ခရုပက်ကျိရောဂါအဆုံးတိုင်မည့်အရိပ်အယောင် မြင်ရပြီလော
နိုင်ဂျီးရီးယားမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ဆေးပညာနှင့် သိပ္ပံပညာနယ်ပယ်တွင် အံ့မခန်းတိုးတက်နေသော်လည်း လူသားများသည် ခေတ်ကာလတစ်လျှောက် ပြဿနာများစွာကို ဖြေရှင်းရန်မစွမ်းဆောင်နိုင်ကြချေ။ ယင်းသည် ခရုပက်ကျိရောဂါတိုက်ဖျက်ရန် ကြိုးပမ်းမှုများနှင့်ပတ်သက်၍ မှန်နေပါသည်။
ရောဂါတိုက်ဖျက်ရန်နည်းလမ်းများအားလုံး ရှိပုံရသည်။ ဆရာဝန်များက သက်ဆိုင်ရာကပ်ပါးပိုး၏ဇီဝစက်အကြောင်း သိရှိနားလည်ထားကြသည်။ ထိုရောဂါကို အလွယ်တကူသိရှိနိုင်ပါသည်။ ကုသပေးရန် ထိရောက်သောဆေးဝါးများ ရရှိနိုင်၏။ အစိုးရခေါင်းဆောင်များသည် ယင်းကိုကာကွယ်ဖို့ ပိုမိုကြိုးပမ်းလိုကြသည်။ သို့တိုင် အာဖရိက၊ အာရှ၊ ကာရေးဘီးယန်း၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိကတို့ရှိ လူသန်းပေါင်းများစွာအပေါ်ကပ်ဆိုက်နေသော ဤရောဂါ၏အဆုံးကို မမြင်ရသေးချေ။
ခရုပက်ကျိရောဂါ (ဗီလဟာဇီယာသန်စွဲရောဂါ သို့မဟုတ် ရှစ်စတိုဆိုမာသန်စွဲနာ ဟုလည်းခေါ်) သည်နှစ်ထောင်ချီ၍ လူတို့အပေါ်ကပ်ဆိုက်ခဲ့သည်။ ဖာရောမင်းများလက်ထက်၌ အီဂျစ်လူမျိုးများသည် အဆိုပါရောဂါဖြစ်ခဲ့ကြောင်း အီဂျစ်မံမီရုပ်ကလာပ်များတွင် တွေ့ခဲ့ရသောထုံးကျောက်သဏ္ဌာန်ဥများက ထင်ရှားစေသည်။ သုံးရာစုကျော်လွန်ပြီးနောက် အီဂျစ်တွင် ယင်းရောဂါကပ်ပြန်ဆိုက်ခဲ့ပြီး သန်းနှင့်ချီသော၎င်းနိုင်ငံသားများ၏ ကျန်းမာရေးကို ချို့တဲ့စေခဲ့သည်။ နိုင်းမြစ်ဝကျွန်းပေါ်ရှိ ကျေးရွာအချို့၌ ၁၀ ယောက်တွင် ၉ ယောက် ရောဂါဖြစ်ခဲ့ကြသည်။
အီဂျစ်နိုင်ငံသည် ခရုပက်ကျိရောဂါကပ်ဆိုက်သည့် ၇၄ နိုင်ငံ သို့မဟုတ် ပို၍များသောနိုင်ငံများအနက် တစ်နိုင်ငံမျှသာဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းရှိလူသန်းပေါင်း ၂၀၀ တို့သည် ယင်းရောဂါကူးစက်ခံနေရကြသည်။ နာတာရှည်ရောဂါသည်သန်းပေါင်း ၂၀ ထဲမှ ၂၀၀,၀၀၀ ခန့်သည် နှစ်စဉ်သေဆုံးနေကြသည်။ လူတို့ကိုထိခိုက်စေပြီး လူမှုရေးနှင့်စီးပွားရေးဆုတ်ယုတ်မှုဖြစ်စေသည့် အပူပိုင်းကပ်ပါးရောဂါများထဲတွင် ခရုပက်ကျိရောဂါသည် ငှက်ဖျားပြီးလျှင် ဒုတိယအဆင့်လိုက်သည်ဟု ဆိုကြသည်။
ကပ်ပါး၏ဇီဝစက်
ခရုပက်ကျိရောဂါကိုနားလည်ထားကာ ယင်းကိုမည်သို့ကာကွယ်ကုသကြောင်းသိရှိထားခြင်းက ၎င်းကိုဖြစ်စေသောကပ်ပါးပိုးအကြောင်း နားလည်ထားခြင်းကိုဆိုလိုသည်။ အဓိကအချက်မှာ ဤသို့– မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ဆက်နိုင်ရန် ဤကပ်ပါးပိုးသည် အတွင်း၌ခိုအောင်းကာ စားသောက်ကြီးထွားနိုင်သည့် သက်ရှိလက်ခံကောင်နှစ်ကောင်လိုပါသည်။ တစ်ကောင်သည် လူတစ်ဦးကဲ့သို့ နို့တိုက်သတ္တဝါဖြစ်ရ၏; အခြားတစ်ကောင်မှာမူ ရေချိုခရုပက်ကျိတစ်ကောင်ဖြစ်သည်။
ဖြစ်ပုံမှာ ဤသို့။ ရောဂါသည်တစ်ဦးက ကပ်ပါးပိုးပါသော ကျင်ကြီးကျင်ငယ်များကို ရေအိုင်၊ ရေကန်၊ ချောင်း သို့မဟုတ် မြစ်တို့၌စွန့်သောအခါ သူသည် တစ်နေ့ချင်းတွင် ကပ်ပါးဥတစ်သန်းအထိ ထုတ်လွှတ်လိုက်နိုင်သည်။ ယင်းဥများသည် အဏုကြည့်မှန်ဘီလူးအကူအညီမပါဘဲ မမြင်နိုင်လောက်အောင် သေးငယ်သည်။ ဥများသည် ရေနှင့်ထိတွေ့သောအခါ ကပ်ပါးပိုးများပေါက်ဖွားလာသည်။ ကပ်ပါးပိုးများသည် သူတို့ဝင်ရောက်ခိုအောင်းမည့် ရေချိုခရုပက်ကျိတစ်ကောင်ထံသို့ ကူးသွားရန် ၎င်းတို့ကိုယ်ခန္ဓာမှအမွေးငယ်များကိုအသုံးပြုကြသည်။ ခရုပက်ကျိအတွင်း၌ လေးပတ်မှခုနစ်ပတ်အထိ မျိုးပွားကြသည်။
၎င်းတို့သည် ပက်ကျိထံမှထွက်ပြီး လူတစ်ဦး သို့မဟုတ် အခြားနို့တိုက်သတ္တဝါထံ ရှာဖွေဝင်ရောက်ရန် ၄၈ နာရီသာအချိန်ရှိသည်။ မဟုတ်ပါက ၎င်းတို့သေဆုံးကြမည်။ ရေထဲသို့ဆင်းလာသော လက်ခံကောင်တစ်ကောင်ထံချိတ်ကပ်ပြီး ကပ်ပါးပိုးသည် အရေပြားမှတစ်ဆင့် သွေးစီးကြောင်းထဲဝင်ရောက်ခိုအောင်းလေသည်။ ယင်းက လူကိုအနည်းငယ်ယားယံစေမည်ဖြစ်သော်လည်း များသောအားဖြင့် ဝင်ရောက်ခိုအောင်းပြီဖြစ်ကြောင်း ကာယကံရှင်အနေနှင့် အဘယ်သဲလွန်စမျှမရချေ။ သွေးစီးကြောင်းအတွင်း၌ ကပ်ပါးပိုးသည် ကပ်ပါးပိုးအမျိုးအစားများပေါ်မူတည်ပြီး ဆီးအိတ် သို့မဟုတ် အူပြွန်များရှိသွေးကြောများထဲသို့ ဝင်ရောက်သွားသည်။ အပတ်အနည်းငယ်အတွင်း ကပ်ပါးပိုးများသည် အလျားတစ်လက်မအထိရှိသည့် သန်ကောင်အထီးအမကြီးများအဖြစ် ကြီးထွားလာလေသည်။ မိတ်လိုက်ပြီးနောက် အမသည် လက်ခံကောင်၏သွေးစီးကြောင်းထဲ စတင်ဥချသည်နှင့် ယင်း၏ဇီဝစက်အပြီးသတ်လေတော့သည်။
ဥတစ်ဝက်ခန့်သည် လက်ခံကောင်၏ခန္ဓာကိုယ်မှ (အူဆိုင်ရာခရုပက်ကျိရောဂါရှိသူ၏) ကျင်ကြီး သို့မဟုတ် (ဆီးဆိုင်ရာခရုပတ်ကျိရောဂါရှိသူ၏) ကျင်ငယ် တို့နှင့်အတူထွက်သွားသည်။ ကျန်ဥများသည် ခန္ဓာကိုယ်ထဲ၌ဆက်ခိုအောင်းနေကြပြီး အရေးကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေသည်။ ရောဂါတိုးလာသည်နှင့်အမျှ ဝေဒနာရှင်သည် အဖျားရှိခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းနှင့် ကိုယ်အတွင်းသွေးထွက်ခြင်း စသည်တို့ဖြစ်နိုင်ပေသည်။ နောက်ဆုံး၌ ရောဂါသည် ဆီးအိတ်ကင်ဆာ သို့မဟုတ် အသည်း သို့မဟုတ် ကျောက်ကပ်မကောင်းသည့်အဖြစ်သို့ဆိုက်စေနိုင်သည်။ ရောဂါသည်အချို့သည် မြုံသွားကြ သို့မဟုတ် သွက်ချာပါဒဖြစ်သွားကြလေသည်။ အခြားသူများမှာမူ သေကြရသည်။
ဖြေရှင်းချက်များနှင့် ပြဿနာများ
ရောဂါပြန့်ပွားမှုကိုကာကွယ်ရန် အနည်းဆုံးအချက်လေးချက် လုပ်ဆောင်နိုင်သည်။ ဤအချက်များထဲမှတစ်ချက်ချက်ကိုသာ တစ်ကမ္ဘာလုံးလုပ်ဆောင်မည်ဆိုလျှင် ရောဂါကွယ်ပျောက်သွားမည်ဖြစ်သည်။
ပထမအချက်မှာ ရေထဲရှိခရုပက်ကျိများကို သုတ်သင်ရှင်းလင်းပစ်ရန်ဖြစ်သည်။ ခရုပက်ကျိများသည် ကပ်ပါးတိုးပွားစေရန် အလွန်အရေးပါသည်။ ခရုပက်ကျိများမရှိလျှင် ခရုပက်ကျိရောဂါရှိတော့မည်မဟုတ်ပေ။
အဓိကကြိုးပမ်းမှုသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေဘဲ ခရုပက်ကျိများကို သေစေနိုင်လောက်အောင်ပြင်းသည့် အဆိပ်ထုတ်လုပ်ရန် ဖြစ်သည်။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းခရုပက်ကျိများကိုသုတ်သင်ရှင်းလင်းပစ်ရန် ကြိုးပမ်းကြရာတွင် ရေထဲရှိသတ္တဝါအားလုံး ပျက်ပြုန်းသွားလေတော့သည်။ အခြားသက်ရှိများကိုမထိခိုက်သည့် molluscicide ခရုနိုင်ဆေး (ခရုပက်ကျိများကို သေစေသည့်ဆေး) ကိုရှာဖွေရန် အီဂျစ်နိုင်ငံ သီအိုဒေါဘီလ်ဟတ်ဇ်သုတေသနဌာနကကြိုးပမ်းခဲ့သည်။ ၎င်းဌာနဥက္ကဋ္ဌ ဒေါက်တာအလီဇန်းအဲလ်အက်ဘ်ဒဲန်က အဆိုပါဆေးနှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “ဤဆေးကို ကောက်ပဲသီးနှံများအတွက်အသုံးပြုသော၊ လူနှင့်တိရစ္ဆာန်များသောက်သုံးသော၊ ငါးများရှိသည့် ရေထဲပစ်ချမည်ဖြစ်သောကြောင့် ၎င်းတို့ကိုလုံးဝမထိခိုက်စေဖို့ ကျွန်ုပ်တို့အသေအချာဂရုစိုက်ကြရမည်။”
ဒုတိယအချက်မှာ လူ့အထဲရှိကပ်ပါးပိုးများကို သတ်ပစ်ရန်ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၏အလယ်ပိုင်းအထိ ရောဂါကုသရာတွင် အသုံးပြုခဲ့သောဆေးဝါးများသည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများနှင့် ရှုပ်ထွေးမှုများစွာကို ဖြစ်စေခဲ့သည်။ များသောအားဖြင့် နာကျင်စေသောထိုးဆေးများ ဆက်တိုက်ထိုးရန်လိုအပ်ခဲ့သည်။ ကုသမှုသည် ရောဂါထက်ပင်ပိုဆိုးသည်ဟု အချို့ကညည်းခဲ့ကြသည်! ၎င်းနောက်ပါရဇီကွန့်တယ်လ် (praziquantel) ကဲ့သို့သော ခရုပက်ကျိရောဂါကို ထိထိရောက်ရောက်နှိမ်နင်းနိုင်သော ဆေးဝါးအသစ်များထွက်ပေါ်လာခဲ့ပြီး ယင်းတို့ကိုသောက်သုံးနိုင်ပါသည်။
ဤဆေးဝါးများသည် အာဖရိကနှင့်တောင်အမေရိကရှိ စီမံချက်များတွင် ထိရောက်အောင်မြင်မှုရှိခဲ့ပြီဖြစ်သော်လည်း နိုင်ငံများစွာအတွက်အဓိကပြဿနာမှာ ဈေးကြီးခြင်းဖြစ်သည်။ ၁၉၉၁ တွင် WHO ကဤသို့မြည်တမ်းခဲ့သည်– “ဒေသန္တရကပ်ဆိုက်သည့်နိုင်ငံများတွင် ဆေးဝါးတန်ဖိုးမြင့်မားခြင်းကြောင့် [ခရုပက်ကျိရောဂါ] ထိန်းချုပ်ရန်အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ခဲ့ကြပါ; ဆေးဝါးကုန်ကျစရိတ်ငွေမာကိုယ်နှိုက်က အာဖရိကကျန်းမာရေးဝန်ကြီးဌာနများမှ အများစု၏တစ်ဦးကျဘတ်ဂျက်စုစုပေါင်းထက် များနေပါသည်။”
လူနာများအား ဆေးဝါးများကိုအခမဲ့ပေးပြီးကုသနိုင်သောနေရာများ၌ပင် လူအများအပြားသည် ကုသမခံကြပါ။ အဘယ်ကြောင့်နည်း။ အကြောင်းတစ်ခုမှာ ရောဂါကြောင့်သေဆုံးသူနည်းပါးသောကြောင့် တချို့က စိုးရိမ်ဖွယ်ပြဿနာတစ်ခုအဖြစ် မယူမှတ်ကြပေ။ အခြားအကြောင်းတစ်ခုမှာ လူတို့သည် ရောဂါ၏လက္ခဏာကို မသိကြသောကြောင့်ဖြစ်သည်။ အာဖရိကနေရာအချို့တွင် ဆီးတွင်သွေးပါခြင်း (ရောဂါ၏မူလလက္ခဏာတစ်ခု) သည် ဖြစ်နေကျကိစ္စဖြစ်ရာ အရွယ်ရောက်ခြင်း၏သာမန်အပိုင်းတစ်ခုအဖြစ် ယူမှတ်ထားကြသည်။
တတိယအချက်သည် ရေစနစ်များအတွင်း ဥများကိုမရောက်စေရန်ဖြစ်သည်။ အကယ်၍ အိမ်သာများကို ချောင်းများနှင့်အိုင်များမညစ်ညမ်းစေရန် ဆောက်လုပ်ပြီး ယင်းတို့ကို လူတိုင်းအသုံးပြုကြမည်ဆိုလျှင် ခရုပက်ကျိရောဂါဖြစ်ပွားမှုအန္တရာယ် လျော့နည်းမည်ဖြစ်သည်။
ရေသွယ်ပို့ရန်နှင့် အိမ်သာများတွင် ပိုက်တပ်ဆင်ပြီးနောက် ရောဂါသိသိသာသာကျဆင်းသွားကြောင်း ကမ္ဘာ့လေ့လာမှုများကဖော်ပြသည်။ အနှစ် ၂၀ ကျော်ခရုပက်ကျိရောဂါကိုသုတေသနပြုခဲ့သူ သိပ္ပံပညာရှင်အဲလဲန်ဖယ်န်ဝခ်၏တွေ့ရှိချက်အရ “တူးမြောင်းထဲလူတစ်ဦးမစင်စွန့်ရုံဖြင့် ဇီဝစက်မပြတ်လည်ပတ်သည်။” ပေါက်နေသောမိလ္လာပိုက်များမှတစ်ဆင့် ရေထဲသို့ရောဂါပါသောကျင်ကြီး စိမ့်ဝင်မည့်အန္တရာယ်လည်းရှိနေသည်။
စတုတ္ထအချက်မှာ ကပ်ပါးပိုးပါသော ရေညစ်ကို လူတို့မသုံးရန်ဖြစ်သည်။ ယင်းသည်လည်း လွယ်ကူမည့်ဟန်မရှိပေ။ နိုင်ငံများစွာတွင် သောက်သုံးရေပေးသော ရေကန်များ၊ ချောင်းများနှင့် မြစ်များကို ရေချိုးခြင်း၊ ကောက်ပဲသီးနှံစိုက်ပျိုးရေးအတွက် ရေပေးသွင်းခြင်းနှင့် အဝတ်လျှော်ဖွပ်ခြင်း စသည်တို့အတွက် အသုံးပြုနေကြပါသည်။ တံငါသည်များသည် ရေနှင့်နေ့စဉ်ထိတွေ့နေရသည်။ ထို့အပြင် အပူပိုင်းဒေသများ၏ပူပြင်းမှုကြောင့် ကလေးများအတွက် ရေအိုင်တစ်ခုသည် ငြင်းဆန်၍မရသောရေကူးကန်ဖြစ်နိုင်သည်။
အနာဂတ်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း
စိတ်ရင်းမှန်သူတို့နှင့် အဖွဲ့အစည်းများသည် ခရုပက်ကျိရောဂါကိုတိုက်ဖျက်ရန် ကြိုးစားလုပ်ဆောင်နေကြပြီး အကြီးအကျယ်တိုးတက်နေသည်ကား မှန်ပါသည်။ သုတေသနပြုသူများသည် ယင်းကိုတိုက်ဖျက်သော ကာကွယ်ဆေးကိုပင် ထုတ်လုပ်ပေးရန်လုပ်ဆောင်နေကြသည်။
သို့တိုင် ရောဂါတိုက်ဖျက်ရှင်းလင်းရန်မျှော်လင့်ချက် နည်းပါသည်။ ပြင်သစ်ဆေးပညာဂျာနယ် La Revue du Praticien တွင် ဒေါက်တာလရီဗီယာက ဤသို့ပြောသည်– “အောင်မြင်မှုရှိနေလင့်ကစား . . . ရောဂါပျောက်ကွယ်သွားရန် အလှမ်းဝေးပါသေးသည်။” ကာကွယ်ခြင်းနှင့်ကုသခြင်းသည် လူတစ်ဦးစီအတွက် အမှန်ဖြစ်နိုင်သော်လည်း ခရုပက်ကျိရောဂါပြဿနာကို တစ်ကမ္ဘာလုံးတွင် တိုက်ဖျက်ဖို့မူကား ဘုရားသခင့်ကမ္ဘာသစ်တည်ထောင်မှသာ ဖြစ်နိုင်ပေမည်။ ထိုအခါ “မြို့သားကလည်း၊ ငါနာသည်ဟုမဆိုရ” ဟူ၍သမ္မာကျမ်းစာက ကတိပေးထားပါသည်။—ဟေရှာယ ၃၃:၂၄။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
လူတို့သည် ညစ်ညမ်းသောရေထဲ ဆင်းလိုက်သောအခါ ခရုပက်ကျိရောဂါဖြစ်စေသော ကပ်ပါးပိုးများကူးစက်ခံရနိုင်သည်