တည်မြဲသောငြိမ်းချမ်းရေး မည်သူပေးနိုင်မည်နည်း
“သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”
အထက်ပါကျမ်းချက်သည် ယုဒသန်ဘာသာပြန်ကျမ်း ဟေရှာယအခန်းကြီး ၂၊ အခန်းငယ် ၄ မှဖြစ်သည်။ ယူအဲန်ဖွံ့ ဖြိုးမှုအစီအစဉ် (UNDP) မှထုတ်ဝေသည့် လူသားဖွံ့ ဖြိုးမှုမှတ်တမ်း ၁၉၉၄ တွင်ဤစကားများကို ကိုးကားထား၍ ဤသို့ဆက်တင်ပြသည်– “စစ်အေးတိုက်ပွဲငြိမ်းသည့် [၁၉၉၀ ပြည့်နှစ်တွင်] ဤပရောဖက်ပြုချက်ပြည့်စုံချိန်တိုင်ပြီဟု အထင်ရှိခဲ့ကြသည်။ သို့သော် ယင်းမျှော်လင့်ချက်သည် ယခုထိတိမ်းရှောင်နေဆဲပင်။”
စစ်ရေးစစ်ရာကို တဖြည်းဖြည်းလျှော့ချခြင်း
ငြိမ်းချမ်းရေးရဖို့မျှော်လင့်ချက်နည်းစေသည့်အကြောင်းတစ်ခုမှာ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအခြေအနေပြောင်းလဲမှုသည် စစ်စရိတ်ကို အကြီးအကျယ်လျှော့ချခြင်းနှင့် မညီမျှခြင်းကြောင့်ဖြစ်သည်။ လျှော့ချမှုအနည်းအကျဉ်းရှိခဲ့ပြီမှန်သည်။ ယူအဲန်ကိန်းဂဏန်းများအရ ကမ္ဘာချီစစ်စရိတ်ကုန်ကျမှုသည် ၁၉၈၇ ခုနှစ်၌ တစ်ခါနှင့်မျှမတူအများဆုံးဖြစ်ခဲ့သည့် ဒေါ်လာ ၉၉၅ သန်းမှ ၁၉၉၂ ခုနှစ်တွင် ဒေါ်လာ ၈၁၅ သန်းသို့လျော့သွားပါသည်။ သို့တိုင် ဒေါ်လာ ၈၁၅ သန်းသည် အလွန်များ၏။ ခန့်မှန်းကြည့်လျှင် ယင်းသည် ကမ္ဘာ့လူဦးရေထက်ဝက်၏ စုပေါင်းဝင်ငွေနှင့်ညီမျှနေသည်တကား!
လက်နက်ဖျက်သိမ်းရေးကိုတားဆီးသည့် အခြားအကြောင်းတစ်ခုမှာ စစ်အင်အားသည် လုံခြုံမှုရှိစေသည်ဟူသောယူဆချက်ဖြစ်သည်။ သို့ ဖြစ်၍ စစ်အေးတိုက်ပွဲငြိမ်းပြီဖြစ်သော်လည်း အမျိုးသားလုံခြုံရေးစရိတ်သည် ဆက်လက်မြင့်မားသင့်သည်ဟု စက်မှုနိုင်ငံများမှလူအများက ဆင်ခြေပေးကြသည်။ ဂျိမ်းစ်ဝိလ်စီသည် ယူအက်စ်ဗဟိုထောက်လှမ်းရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်စဉ် ၁၉၉၃ ဖေဖော်ဝါရီက ကွန်ဂရက်ကို ဤသို့ပြောဆိုခဲ့သည်– “နဂါးကြီးတစ်ကောင် [ယူအက်စ်အက်စ်အာရ်] ကိုတော့ ကျုပ်တို့သတ်ပစ်ခဲ့ပြီ၊ ဒါပေမဲ့ မြွေဆိုးများတဲ့တောရိုင်းထဲမှာ အသက်ရှင်နေကြရတယ်။”
ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် စစ်စရိတ်ကုန်ကျမှုနှုန်း မြင့်မားရခြင်းသည် နဂါးများ၊ မြွေဆိုးများဖြစ်လာနိုင်သည့် နိုင်ငံများ၏ရန်ကို တားဆီးဖို့အသင့်ရှိနေရန်အတွက်ဟု ဆင်ခြေပေးကြသည်။ . . . အမှန်မှာ “ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် လူမှုရေးဥပေက္ခာပြုမှု (အာဟာရချို့တဲ့မှုနှင့် တားဆီးနိုင်သောရောဂါများ) ကြောင့်သေဆုံးနိုင်ခြင်းသည် ပြင်ပရန်စမှုမှဖြစ်ပွားသောစစ်တွင် သေဆုံးနိုင်ခြင်းထက် ၃၃ ဆပိုများပါသည်။ . . .” ဟု UNDP မှတ်တမ်းကရှင်းပြသည်။
အပြည်ပြည်ဆိုင်ရာလက်နက်ကုန်သွယ်မှု
စစ်အေးတိုက်ပွဲအတွင်း အင်အားကြီးနိုင်ငံနှစ်ခုက မဟာမိတ်နိုင်ငံများနှင့်အနှောင်အဖွဲ့ ခိုင်ခံ့မြဲမြံစေရန်၊ စစ်အခြေစိုက်စခန်းများရရှိရန်နှင့် အာဏာဆက်တည်မြဲရန် လက်နက်များရောင်းချခဲ့ကြသည်။ တိုင်းနိုင်ငံများစွာ၏စစ်တပ်များသည် အင်အားကြီးမားလာသည်။ ဥပမာ၊ ယခု ၃၃ နိုင်ငံသည် သံချပ်ကား ၁,၀၀၀ မကအသီးသီးရှိကြသည်။
ယခုစစ်အေးတိုက်ပွဲငြိမ်းပြီဖြစ်ရာ လက်နက်ကုန်သွယ်ရန် နိုင်ငံရေးနှင့် စစ်ဗျူဟာကိုဗန်းပြပြီးဆင်ခြေပေးဖို့အကြောင်း လျော့နည်းသွားပေပြီ။ သို့တိုင် စီးပွားရေးအကြောင်းပြချက်များ ရှိမြဲရှိနေသည်။ ဝင်ငွေရှိရန်လိုအပ်နေသည်! ထို့ကြောင့် ပြည်တွင်းလက်နက်ဝယ်လိုအား ကျဆင်းသွားသော်လည်း လက်နက်ထုတ်လုပ်သူများက လူတို့သည် အလုပ်လက်မဲ့မဖြစ်ဖို့နှင့် စီးပွားရေးကောင်းနေဖို့ နိုင်ငံခြားသို့လက်နက်ရောင်းချရန် မိမိတို့၏အစိုးရများကို တိုက်တွန်းကြပါသည်။
ကမ္ဘာ့စောင့်ကြည့်ရေး မဂ္ဂဇင်းက ဤသို့ဆိုသည်– “ယုတ္တိမဲ့စွာဖြင့်၊ အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏နျူကလီးယားဒုံးကျည်များကိုပယ်ဖျက်နေစဉ် ဝယ်လိုသူ မည်သူမဆိုအား သူတို့၏သမားရိုးကျလက်နက်များကို ပိုမိုရောင်းချပေးနိုင်ရန် အရေးတကြီးနှင့် နည်းအမျိုးမျိုးဖြင့် ရှာဖွေနေကြသည်။” ကိန်းဂဏန်းများကား အသို့နည်း။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနတက္ကသိုလ်၏အဆိုအရ ၁၉၈၈ မှ ၁၉၉၂ အတွင်း အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ရောင်းချခဲ့သော သမားရိုးကျလက်နက်များ၏တန်ဖိုးသည် ဒေါ်လာသန်းထောင်ပေါင်း ၁၅၁ သန်းဖြစ်သည်။ နိုင်ငံခြားသို့ အများဆုံးကုန်တင်ပို့သူမှာ အမေရိကန်နိုင်ငံဖြစ်၍ ၎င်းနောက်တွင် ယခင်ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများ ဖြစ်ကြပါသည်။
နျူကလီးယားခြိမ်းခြောက်မှု ဆက်တည်ရှိနေ
နျူကလီးယားခြိမ်းခြောက်မှုကော အသို့နည်း။ အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စု (သို့မဟုတ် ယင်းကိုဆက်ခံသည့်ပြည်နယ်များ) က ၁၉၈၇ ခုနှစ်၌ တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့များစာချုပ်နှင့် စတာ့ ခေါ် မဟာဗျူဟာလက်နက်များဖျက်သိမ်းရေးစာချုပ်နှစ်ခုကို ၁၉၉၁ နှင့် ၁၉၉၃ ၌ချုပ်ဆိုခဲ့ကြသည်။
စတာ့စာချုပ်များသည် စစ်ထိပ်ဖူးတစ်ခုထက်မကရှိ ကုန်းမြေအခြေစိုက်ဒုံးကျည်များကိုပိတ်ပင်ထားပြီး ၂၀၀၃ ခုနှစ်တိုင်သော် နျူကလီးယားစစ်ထိပ်ဖူးပါကိရိယာ လေးပုံသုံးပုံနီးပါးကို ဖျက်သိမ်းပြီးသားဖြစ်ရမည်ဟူ၍ဖြစ်သည်။ ယခု နျူကလီးယား တတိယကမ္ဘာစစ်ဖြစ်မည်ကို စိုးရိမ်မှုမရှိတော့သော်လည်း သက်ရှိအပေါင်းကို အကြိမ်ကြိမ်ဖျက်ဆီးနိုင်သည့် နျူကလီးယားလက်နက်သိုလှောင်ရုံများစွာ ကျန်ရှိနေသေးသည်။
ဤလက်နက်များကို တစ်စစီဖြုတ်ဖျက်ခြင်းက နျူကလီးယားခိုးဝှက်မှုကိုဖြစ်ပေါ်စေသည်။ ဥပမာ၊ ရုရှားနိုင်ငံသည် နှစ်စဉ်စစ်ထိပ်ဖူး ၂,၀၀၀ ကိုဖြုတ်နေ၍ ယင်းတို့မှ ကျင်းများခေါ် လက်သီးဆုပ်အရွယ်ရှိ ပလူတိုနီယမ်စက်လုံးများကို သိုလှောင်စုဆောင်းနိုင်ခဲ့ပြီ။ အကုန်အကျများပြီး စက်မှုပညာလိုအပ်သော စစ်ထိပ်ဖူးကျင်းတစ်ခုသည် နျူကလီးယားဗုံးတစ်လုံး၏ အဓိကပါဝင်ပစ္စည်းဖြစ်သည်။ ဤကျင်းများသည် ရေဒီယိုသတ္တိကြွခြင်းကိုတားဆီးသည့် သံမဏိလွှာအတွင်းငုံထားလေ့ရှိရာ ယင်းကိုခိုးလိုသူသည် အိတ်ထဲထည့် သယ်ယူသွားနိုင်ပါသည်။ ထို့နောက် အသင့်တပ်ဆင်ပြီးသောကျင်းတစ်ခုရရှိထားသူ အကြမ်းဖက်သမားတစ်ဦးသည် အင်အားပြင်းထန်သောဗုံးတစ်လုံးကိုပြန်ဖန်တီးပြီး ယင်းကိုဖောက်ခွဲလိုက်နိုင်သည်။
အခြားစိုးရိမ်မှုတစ်ခုမှာ နိုင်ငံအသီးသီးသို့ နျူကလီးယားလက်နက်များ နှံ့ပြားသွားခြင်းပင်ဖြစ်သည်။ နျူကလီးယားအင်အားရှိနိုင်ငံများအဖြစ် တရုတ်၊ ပြင်သစ်၊ ရုရှား၊ အင်္ဂလန်နှင့် အမေရိကန် အစရှိသည့်ငါးနိုင်ငံကို အသိအမှတ်ပြုထား၍ အခြားနိုင်ငံအသီးသီးတို့သည်လည်း နျူကလီးယားလက်နက်များကို အလျင်အမြန်ဖြန့်ချိနိုင်သည်ဟု ယူမှတ်ထားကြသည်။
နျူကလီးယားလက်နက်ရှိနိုင်ငံများ တိုးများလာသည်နှင့်အမျှ ၎င်းတို့ကိုအသုံးချမည့်သူ ပေါ်လာနိုင်စရာအကြောင်း ပိုများလာပါသည်။ ဤထိတ်လန့်စရာကောင်းသောလက်နက်များကို အသုံးပြုလိမ့်မည်ဟု လူတို့စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာပင်။ အသွင်ပြောင်းစေသည့်စစ်မက် စာအုပ်ကဆိုသည့်အတိုင်းပင် “၎င်းတို့၏အင်အားသည် ကြီးမားလွန်းသဖြင့် ယင်းတို့သည် သမားရိုးကျလက်နက်များကို ကလေးကစားစရာမျှဖြစ်စေသည်။”
လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေး
သို့သော် နိုင်ငံအသီးသီးတို့သည် ဖျက်ဆီးနိုင်စွမ်းရှိ မိမိတို့၏လက်နက်အဆန်းများကို စွန့်ပစ်ဖျက်ဆီးခဲ့မည်ဆိုလျှင်ကော။ ငြိမ်းချမ်းသောကမ္ဘာ ကျိန်းသေရှိလာစေမည်လော။ လုံးဝမကျိန်းသေပါ။ စစ်မှုသမိုင်းဆရာ ဂျောန်ကီဂန်က “၁၉၄၅၊ ဩဂုတ် ၉ ရက်ကတည်းက နျူကလီးယားလက်နက်များသည် မည်သူ့ကိုမျှ မသေစေခဲ့ပါ။ ထိုရက်စွဲနောက်ပိုင်း စစ်တွင်သေကျေပျက်စီးခဲ့သူ ၅၀,၀၀၀,၀၀၀ တို့သည် များသောအားဖြင့် ထရန်စစ်စတာရေဒီယိုများနှင့် ဓာတ်ခဲများလောက်သာတန်ဖိုးရှိသည့် အကုန်အကျနည်းနည်းနှင့်ဒုနှင့်ဒေးထုတ်လုပ်ကာ တစ်ပြိုင်တည်းတွင် ကမ္ဘာတစ်ဝန်းပျံ့နှံ့နေသော လက်နက်အသေးစားတို့ ဖြင့်ဖြစ်သည်” ဟုဆိုသည်။
စက်မှုပညာအနည်းငယ်နှင့် ထုတ်လုပ်ထားသောလက်နက်များကို အသုံးပြုခြင်းဆိုင်ရာ မကြာသေးမီကဥပမာတစ်ခုမှာ ရဝမ်ဒါတွင်ဖြစ်ပျက်ခဲ့သောသတ်ဖြတ်မှုဖြစ်၍ ယင်းနှင့်ပတ်သက်၍ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း (၁၉၉၄) ကဤသို့ဆိုသည်– “လူဦးရေအများစုမှာ ရိုမန်ကက်သလစ်ဖြစ်သည်။ . . . ရိုမန်ကက်သလစ်နှင့် အခြားခရစ်ယာန်အသင်းများသည် မူလတန်းနှင့် အထက်တန်းကျောင်းများကို ဖွင့်ထားကြသည်။” သို့တိုင် သန်းဝက်မျှသောလူများသည် ဓားဖြင့်အသတ်ခံခဲ့ကြရသည်။ ဤတွင်ရှင်းနေသည်ကား ကမ္ဘာ့ငြိမ်းချမ်းရေးရှိရန် သမားရိုးကျနှင့် နျူကလီးယားလက်နက်များ လျှော့လိုက်ခြင်းထက်မကလိုအပ်ပါသည်။ ထို့ ပြင် ကမ္ဘာ့ဘာသာတရားတို့၏သွန်သင်ချက်အပြင် အခြားသွန်သင်ချက်များလိုအပ်သည်။
လူမျိုးစုပြိုင်ဆိုင်မှုများ တိုးပွားနေ
ယူအဲန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး စဒကိုအိုဂတာက မကြာသေးခင်က ဤသို့ဆိုသည်– “စစ်အေးတိုက်ပွဲပြီးသည်နှင့် ရှိရှိသမျှပြဿနာအားလုံး ဖြေရှင်းသွားမည်ဟု ကျွန်ုပ်တို့ယူမှတ်ခဲ့ကြသည်။ စစ်အေးတိုက်ပွဲတွင် အခြားရှုထောင့်တစ်ခု—အင်အားကြီးနိုင်ငံများသည် ယင်းတို့ သြဇာလွှမ်းမိုးသောဇုန်အသီးသီးတွင် ငြိမ်စေကြောင်း သို့မဟုတ် ငြိမ်ရန်ကြပ်မတ်ပေးကြောင်း—ကိုသတိမပြုမိကြပါ။ . . . ထို့ကြောင့် ယခုစစ်အေးတိုက်ပွဲပြီးနောက်တွင် ပထမကမ္ဘာစစ်မတိုင်မီက ရှိထားနှင့်ပုံရှိသော သာ၍ထုံးတမ်းစဉ်လာကျသည့် မြုံငုပ်နေသောလူမျိုးစုပဋိပက္ခအမျိုးမျိုး ပေါက်ကွဲပျံ့နှံ့လာခြင်းကို ကျွန်ုပ်တို့တွေ့ မြင်နေကြရသည်။”
ပျူလဇ္ဇာဆုဆွတ်ခူးသူ သမိုင်းနှင့်စာရေးဆရာ အာသာစကလီစင်ဂါက ထပ်တူသဘောမျိုးတင်ပြခဲ့သည်– “မုန်းတီးမှုတစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာသည်။ အရှေ့ဥရောပနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် အယူအဆများကိုဖိနှိပ်ချုပ်ကိုင်ထားခြင်း လွှတ်သည်နှင့် ရှေးအခါသမယကတည်းက စိတ်ထဲစွဲမှတ်ထားကြသော လူမျိုးစုအရေး၊ အမျိုးသားရေး၊ ဘာသာရေးနှင့် ဘာသာစကားရေး အမုန်းပွားမှုများ ပေါက်ကွဲလေတော့သည်။ . . . ၂၀ ရာစုသည် အယူအဆတိုက်ပွဲရာစုဖြစ်ခဲ့မည်ဆိုလျှင် ၂၁ ရာစုသည် လူမျိုးစုရေးတိုက်ပွဲရာစုအဖြစ် စတင်လေပြီ။”
ယူအဲန်စာရင်းအင်းအရ ၁၉၈၉ နှင့် ၁၉၉၂ အတွင်း လက်နက်ကိုင်တိုက်ပွဲ ၈၂ ခုဖြစ်ခဲ့၍ ယင်းတို့သည် များသောအားဖြင့် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင်ဖြစ်ပျက်ခဲ့ပြီ။ ၁၉၉၃ ခုနှစ်အတွင်း ၄၂ နိုင်ငံတွင် အဓိကရုဏ်းများဖြစ်ပျက်ခဲ့ပြီး အခြား ၃၇ နိုင်ငံတွင်နိုင်ငံရေးအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။ တစ်ကြိမ်တည်းတွင် ဘတ်ဂျက်ငွေကုန်ခန်းလုမတတ်ဖြစ်နေသော ယူအဲန်သည် စစ်ဆင်ရေး ၁၇ ခုတွင်သာငြိမ်သက်မှုရှိရန် ကြိုးစားအားထုတ်ခဲ့သော်လည်း အောင်မြင်မှုများစွာမရရှိခဲ့ပါ။ လူသားသည် ငြိမ်းချမ်းသောကမ္ဘာရရှိရေးအတွက် အခြားတစ်နေရာကို မျှော်ကိုးရန်လိုကြောင်းထင်ရှားနေပါသည်။
ထွက်ပေါ်လာသော ပြဿနာများ
များစွာသောသူတို့သည် အနာဂတ်အပေါ် အပြုသဘောအမြင်မရှိကြတော့ဘဲ စိုးရိမ်စိတ်တိုးများလာနေကြပြီ။ ၁၉၉၄ ဖေဖော်ဝါရီ အတ္တလန်တိတ်လစဉ်ထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် လာမည့်ဆယ်စုနှစ်များအတွက် ဟောကိန်းကို ဤသို့အကျဉ်းချုပ်ဖော်ပြထားသည်– “တိုင်းနိုင်ငံများသည် ပတ်ဝန်းကျင်နှင့် လူမှုရေးဘေးဒဏ်သင့်သောဒေသတို့မှ ဒီရေပမာဝင်လာသည့် ဒုက္ခသည်များကြောင့် ပြိုကွဲနေပြီ။ . . . အထူးသဖြင့် ရေ အစရှိသည့် ရှားပါးပစ္စည်းများအတွက် စစ်တိုက်ကြပြီး နိုင်ငံမဲ့လက်နက်ကိုင်လုယက်သမားများက အထက်တန်းစားတို့၏ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်ကြရာ စစ်မှုမှတစ်ဆင့်ရာဇဝတ်မှု ဆက်ဖြစ်သွားလေတော့သည်။”
ယင်းကြောင့် တည်မြဲသောငြိမ်းချမ်းရေးမရှိနိုင်ဟုဆိုလိုခြင်းလော။ လုံးဝမဟုတ်ပါ! အနာဂတ်ကို အဘယ်ကြောင့်စိတ်ချလက်ချ မျှော်ကိုးနိုင်ကြောင်း နောက်ဆက်တွဲဆောင်းပါးက တင်ပြပါသည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ဘာသာတရား—ငြိမ်းချမ်းရေးအတွက် တွန်းအားလော
တိုင်းနိုင်ငံများစစ်ဖြစ်သည့်အခါ ကမ္ဘာ့ဘာသာတရားများသည် ငြိမ်သက်မှုနှင့် ညီအစ်ကိုချင်းစိတ်ထားဆိုင်ရာသွန်သင်ချက်များကို စွန့်လွှတ်ကြသည်။ ပထမကမ္ဘာစစ်အတွင်းအခြေအနေနှင့်ပတ်သက်၍ ဗြိတိသျှဗိုလ်မှူးချုပ်ဖရန့်ခ် ပီ. ခရိုဇာက ဤသို့ဆိုသည်– “ကျွန်ုပ်တို့တွင် သွေးချောင်းစီးမှုကို အဓိကအားပေးသူ ခရစ်ယာန်ချာ့ချ်များရှိထားရာ ယင်းတို့ကိုလည်း ကျွန်ုပ်တို့များစွာအသုံးပြုခဲ့ကြပြီ။”
စစ်မှုတွင် ဘာသာရေး၏ကဏ္ဍသည် နှစ်ရာစုများတစ်လျှောက် တစ်ပုံစံတည်းပင်ဖြစ်ခဲ့ပြီ။ ကက်သလစ်သမိုင်းဆရာ အီး. အိုင်. ဝါတ်ကင်က ဤသို့အသိအမှတ်ပြုသည်– “ဝန်ခံရခက်မည်ဖြစ်သော်လည်း ဘုန်းတော်ကြီးများသည် မိမိတို့၏နိုင်ငံတော်အစိုးရ ဆင်နွှဲသောစစ်ပွဲအားလုံးတို့ကိုပင် အခါတိုင်း ထောက်ခံအားပေးသည့်သမိုင်းဖြစ်ရပ်မှန်ကို မှားယွင်းစွာသွန်သင်ပေးမှု သို့မဟုတ် မရိုးမသားစွာသစ္စာထားမှုကို ငြင်းဆို၊ ဥပေက္ခာပြု၍ မရနိုင်ပါ။” ကနေဒါ၊ ဗင်ကူဘာ၏ဆန်း သတင်းစာအယ်ဒီတာ့အာဘော်က ဤသို့ဖော်ပြသည်– “ဘာသာတရားအဖွဲ့ . . . ၏အားနည်းချက်မှာ အလံနောက်လိုက်ပါခြင်းဖြစ်ပေမည်။ . . . မိမိဘက်တွင် ဘုရားရှိသည်ဟုမဆိုခဲ့သော အဘယ်စစ်ရှိခဲ့ပြီနည်း။”
ကမ္ဘာ့ဘာသာတရားများသည် ငြိမ်းချမ်းရေးအတွက် တွန်းအားဖြစ်မည့်အစား—ရဝမ်ဒါနိုင်ငံတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက အခိုင်အမာဖော်ပြသည့်အတိုင်း—စစ်မှုနှင့်သတ်ဖြတ်မှုကို အားပေးခဲ့ကြောင်း ရှင်းနေပါသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အချည်းနှီးသက်သက်သာဖြစ်သောစစ်မှု
၁၉၃၆ ကထုတ်ဝေခဲ့သော ကျွန်ုပ်ငြိမ်သက်မှုမတွေ့ စာအုပ်တွင် နိုင်ငံခြားသတင်းဆောင်းပါးရှင် ဝက်ဘ်မီလာက ဤသို့ရေးသားခဲ့သည်– “[ပထမကမ္ဘာစစ်] ပြီးနောက် ရှစ်နှစ်တိတိကြာသည့်အထိ ယင်း၏ထိတ်လန့်ဖွယ်ကပ်ဆိုး၊ ယင်း၏အယုတ်တမာဖြစ်မှုနှင့် အချည်းနှီးသက်သက်ဖြစ်မှုကို ကျွန်တော်သတိမထားမိခဲ့ခြင်းသည် အလွန်အံ့သြစရာပင်။” ထိုအချိန်အခါတွင် သူသည် လူပေါင်း ၁,၀၅၀,၀၀၀ အသက်စတေးခဲ့သည်ဟုဆိုသော ဗာဒွန်စစ်မြေပြင်သို့ ပြန်လည်ပတ်သွားခဲ့သည်။
“ကျွန်တော်သည် အခြားသန်းပေါင်းများစွာတို့နှင့်အတူ စစ်အတွင်း ယုံမှားလွန်ခဲ့သည်။ ကမ္ဘာ့စစ်က စစ်ပွဲအသစ်များကိုသာ ထပ်မံဖြစ်ပွားစေသည်။ လူပေါင်းရှစ်သန်းခွဲတို့သည် အချည်းနှီးသက်သက် အသက်စတေးခဲ့ကြရ၏၊ ကုဋေပေါင်းများစွာတို့မူ မဖော်ပြနိုင်လောက်အောင်ပင် ဆိုးရွားမှုများကို ခံစားခဲ့ကြရ၏၊ သန်းပေါင်းထောင်သောင်းမကမှာမူ ဝမ်းနည်းမှု၊ ချို့ငဲ့မှုနှင့် စိတ်ဆင်းရဲမှုအမျိုးမျိုးကို ကြုံတွေ့ ခဲ့ကြရသည်။ ယင်းတို့အားလုံးသည် အလွန့်အလွန်ယုံမှားခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်” ဟုမီလာရေးသား၏။
ဤစာအုပ်ထွက်လာပြီး သုံးနှစ်အကြာတွင် ဒုတိယကမ္ဘာစစ်စဖြစ်လေသည်။ ဝါရှင်တန်ပို့စ် သတင်းစာက ဤသို့ဆိုသည်– “ကျွန်ုပ်တို့၏ ၂၀ ရာစုခေတ်စစ်ပွဲများသည် တိုက်ခိုက်သူများနှင့်အရပ်သားတို့ကိုတိုက်ခိုက်သော ‘စစ်ပွဲများလုံးလုံး’ ဖြစ်ခဲ့ပါပြီ။ . . . နှိုင်းယှဉ်ကြည့်က ယခင်ရာစုနှစ်များ၏ ရက်စက်ကြမ်းကြုတ်သောစစ်ပွဲများသည် လမ်းကျဉ်းလမ်းမြှောင်ရန်ပွဲများမျှဖြစ်သည်။” ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ခန့်မှန်းချက်အရ ၁၉၁၄ ခုနှစ်ကတည်းကဖြစ်ပျက်ခဲ့သော စစ်ပွဲများနှင့် ပြည်တွင်းစစ်များတွင် သေဆုံးခဲ့သူ ၁၉၇ သန်းရှိပေသည်။
သို့တိုင် လူတို့တိုက်ခိုက်ခဲ့သမျှစစ်ပွဲများနှင့် ပြည်တွင်းစစ်များသည် ငြိမ်းချမ်းရေးသော်လည်းကောင်း၊ ပျော်ရွှင်မှုသော်လည်းကောင်း မပေးခဲ့ပါ။ ဝါရှင်တန်ပို့စ် သတင်းစာကဆိုသည့်အတိုင်း “မည်သည့်နိုင်ငံရေး သို့မဟုတ် စီးပွားရေးစနစ်မျှသည် ဤရာစုတွင် ယခုအချိန်အထိ ဂနာမငြိမ်ဖြစ်နေသော လူသန်းပေါင်းများစွာတို့ကို စိတ်ငြိမ်သက်မှုသော်လည်းကောင်း၊ ကျေနပ်မှုသော်လည်းကောင်း မပေးနိုင်သေးပါ။”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဤမိခင်သည် ရဝမ်ဒါတွင်—မိမိဘာသာဝင်များ၏လက်ချက်ဖြင့်—သတ်ဖြတ်ခံရသော ထောင်ပေါင်းများစွာသောသူတို့အနက် တစ်ဦးအပါအဝင်ဖြစ်သည်
[Credit Line]
Albert Facelly/Sipa Press