ကမ္ဘာဂြိုဟ်ကို ကယ်တင်ရန် ကြိုးပမ်းအားထုတ်မှု
စပိန်နိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
ရုရှားနိုင်ငံ ကာရာဘာ့ရှ်မြို့တွင်နေထိုင်သည့် ယူရီ၌ ကလေးနှစ်ယောက်ရှိပြီး နှစ်ယောက်စလုံးဖျားနေကြသည်။ ယူရီသည် စိုးရိမ်သော်လည်း အံ့သြခြင်းကား မဖြစ်မိ။ “ဒီဒေသမှာ ကျန်းမာတဲ့ကလေးဆိုလို့ မရှိပါဘူး” ဟူ၍သူရှင်းပြသည်။ ကာရာဘာ့ရှ်မြို့သူမြို့သားများသည် အဆိပ်သင့်နေကြသည်။ ထိုဒေသတွင်းရှိစက်ရုံတစ်ခုက တန်ချိန် ၁၆၂,၀၀၀ ရှိသောညစ်ညမ်းပစ္စည်းများကို လေထုထဲသို့ နှစ်စဉ်မှုတ်ထုတ်လျက်ရှိရာ ထိုဒေသတွင်းရှိယောက်ျား၊ မိန်းမ၊ ကလေးတစ်ဦးစီအတွက် ၉ တန်နှုန်းရှိသည်။ အာတိတ်စက်ဝိုင်းဒေသ၊ ကိုလာကျွန်းဆွယ်ရှိ နက်ကယ်လ်မြို့နှင့်မန်ချ်ဂေါစ်ခ်မြို့မှ “ကမ္ဘာ့အကြီးဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နီကယ်သတ္တုအရည်ကျိုစက်ရုံနှစ်ခုသည် . . . ရုရှားနိုင်ငံရှိ မည်သည့်အလားတူစက်ရုံထက်မဆို သာ၍လေးလံသောသတ္တုများနှင့် ဆာလ်ဖာဒိုင်အောက်ဆိုဒ်တို့ကို လေထုထဲသို့ နှစ်စဉ်မှုတ်ထုတ်လျက်ရှိသည်။”—The New York Times.
မက္ကဆီကိုစီးတီး၏လေထုလည်း ထူးခြားမှုမရှိပါ။ မြို့တော်တွင်းရှိ ချမ်းသာသောရပ်ကွက်၌ပင် ကလေးသူငယ်များသည် ၅ ရက်တွင် ၄ ရက်ဖျားကြကြောင်း ဒေါက်တာ မာဂရက် ကာစ်တဲရဲဟိုးစ် ပြုလုပ်သည့်လေ့လာစုံစမ်းမှုတစ်ခုက တွေ့ရှိရသည်။ “သူတို့အဖို့ ဖျားနာသည်ဆိုသည်မှာ ရိုးနေပါပြီ” ဟုသူမကဆိုသည်။ အဓိကတရားခံလက်သည်တစ်ခုမှာ မြို့တွင်းလမ်းမကြီးများတွင်ပိတ်ဆို့နေသည့် ထောင်ပေါင်းများစွာသောယာဉ်များမှ ထွက်ရှိသောမီးခိုးမြူပင်ဖြစ်သည်။ အိုဇုန်းဓာတ်စုစည်းမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမြင့်ဆုံးသတ်မှတ်ချက်၏ လေးဆဖြစ်သည်။
ဩစတြေးလျတိုက်၌မူကား အန္တရာယ်ကို မျက်စိဖြင့်မမြင်ရသော်လည်း အလားတူပင် သေစေနိုင်သည်။ ကလေးသူငယ်တို့သည် ကျောင်းကစားကွင်းအတွင်း ပြေးလွှားဆော့ကစားသည့်အခါ၌ ယခုအခါ ဦးထုပ်ဆောင်းကြရသည်။ ကမ္ဘာ့တောင်ခြမ်းရှိ အကာအကွယ်ပေးသည့်အိုဇုန်းလွှာ အကြီးအကျယ်ပြုန်းတီးမှုကြောင့် ဩစတြေးလျတိုက်သားတို့က သူရိယနေမင်းကို မိတ်ဆွေအဖြစ်မမြင်တော့ဘဲ ရန်သူအဖြစ်စ၍မြင်လာကြသည်။ အရေပြားကင်ဆာ သုံးဆတိုးလာသည်ကို သူတို့တွေ့မြင်နေရလေပြီ။
ကမ္ဘာ့အခြားဒေသများ၌ သောက်သုံးရေအလုံအလောက်ရရှိရေးသည် နေ့စဉ်လုံးပန်းရသောကိစ္စဖြစ်နေသည်။ အမာလီယာ ၁၃ နှစ်အရွယ်တွင် မိုဇမ်ဘစ်နိုင်ငံ၌ မိုးခေါင်ရေရှားဘေးကျရောက်ခဲ့ရာပထမနှစ်တွင် ရေလုံလောက်ရုံသာရှိခဲ့ပြီး ဒုတိယနှစ်တွင် ရေလုံးဝမရှိဖြစ်ခဲ့သည်။ ကောက်ပဲသီးနှံပင်များ ခြောက်သွေ့သေဆုံးကုန်သည်။ အမာလီယာနှင့် သူမ၏မိသားစုသည် အသက်ရှင်ရေးအတွက် သစ်သီးအရိုင်းများကိုစားပြီး မြစ်ကြမ်းပြင်သဲသောင်တွင်ကျင်းတူး၍ အဖိုးတန်သောက်ရေကို ရှာခဲ့ကြရသည်။
အိန္ဒိယနိုင်ငံ ရာဂျာစသန်ပြည်နယ်တွင် စားကျက်မြေများ လျင်မြန်စွာပျောက်ကွယ်လျက်ရှိသည်။ အတည်တကျမနေဘဲ ရေကြည်ရာမြက်နုရာ လှည့်လည်ကျက်စားသည့် လူမျိုးနွယ်စုဝင်တစ်ဦးဖြစ်သူ ဖာဂူသည် သူ၏သိုးအုပ်ဆိတ်အုပ်အတွက် စားကျက်ရှာမတွေ့သဖြင့် ဒေသတွင်းရှိလယ်သမားများနှင့် မကြာခဏ စကားများငြင်းခုံရသည်။ မြေသြဇာကောင်းသောမြေကွက်များ ရှားပါးလာမှုကြောင့် လယ်သမားများနှင့် လှည့်လည်ကျက်စားသူတို့အကြား ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုလည်း ပျက်ပြားလာခဲ့သည်။
အာဖရိကတိုက် ဆဟာရသဲကန္တာရ၏တောင်ပိုင်းရှိ ကျယ်ပြောသည့်မိုးနည်းအရပ်ဖြစ်သော ဆဟဲဒေသ၌ အခြေအနေမှာ ပို၍ပင်ဆိုးရွားသည်။ သစ်တောခုတ်ထွင်ရှင်းလင်းမှုနှင့် နောက်ဆက်တွဲမိုးခေါင်မှုတို့ကြောင့် ကျွဲနွားတိရစ္ဆာန်ရှိရှိသမျှ သေကျေပျက်စီးပြီး မရေမတွက်နိုင်သည့် ဦးပိုင်မြေကွက်ငယ်များလည်း တစ်စစကျယ်ပြန့်လာသည့် သဲကန္တာရအောက်တွင် မြုပ်သွားလေသည်။ နိုင်ဂါနိုင်ငံမှ ဖူလာနီလယ်သမားတစ်ဦးက သူစိုက်ပျိုးသည့်နှံစားပြောင်း ခုနစ်ကြိမ်တိုင်တိုင်ပျက်စီးခဲ့သည့်နောက် “နောက်တစ်ခါ ဘယ်တော့မှမစိုက်တော့ဘူး” ဟုကျိန်ဆိုခဲ့သည်။ စားကျက်မရှိသဖြင့် သူ၏ကျွဲနွားများလည်း သေဆုံးကုန်သည်။
ကြီးထွားလျက်ရှိသော ခြိမ်းခြောက်မှု
မကြာသေးမီကဖြစ်ပွားခဲ့သည့် မိုးခေါင်မှု၊ သီးနှံပျက်စီးဆုံးရှုံးမှုနှင့် မြို့ကြီးတစ်မြို့ပြီးတစ်မြို့ကို မွန်းကျပ်စေသောညစ်ညမ်းသည့် လေထုတို့သည်လည်း မကောင်းသောအတိတ်နိမိတ်ဆောင်သည်။ ၎င်းတို့မှာ လူတို့၏တောင်းဆိုချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိတော့သည့် ကမ္ဘာဂြိုဟ်၊ ဖျားနာနေသောကမ္ဘာဂြိုဟ်၏ ရောဂါပြလက္ခဏာများပင်တည်း။
ကျွန်ုပ်တို့ရှင်သန်တည်မြဲရေးအတွက် ကျွန်ုပ်တို့ရှူသောလေ၊ ကျွန်ုပ်တို့စားသောအစာနှင့် ကျွန်ုပ်တို့သောက်သောရေတို့ထက် ပို၍အရေးကြီးသောအရာဟူ၍ ကမ္ဘာပေါ်တွင်မရှိပါ။ သို့သော် အသက်ရှင်ရေးအတွက် မရှိမဖြစ်သောဤအရာများကို လူတို့ကိုယ်တိုင်က ညစ်ညမ်းအောင်လုပ်နေသည်၊ သို့မဟုတ် တစ်တိတိလျော့ပါးအောင်လုပ်နေကြသည်။ အချို့တိုင်းပြည်များ၌ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်လျက်ရှိသည်။ ဆိုဗီယက်သမ္မတဟောင်း မီခေးလ် ဂေါ်ဗာချက် ထုတ်ဖော်ပြောကြားခဲ့သည့်အတိုင်း “ဂေဟဗေဒပြဿနာသည် ကျွန်ုပ်တို့၏ရှင်သန်ရေးကို အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိသည်။”
ဤခြိမ်းခြောက်မှုကို ပေါ့ပေါ့တန်တန် သဘောထား၍မရပေ။ ကမ္ဘာ့လူဦးရေ မှန်မှန်တိုးပွားလျက်ရှိသည့်နည်းတူ အကန့်အသတ်ရှိသောသဘာဝသယံဇာတ လိုအပ်ချက်မှာလည်း များပြားလာသည်။ “ကျွန်ုပ်တို့၏အနာဂတ်ကို ကြီးမားစွာခြိမ်းခြောက်နေသည့်အန္တရာယ်မှာ စစ်ရေးကျူးကျော်တိုက်ခိုက်မှုမဟုတ်ဘဲ ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဖြစ်” ကြောင်း ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ လက်စ်တာ ဘရောင်းက များမကြာမီက ထုတ်ဖော်ပြောကြားခဲ့သည်။ အဖြစ်ဆိုးကိုလွဲဖယ်ပစ်ရန် လုပ်စရာရှိသည်များကို ပြည့်ပြည့်စုံစုံလုပ်ထားပြီလော။
ကမ္ဘာဂြိုဟ်ကိုကယ်တင်ရန် ကြိုးပမ်းအားထုတ်မှု
မိမိ၌ အသောက်အစားပြဿနာမရှိဟု ယုံကြည်ထားသည့်အရက်သမားတစ်ဦးကို အကူအညီပေးရန်မလွယ်ကူပေ။ ထိုနည်းတူ ကမ္ဘာဂြိုဟ်၏ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ရမည့်ပထမခြေလှမ်းမှာ ရောဂါအခြေအနေ၏အတိုင်းအတာကို အသိအမှတ်ပြုလက်ခံခြင်းဖြစ်သည်။ မကြာမီနှစ်များအတွင်း ပတ်ဝန်းကျင်ဆိုင်ရာပညာပေးခြင်းအားဖြင့် ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့ပုံရသည်။ ကမ္ဘာမြေကြီးသည် ညစ်ညမ်း၍လုံးပါးပါးလျက်ရှိကြောင်း၊ တစ်ခုခု အရေးယူလုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ယနေ့လူအများ ကောင်းစွာသိရှိလာကြပြီ။ ယခုအခါ ပတ်ဝန်းကျင်ယိုယွင်းမှုအန္တရာယ်သည် နျူကလီးယားစစ်ပွဲအန္တရာယ်ထက်ပင် ကြီးမားနေသည်။
ကမ္ဘာ့ခေါင်းဆောင်များကလည်း ဤပြဿနာများကို သတိမပြုမိဘဲမရှိပါ။ နိုင်ငံ့ခေါင်းဆောင် ၁၁၈ ဦးခန့်သည် ၁၉၉၂ ခုနှစ် မြေကမ္ဘာထိပ်သီးစည်းဝေးပွဲကို တက်ရောက်ခဲ့ကြသည်။ အဆိုပါစည်းဝေးပွဲ၌ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ယုတ်လျော့လျက်ရှိသည့် သယံဇာတပစ္စည်းများကိုကာကွယ်ရေးအတွက် အရေးယူဆောင်ရွက်မှုအချို့ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံများစွာက ရာသီဥတုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းစာချုပ်၌ မဝေးလှသောအနာဂတ်ကာလအတွင်း ကာဗွန်ဓာတ်ထုတ်လွှတ်မှုကို တန့်သွားစေမည့်ရည်ရွယ်ချက်ပန်းတိုင်ဖြင့် ကာဗွန်ဓာတ်ထုတ်လွှတ်မှုဆိုင်ရာ ပြောင်းလဲမှုများကို အစီရင်ခံတင်ပြနိုင်ရန် အဖွဲ့တစ်ဖွဲ့ထူထောင်ရေးကို သဘောတူညီခဲ့ကြသည်။ သူတို့သည် အပင်နှင့်တိရစ္ဆာန်မျိုးစိတ် အလုံးစုံဖြစ်သော ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲကို အကာအကွယ်ပေးမည့်နည်းလမ်းများကို စဉ်းစားသုံးသပ်ခဲ့ကြသည်။ ၎င်းထိပ်သီးအစည်းအဝေးအနေဖြင့် ကမ္ဘာ့သစ်တောများကို ကာကွယ်ရေးနှင့်ပတ်သက်၍ သဘောတူညီချက်မရရှိခဲ့သော်လည်း စာချုပ်စာတမ်းနှစ်ရပ်ဖြစ်သည့် “ရီယိုကြေညာချက်” နှင့် “အာဂျင်ဒါ ၂၁” တို့ကိုမူရေးဆွဲနိုင်ခဲ့ကြသည်။ ၎င်းစာချုပ်စာတမ်းများ၌ တိုင်းပြည်အသီးသီးတို့အနေဖြင့် “ထောက်ပင့်နိုင်သောဖွံ့ဖြိုးတိုးတက်မှု” ရအောင်ပြုလုပ်နိုင်သည့်လမ်းညွှန်ချက်များ ပါရှိသည်။
ပတ်ဝန်းကျင်ပညာရှင် အယ်လန် ဟန်းမွန့် ထောက်ပြသည့်အတိုင်း “ရီယိုမြို့တွင်ပြုလုပ်ခဲ့ကြသည့် သဘောတူညီချက်အတိုင်း လိုက်နာခြင်းရှိမရှိ၊ လာမည့်လများနှစ်များအတွင်း ဤစာလုံးမည်းကြီးများက လုပ်ဆောင်မှုအသွင်သို့ ပြောင်းလဲခြင်းရှိမရှိဟူသည်မှာ အရေးကြီးသောစမ်းသပ်မှု ဖြစ်လာမည်။”
သို့သော် အလွန်အရေးပါသော တိုးတက်မှုခြေလှမ်းတစ်လှမ်းမှာ ၁၉၈၇ ခုနှစ် မွန်ထရီရယ် ပဏာမသဘောတူညီချက်ပင်ဖြစ်သည်။ လက်မှတ်ရေးထိုးကြသည့်နိုင်ငံများက သတ်မှတ်ထားသည့်ကန့်သတ်ချိန်အတွင်း ကလိုရိုဖလူအိုရိုကာဗွန်များ (chlorofluorocarbons, CFCs) ကိုသုံးစွဲခြင်းမှရပ်စဲရန် သဘောတူညီကြသည်။a ကလိုရိုဖလူအိုရိုကာဗွန်များအတွက် အဘယ်ကြောင့် စိုးရိမ်သောကပွားရသနည်း။ ကလိုရိုဖလူအိုရိုကာဗွန်များသည် ကမ္ဘာကိုအကာအကွယ်ပေးသည့် အိုဇုန်းလွှာကို လျင်မြန်စွာပါးလွှာစေသည်ဟု ဆိုကြသောကြောင့်ဖြစ်သည်။ ကမ္ဘာ့လေထုအထက်ပိုင်း၌ရှိသော အိုဇုန်းသည် အရေပြားကင်ဆာနှင့် မျက်စိအတွင်းတိမ်ဖြစ်စေနိုင်သည့် နေမှလာသောခရမ်းလွန်ရောင်ခြည်ကို စစ်ထုတ်ရာ၌ အရေးပါသောကဏ္ဍမှပါဝင်သည်။ ဤပြဿနာမှာ ဩစတြေးလျတိုက်၌သာတွေ့ရသော ပြဿနာမဟုတ်ပါ။ ကမ္ဘာ့မြောက်ခြမ်းရှိ သမပိုင်းဒေသအချို့၏ အထက်လေထုအတွင်း၌ ဆောင်းရာသီတွင် အိုဇုန်းစုစည်းမှု ၈-ရာခိုင်နှုန်းကျဆင်းသွားကြောင်း သိပ္ပံပညာရှင်များက များမကြာမီက သတိပြုမိကြသည်။ စထရက်တိုစဖီးယားခေါ် လေထုအထက်ပိုင်းသို့ ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်များ တန်ချိန်သန်းနှစ်ဆယ် ရောက်ရှိနှင့်ပြီးဖြစ်သည်။
ဘေးဒုက္ခကြီးစွာ ကျရောက်စေနိုင်သော ကမ္ဘာ့လေထုညစ်ညမ်းမှုနှင့် ပက်ပင်းတိုးလာသည့်အခါ ကမ္ဘာ့နိုင်ငံများက သဘောထားကွဲပြားမှုကိုဘေးဖယ်၍ တိကျပြတ်သားသည့်လုပ်ဆောင်မှုများ လုပ်ဆောင်လာကြသည်။ အန္တရာယ်ကြုံနေသည့် သက်ရှိမျိုးစိတ်များကိုကာကွယ်ရန်၊ အန္တာတိကတိုက်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အဆိပ်ဖြစ်စွန့်ပစ္စည်းများကို တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းကိုထိန်းချုပ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများလည်း ပေါ်ထွက်လာသည်။
နိုင်ငံများစွာက ၎င်းတို့၏ ညစ်ညမ်းသောမြစ်ချောင်းများကို သန့်ရှင်းရေးပြုလုပ်လာကြသည် (အင်္ဂလန်နိုင်ငံ၏ သိမ်းမြစ်ထဲသို့ ဆာမန်ငါးများ ယခုပြန်လည်ရောက်ရှိလာသည်)၊ လေထုညစ်ညမ်းမှုကို ထိန်းချုပ်လာကြသည် (အဆိုးဆုံး မီးခိုးမြူဆိုင်းလျက်ရှိသည့် အမေရိကန်ပြည်ထောင်စုမြို့ကြီးများ၌ လေထုညစ်ညမ်းမှု ၁၀ ရာခိုင်နှုန်းကျဆင်းသွားသည်)၊ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော စွမ်းအင်အရင်းအမြစ်များကို ထုတ်ယူသုံးစွဲလာကြသည် (အိုင်စလန်နိုင်ငံရှိအိမ်ခြေ ၈၀ ရာခိုင်နှုန်းသည် ဘူမိအပူစွမ်းအင်ဖြင့် အပူဓာတ်ပေးကြသည်)၊ သဘာဝအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်လာသည် (ကော်စတာရီကာနှင့် နမီးဘီးယားနိုင်ငံတို့သည် နိုင်ငံ့ဧရိယာစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းကို အမျိုးသားဥယျာဉ်ကြီးများအဖြစ် ပြောင်းလဲခဲ့ကြသည်)။
အပြုသဘောဆောင်သော ဤလက္ခဏာများက လူသားတို့သည် အန္တရာယ်ကို အလေးအနက်သဘောထားကြောင်း သက်သေထူပါသလော။ ကမ္ဘာဂြိုဟ် ပကတိအတိုင်း ပြန်လည်ကျန်းမာလာရေးသည် အချိန်ကအဆုံးအဖြတ်ပေးမည့်ကိစ္စမျှသာ ဖြစ်သလော။ ဤမေးခွန်းတို့၏အဖြေကို နောက်ဆောင်းပါးတွင် ရှာဖွေတင်ပြပါမည်။
[အောက်ခြေမှတ်ချက်]
a ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်များကို ဖျန်းဘူး၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ သန့်ရှင်းရေးပစ္စည်းနှင် ရေမြှုပ်တားကာပစ္စည်းများထုတ်လုပ်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။ ၁၉၉၆ ခုနှစ်၊ ဇူလိုင်–စက်တင်ဘာလထုတ် နိုးလော့! မှ “ကမ္ဘာ့လေထု ဖျက်ဆီးခံရသည့်အခါ” ဆောင်းပါးကိုရှု။