်မူကား သားပေါက်များကို ကျွေးမွေးသုတ်သင်၍ နွေးထွေးအောင်ထားခြင်းအားဖြင့် သံယောဇဉ်နှောင်ဖွဲ့မိကြသည်။ နောက်ဆုံး၌ မိခင်ကျားသစ်မသည် မိမိ၏သားပေါက်ကလေးနှစ်ကောင်သုံးကောင်ကို အိမ်သစ်သို့ပြောင်းရွှေ့ပေမည်။ ၎င်းတို့သည် ငယ်သေးပါက ပါးစပ်နှင့်ကိုက်ချီ၍ဖြစ်စေ၊ အတော်လေးကြီးနေပါက မိမိနောက်သို့လိုက်ခဲ့ရန် အသံပေးခေါ်၍ဖြစ်စေ ပြောင်းရွှေ့ကြသည်။
မိခင်ကျားသစ်သည် မိမိ၏သားပေါက်များကိုဘဘွန်းမျောက်ကဲ့သို့သော ရန်သူများမမြင်ရအောင်လည်း ကြိုးစား၍ဝှက်ထားတတ်သည်။ သို့သော် အကယ်၍ ဘဘွန်းမျောက်များက ၎င်း၏သားပေါက်များကို တိုက်ခိုက်လာပါက သားပေါက်များ ဘေးကင်းရာသို့ထွက်ပြေးနိုင်အောင် ၎င်းက အသက်ကိုပဓာနမထားဘဲ ပြန်လည်တိုက်ခိုက်တတ်သည်။ မိမိ၏သားပေါက်များကို ကျွေးမွေးရန်အတွက် ကြီးမားသောစွန့်စားမှုလည်းပြုလုပ်သည်။ သာမန်အားဖြင့် ချောင်ကုပ်၍နေတတ်သော ဤကြောင်မျိုးဝင်သတ္တဝါသည် ဆာလောင်နေသော ၎င်း၏သားငယ်များအတွက် အသားရယူရန် ကျယ်လောင်စွာအော်နေသော ဆင်အုပ်အတွင်းသို့ အန္တရာယ်ကိုမမှုဘဲ လျှောက်သွားရဲသည့်သတ္တိရှိသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ကျားသစ်ကလေးများသည် အချိန်အတန်ကြာသည်အထိ အမှီအခိုကင်းသည့်စိတ်ဓာတ်မျိုးမပြကြချေ။ သားပေါက်များသည် ခြောက်လခန့်တွင် နို့ပြတ်သော်လည်း အသက်တစ်နှစ်ပြည့်မှ မိမိဘာသာ သားကောင်လိုက်တတ်သည်။ အထီးလေးများသည် အသက်နှစ်နှစ်ခွဲကျော်မှ တစ်ကိုယ်တော်မုဆိုးဖြစ်လာသည်။ အမလေးများမူ အရွယ်ရောက်ပြီးသော်လည်း မိခင်၏ဇာတိမြေတွင်ပင် ဆက်၍အတူနေတတ်သည်။
ကျားသစ်—နောက်ဆုံးတွင် ယဉ်ပါးသိမ်မွေ့လာမည်လော
သို့သော် ပွေ့ဖက်ချင်စရာ ၎င်းကျားသစ်ကလေးများသည် ကြီးလာသည့်အခါ အမဲလိုက်မုဆိုးများပင်ဖြစ်လာကြသဖြင့် “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်” ဟူသော ပရောဖက်ဟေရှာယ၏စကားများ အမှန်ပြည့်စုံလာမည်ကို ယုံကြည်ရခက်သည်ဟု ထင်ရပေမည်။—ဟေရှာယ ၁၁:၆။
များမကြာမီက ကျားသစ်များကို ယဉ်ပါးအောင်ကြိုးစားမွေးမြူကြည့်ရာ မဆိုစလောက်သာ အောင်မြင်မှုရရှိခဲ့သည်။ ဆီယူကာ ဘီစ်လက်တီ ဗန်ဒါလန်းနှင့် သူမ၏ခင်ပွန်းတို့က အာဖရိကရှိ ၎င်းတို့ပိုင်ခြံထဲတွင် ကျားသစ်သားပေါက်တစ်မြုံကို မွေးမြူခဲ့သည်။ ထိုကျားသစ်သားပေါက်တို့သည် “အချုပ်အနှောင်လုံးဝမရှိသည့် လွတ်လပ်မှု” ကိုပျော်မွေ့ကြသည့်အပြင် သူတို့ကို မကြာခဏ လက်ဖြင့်ပင် အစာခွံ့ကျွေးခဲ့သည်။ သို့သော် သူတို့ကို မည်သည့်အခါမျှ ယဉ်ပါးအောင်လုပ်၍မရပေ။ “ကျားသစ်တစ်ကောင်ကြီးပြင်း၍ အရွယ်ရောက်လာသည်နှင့်အမှီအခိုကင်းသည့်ဘဝမျိုးကို ရှာလာသည်။ ခြင်္သေ့သည် သင့်ကိုအစဉ်ချစ်၍ နာခံတတ်ပေမည်၊ ကျားသစ်မူကား သင့်ကိုအစဉ်မှတ်မိနေမည်ဖြစ်သော်လည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်လုပ်ကိုင်ချင်သည့်သဘောရှိသည်” ဟူ၍ ဆီယူကာက ရေးသားထားသည်။
နောက်ဆုံးတွင် အရွယ်ရောက်သည့်ကျားသစ်ပေါက်များကို ခြံထဲတွင်ဤအတိုင်း ဆက်၍လွှတ်ထားလျှင် အန္တရာယ်ဖြစ်နိုင်သည်ဟု ယူဆရသည်။ သို့နှင့် ၎င်းတို့ကို တောထဲသို့ပြန်ပို့ရန် ဆုံးဖြတ်လိုက်သည်။ ခင်မင်ဖော်ရွေသောလူတို့အလယ်တွင် ကြီးပြင်းလာကြသည့် ကျားသစ်ပေါက်လေးများသည် ၎င်းတို့၏သဘာဝစရိုက်များ ပျောက်ပျက်သွားပါသလော။ လုံးဝပျောက်မသွားပါ။ ၎င်းတို့ကိုလွှတ်ပြီးသုံးရက်အတွင်း အထီးတစ်ကောင်ကို ၎င်းကိုက်သတ်ထားသည့် တောဆိတ်တစ်ကောင်၏ဘေးတွင် လဲလျောင်းနေသည်ကို တွေ့ရှိရသည်။
သို့ရာတွင် ကျားသစ်များကို မွေးမြူရာ၌ရရှိသည့် ထိုမဆိုစလောက်သောအောင်မြင်မှုက ကျားသစ်နှင့်ဆိတ် ငြိမ်းချမ်းစွာအတူနေမည်ဟူသော ဟေရှာယ၏ မှုတ်သွင်းခံပရောဖက်ပြုချက်ကို ပျက်ပြယ်မသွားစေပါ။ အံ့ဩစရာကောင်းသော ဤအခြင်းအရာသည် လူ့ကြိုးပမ်းအားထုတ်မှုအားဖြင့်မဟုတ်ဘဲ ဘုရားသခင့်ကြားဝင်ဆောင်ရွက်မှုအားဖြင့်သာ အကောင်အထည်ပေါ်လာမည်ဖြစ်သည်။ သို့သော် ဘုရားသခင့်အုပ်ချုပ်မှုက တိရစ္ဆာန်လောကအတွင်း ငြိမ်းချမ်းမှုဆောင်သွင်းပေးခြင်းထက်မက ပြုလုပ်ပေးပါမည်။ “မြေကြီးသည် ထာဝရဘုရား [ယေဟောဝါ] ကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်” ဟု ဟေရှာယက တင်ကူးဖော်ပြထားသည်။ (ဟေရှာယ ၁၁:၁-၉) ထို့ကြောင့် စစ်နှင့်စိတ်ဝမ်းကွဲမှုကိုဖြစ်ပွားစေသော တိရစ္ဆာန်အကျင့်များကို လူသားတို့ပင် စွန့်ပယ်လာကြမည်။ တစ်ချိန်တည်း၌ တိရစ္ဆာန်လောကအပေါ် လူတို့ထားရှိသည့်သဘောထားလည်း ပြောင်းလဲသွားပေမည်။ မည်သည့်တိရစ္ဆာန်မျှ အကြောင်းမဲ့သတ်ဖြတ်ခြင်း ခံရတော့မည်မဟုတ်။ လူတို့သည် တိရစ္ဆာန်တို့၏သဘာဝဇာတိမြေကို ဖျက်ဆီးခြင်း၊ ၎င်းတို့၏ရှင်သန်တည်မြဲရေးကို ခြိမ်းခြောက်အန္တရာယ်ပြုခြင်း ပြုတော့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ယေဟောဝါသည် ‘မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ’ ပြီးဖြစ်သောကြောင့်တည်း။—ဗျာဒိတ် ၁၁:၁၈။