မက္ကဆီကိုရှိဘေးဒုက္ခများအကြား ခရစ်ယာန်မေတ္တာ
မက္ကဆီကိုစီးတီးသတင်းစာက “လွန်ခဲ့သည့်ရက် ၂၀ အတွင်း သဘာဝဖြစ်ရပ်များ—မုန်တိုင်းနှင့် မြေငလျင်—သည်မက္ကဆီကိုကမ်းရိုးတန်းတစ်လျှောက် အဟုန်ပြင်းစွာလှုပ်ရှားမွှေနှောက်သွားရာ သေကျေပျက်စီးခြင်းဆိုးကျိုးများ ကျန်ရစ်ခဲ့သည်” ဟုသတင်းပေးပို့သည်။—အဲလ် ဖီနန်စီယဲရို၊ အောက်တိုဘာ ၁၇ ရက်၊ ၁၉၉၅။
အောက်တိုဘာလအစောပိုင်းတွင် အိုပယ်မုန်တိုင်းသည် မက္ကဆီကိုရှိ ကမ်ပီချီ၊ ကီန်တာနရူးနှင့် တဘက်စ်ကို ပြည်နယ်များ၌ အကြမ်းပတမ်းတိုက်ခတ်ခဲ့သည်။ လူ ၂၀၀ နီးပါးသေဆုံး၍ ၁၅၀ ကျော်ဒဏ်ရာရရှိကာ ၅၀၀,၀၀၀ သည်ဆုံးရှုံးမှုရင်ဆိုင်ရပြီး တစ်ဝက်တစ်ပျက် သို့မဟုတ် လုံးဝပျက်စီးသွားသောအိမ်များ ထောင်နှင့်ချီရှိခဲ့သည်။
မက္ကဆီကိုရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးမှ ပျက်စီးမှုအကြောင်းကြားလျှင်ကြားချင်း ဘေးသင့်သောဒေသများရှိသက်သေခံများ မည်သို့ဖြစ်ပျက်နေကြောင်း စုံစမ်းရန်တစ်ဦးဦးကိုစေလွှတ်ခဲ့သည်။ သူတို့ထဲမှ ၂,၅၀၀ ကျော်သည် မိမိတို့အိမ်မှမဖြစ်မနေ ထွက်ခွာခဲ့ရကြောင်း ကြားသိရသည်။ သူတို့သည် အခြားသက်သေခံများ၏အိမ်တွင် ကြင်နာစွာလက်ခံခြင်းခံခဲ့ရသည်။
ကယ်ဆယ်ရေးလုပ်ငန်းအခြေစိုက်ဌာနကို ဖွဲ့စည်းခဲ့ကြသည်။ လိုအပ်သူများအတွက် အစားအစာ၊ အဝတ်အစားနှင့် ငွေကြေးတို့ကိုပေးခဲ့ကြသည်။ ရေကျသွားပြီးနောက် သက်သေခံများသည် မိမိတို့ခရစ်ယာန်ညီအစ်ကိုတို့၏အိမ်များကို စတင်၍ပြန်လည်ဆောက်လုပ်ပေးကြသည်။
အောက်တိုဘာ ၉ ရက်တွင် မက္ကဆီကိုရှိ ကိုလီမာနှင့် ဂျလစ္စကိုပြည်နယ်များတွင် ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းထန်သောမြေငလျင်လှုပ်ခဲ့သည်။ ယေဟောဝါသက်သေတို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမ ရှစ်ခု အကြီးအကျယ်ပျက်စီးသွားသည်။ သူတို့၏အိမ်တစ်ဆယ့်နှစ်လုံးပြိုလဲ၍ ၆၅ လုံးပျက်စီးသွားသည်။ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းရပြန်ကာ ထောက်ပံ့မှုပေးခဲ့ကြသည်။
ထို့နောက် အောက်တိုဘာ ၂၀ ရက်၌ ချီအာပါ့စ်ပြည်နယ်တွင် နောက်ထပ်မြေငလျင်တစ်ခုလှုပ်သွားပြန်သည်။ သက်သေခံများ၏အိမ်စုစုပေါင်း ၈၈ လုံးထိခိုက်ပျက်စီးသွား၍ ၃၈ လုံးမှာ အကြီးအကျယ်ပျက်စီးသွားသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမနှစ်ခု လုံးဝပျက်စီးသွား၍ အခြားလေးခုမှာမူ ဆိုးဆိုးရွားရွားပျက်စီးသွားသည်။ တစ်ချိန်တည်းလိုလို၌ပင် ရော့ခ်ဇန်းမုန်တိုင်းကြောင့်ဖြစ်သောရေကြီးခြင်းသည် ဗဲရာခရူးဇ်နယ်၌ သက်သေခံ ၈၀ တို့၏အိမ်များကို ဖျက်ဆီးခဲ့သည်။ အိမ်လေးလုံးသည် လုံးဝပျက်စီးသွားသည်။ ယေဟောဝါသက်သေများမတည်ထားကြသည့် ကယ်ဆယ်ရေးရန်ပုံငွေဖြင့်လည်း ထိုကပ်သင့်သူများကို ပေးကမ်းကူညီခဲ့ကြသည်။
အချို့သောသက်သေခံများ ဒဏ်ရာရခြင်းနှင့်အရိုးကျိုးခြင်း ဖြစ်ခဲ့ကြသော်လည်း ထိုသဘာဝဘေးဒဏ်များကြောင့် သေဆုံးသူတစ်ဦးမျှမရှိခဲ့ချေ။ လိုအပ်သောသူများထံ စုစုပေါင်း အစားအသောက် ၂၄ တန်နှင့် အဝတ်အစား ၄ တန်ခန့်ပေးပို့ခဲ့ကြသည်။ တွေ့ မြင်သူများစွာက ထိုကယ်ဆယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ချီးကျူးစကားများပြောဆိုခဲ့ကြသည်။ ကိုလီမာရှိအမျိုးသမီးတစ်ဦးက “ယေဟောဝါသက်သေတွေဟာ အရမ်းစည်းလုံးကြတယ်ဆိုတာ ကျွန်မကြားပဲကြားဖူးတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်မကိုယ်တိုင်မြင်တွေ့ရပြီ” ဟူ၍ပြောခဲ့သည်။
သက်သေခံများနှင့် သူတို့၏ကယ်ဆယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လူတို့မကြာခဏ မှတ်ချက်ချကြသည်– “သူတို့ဟာ တကယ်ပဲညီအစ်ကိုရင်းချာတွေ ဖြစ်ကြတယ်။” “သူတို့ဟာ စနစ်တကျဖွဲ့စည်းစီစဉ်ထားတဲ့အုပ်စု ဖြစ်တယ်။” အချို့ဤသို့ပြောသည်ကိုပင် ကြားခဲ့ရသည်– “ယေဟောဝါသက်သေတွေလိုပဲ တခြားကယ်ဆယ်ရေးအုပ်စုတွေအားလုံး ကူညီဖို့ရောက်လာပြီး လုပ်ဆောင်ကြမယ်ဆိုရင် မြို့တော်တစ်ခုလုံးဟာ သန့်ရှင်းပြီးသားဖြစ်နေမှာပဲ။”
ယခုဆိုလျှင် သက်သေခံ ၄၄၀,၀၀၀ ကျော်သည် သူတို့၏မက္ကဆီကိုလူမျိုးများကြားတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဝေမျှနေကြသည်။ မကြာခင်က ဖြစ်သွားသောသဘာဝဘေးဒဏ်များအတွင်း အချင်းချင်းထင်ရှားပြသသောသူတို့၏မေတ္တာက အလွန်ထိရောက်သောသက်သေခံချက်ဖြစ်ခဲ့သည်။—ယောဟန် ၁၃:၃၄၊ ၃၅။