အမှန်တရားကိုနောက်ဆုံးတွင်ကျွန်တော်တွေ့ရှိခဲ့
၁၉၃၉ ဩဂုတ်လကုန်ပိုင်းမှာ ဟန်ဂေရီနိုင်ငံ၊ ကျွန်တော့်နေရင်းမြို့ ဘူဒါပက်ကိုပြန်သွားရင်း မော်စကိုမြို့မှာ ရပ်နားခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဩဂုတ် ၂၃ မှာဂျာမန်-ဆိုဗီယက်မကျူးကျော်ရေးစာချုပ်ကို ချုပ်ဆိုပြီး ကရင်မလင်တံတိုင်းတွေမှာ နာဇီစကြာတံဆိပ်အလံတွေ လွှင့်ထူထားပါတယ်။ ကျွန်တော်ဘာကြောင့် ရုရှားရောက်နေပြီး အိမ်မှာဘာက ကျွန်တော့်ကို စောင့်နေသလဲ။
အရင်ဆုံး ၁၉၁၈၊ ဇန်နဝါရီ ၁၅ မှာကျွန်တော်မွေးဖွားခဲ့တဲ့ ဗက်စ်ပရဲမ်လို့ခေါ်တဲ့ ဟန်ဂေရီမြို့ငယ်လေးကနေ စပြောပြပါရစေ။ ကျွန်တော်ဟာ ကလေးလေးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး ကျွန်တော့်မိဘတွေက ကျွန်တော်တို့ကို ချာ့ချ်မှန်မှန်တက်ခိုင်းတယ်။ ၅ နှစ်အရွယ်မှာ ကျွန်တော်ဟာ ရိုမန်ကက်သလစ် ကွန်ဗင့်ကျောင်းတစ်ကျောင်းရဲ့မားစ်ပွဲတော်မှာ ကူညီပေးနေပါပြီ။ အိမ်မှာ ကျွန်တော့်မောင်နှမတွေနဲ့ မားစ်ပွဲလုပ်တမ်းကစားတဲ့အခါ အဲ့ဒီပွဲအတွက် ကျွန်တော်လုပ်ထားတဲ့ စက္ကူဝတ်ရုံကိုဝတ်တယ်။
ကျွန်တော်ရှစ်နှစ်အရွယ်မှာ အဖေဟာ မိသားစုကိုစွန့်ထားခဲ့တယ်။ ဒါနဲ့အမေက သူ့အမေအကူအညီနဲ့ ကျွန်တော်တို့ကိုကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ နောက်တစ်နှစ်မှာပဲ အမေဟာ ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။ အဲ့ဒီနောက်ပိုင်းနှစ်တွေမှာ ကျွန်တော်တို့ကလေးတွေ တကွဲတပြားစီဖြစ်ကြပြီး မိဘမဲ့ဂေဟာတွေ၊ အိမ်တွေမှာမွေးစားခံခဲ့ကြရတယ်။ ကျွန်တော်နောက်ဆုံးနေခဲ့တဲ့ မိဘမဲ့ဂေဟာကတော့ ဘူဒါပက်မြို့နားမှာဖြစ်ပါတယ်။ ဖရာမာရစ်ထ် (မေရီရဲ့ညီအစ်ကိုများ) လို့ခေါ်တဲ့ ပြင်သစ်ကက်သလစ်ဆရာအဖွဲ့က ဖွင့်ထားတဲ့ဂေဟာဖြစ်တယ်။ ဘုရားသခင်ကို ကျွန်တော်တကယ်ပဲချစ်တဲ့အတွက် ၁၃ နှစ်အရွယ်မှာ သူတို့ဘာသာရေးအဖွဲ့က ကမ်းလှမ်းတဲ့ပညာရေးကို လက်ခံဆည်းပူးခဲ့တယ်။
ကျယ်ပြန့်သော ဘာသာရေးသင်တန်း
နောက်နှစ်မှာ ကျွန်တော့်ကို ဂရိနိုင်ငံကိုလွှတ်ပြီး ကျောင်းဆရာဖြစ်ဖို့ ဖရာမာရစ်ထ် ပြင်သစ်ကျောင်းမှာ သင်တန်းပေးခဲ့တယ်။ နောက်လေးနှစ်ကြာတဲ့ ၁၉၃၆ မှာမူလတန်းကျောင်းဆရာဖြစ်ဖို့ ကျွန်တော်ဘွဲ့လက်မှတ်ချီးမြှင့်ခံခဲ့ရတယ်။ ဘွဲ့ရပြီးတဲ့နောက် ဘာသာရေးအဖွဲ့မှာ ဘရာသာတစ်ယောက်ဖြစ်လာပြီး နွမ်းနွမ်းပါးပါး၊ နာခံမှုရှိရှိနဲ့ စင်စင်ကြယ်ကြယ်နေမယ်လို့ ကတိသစ္စာသုံးခုကို ပြုခဲ့ရပါတယ်။ ကျွန်တော်တို့ဘရာသာတွေဟာ ဘာသာရေးဝတ်ရုံတွေဝတ်ပြီး ဘာသာတရားကို မေးဖြေနည်းနဲ့သင်ပေးခဲ့ကြရပေမဲ့ ကျမ်းစာကို လုံးဝမလေ့လာဖူးဘူး။
အဲဒီနွေရာသီမှာ တရုတ်နိုင်ငံမှာကျောင်းဆရာလုပ်ဖို့လျှောက်လိုက်တာ လက်ခံခံရတာနဲ့ ၁၉၃၆၊ အောက်တိုဘာ ၃၁ မှာပြင်သစ်နိုင်ငံ၊ မာဆိုင်းမြို့ကနေ ပင်လယ်ကူးသင်္ဘောစီးပြီးထွက်လာခဲ့တယ်။ ၁၉၃၆၊ ဒီဇင်ဘာ ၃ ရက် မှာရှန်ဟိုင်းမြို့ကိုရောက်တယ်။ အဲဒီကနေ တရုတ်နိုင်ငံမြောက်ပိုင်း၊ ပီကင်းမြို့တော်ကို ရထားနဲ့ခရီးဆက်ခဲ့တယ်။
ပီကင်းကနေ ၁၅ မိုင်လောက်ဝေးတဲ့တောင်တန်းဒေသတစ်ခုမှာ ဖရာမာရစ်ထ် ဘာသာရေးအဖွဲ့ပိုင် ဘော်ဒါဆောင်ကျောင်းကြီးတစ်ကျောင်းနဲ့ မွေးမြူရေးခြံတွေရှိတယ်။ အဲဒီနေရာဟာ ဧကရာဇ်ရဲ့နွေစံအိမ်အနီးမှာရှိပြီး တကယ်လှတဲ့စိုက်ပျိုးရေးဥယျာဉ်တွေနဲ့ သစ်သီးဝလံပင်တွေရှိတယ်။ အဲဒီမှာ တရုတ်ဘာသာနဲ့အင်္ဂလိပ်ဘာသာစကားတွေကို ကျွန်တော်အသေအချာလေ့လာခဲ့ရတယ်။ ဒါပေမဲ့ ကျမ်းစာကိုတော့ တစ်ခါမှမလေ့လာခဲ့ရဘူး။
ဒုက္ခမွှေနှောက်မှုကြားတွင်
၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့အစောပိုင်းမှာ တရုတ်နိုင်ငံ၊ မန်ချူးရီးယားကို ဂျပန်ကသိမ်းပိုက်ခဲ့တယ်။ ၁၉၃၇ ဇူလိုင်မှာ ဂျပန်နဲ့တရုတ်တပ်တွေ ပီကင်းနားမှာတိုက်ပွဲဖြစ်ကြတယ်။ စစ်နိုင်တဲ့ဂျပန်က တရုတ်အစိုးရအသစ်တစ်ခုကိုရွေးပြီး တင်မြှောက်လိုက်တယ်။ ဒါနဲ့ အစိုးရအသစ်ကို တရုတ်ပြောက်ကျားတွေက ဆန့်ကျင်တိုက်ခိုက်ကြပါလေရော။
ပီကင်းမြို့ပြင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ဘုန်းတော်ကြီးကျောင်းဟာ ပြင်သစ်ပိုင်နက်မှာရှိတယ်လို့ အသိအမှတ်ပြုခံရတဲ့အတွက် တိုက်ရိုက်တိုက်ခိုက်ပစ်ခတ်မခံခဲ့ရပေမဲ့ ကျွန်တော်တို့ကျောင်းမှာဝင်ခိုအောင်းတဲ့ တရုတ်လူမျိုး ၅,၀၀၀ ကျော်ထဲကတချို့ဟာ ချော်ထွက်တဲ့အမြှောက်ဆံတွေ၊ ကျည်ဆံတွေကြောင့် ဒဏ်ရာရခဲ့ကြတယ်။ အဲဒီအတောအတွင်းမှာ ကျေးလက်ဒေသတွေကို တရုတ်ပြောက်ကျားတွေက အုပ်စိုးခဲ့တယ်။
၁၉၃၇ စက်တင်ဘာမှာ တရုတ်ပြောက်ကျားတပ် ၃၀၀ ခန့်ဟာ ကျွန်တော်တို့ရဲ့ အဆောက်အဦတွေကိုဝင်တိုက်ခိုက်ပြီး လက်နက်တွေ၊ ငွေတွေ၊ အစားအသောက်တွေ လာရှာဖွေကြတယ်။ ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့ ဥရောပလူမျိုးဆယ်ယောက်ထဲမှာ ကျွန်တော်လည်းပါခဲ့တယ်။ ခြောက်ရက်အဖမ်းခံရပြီးနောက် ပထမဆုံးလွှတ်ပေးလိုက်တဲ့ဓားစာခံတွေထဲမှာ ကျွန်တော်ပါတယ်။ ရောဂါမကင်းတဲ့အစာစားမိပြီးဖျားလို့ ကျွန်တော်ဆေးရုံတစ်လတက်ခဲ့ရတယ်။
ဆေးရုံဆင်းပြီးတဲ့နောက် ပီကင်းနယ်ထဲပိုပြီးလုံခြုံတဲ့နေရာမှာ အဲ့ဒီဘာသာရေးအဖွဲ့ကဖွင့်ထားတဲ့ အခြားကျောင်းတစ်ခုကို ကျွန်တော်ပြောင်းရွှေ့ခဲ့ရတယ်။ ၁၉၃၈ ဇန်နဝါရီမှာ စာသင်ဖို့ ရှန်ဟိုင်းကိုပို့ခဲ့ပေမဲ့ စက်တင်ဘာကျတော့ ပီကင်းကိုပြန်လာပြီး စာသင်ပေးခဲ့ရတယ်။ ဒါပေမဲ့ ပညာသင်နှစ်ကုန်ပိုင်းမှာ ဘာသာရေးသစ္စာကတိတွေကို ကျွန်တော်ပြန်မပြုတော့ဘူး။ ခုနစ်နှစ်လုံးလုံး ဘာသာရေးသမားဘဝနဲ့ပညာရေးသမားဘဝကို လိုက်စားခဲ့ပေမဲ့ အမှန်တရားကို ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ဘာသာရေးအဖွဲ့ကထွက်ပြီး အိမ်ပြန်ဖို့ဘူဒါပက်ကို ထွက်လာခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ဒုတိယကမ္ဘာစစ်ကို ဦးတည်တဲ့တင်းမာမှုတွေဟာ ပိုပြီးကြီးထွားနေပါတယ်။ ကျွန်တော်ရဲ့ပြင်သစ်အထက်လူကြီးတွေက ဆိုဗီယက်ပြည်ထောင်စုကိုဖြတ်သွားတဲ့ ထရန်စ်-ဆိုက်ဘေးရီးယန်းရထားကိုစီးဖို့ အားပေးခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ကျွန်တော်ဟာမော်စကိုကို ၁၉၃၉၊ ဩဂုတ် ၂၇ မှာရောက်သွားခဲ့ပြီး ကရင်မလင်တံတိုင်းတွေမှာ နာဇီစကြာတံဆိပ်အလံတွေ လွှင့်ထူထားတာတွေကို တွေ့ခဲ့ရတယ်။
စစ်ဖြစ်နေသောကမ္ဘာ
၁၉၃၉၊ ဩဂုတ် ၃၁ မှာကျွန်တော့်နေရင်းမြို့ ဘူဒါပက်ကို ပြန်ရောက်ခဲ့ပါတယ်။ နောက်နေ့မှာပဲ ဂျာမနီက ပိုလန်ကိုကျူးကျော်တိုက်ခိုက်တာနဲ့ ဒုတိယကမ္ဘာစစ် စဖြစ်လေရော။ နောက်တော့ ဂျာမနီက ဆိုဗီယက်ပြည်ထောင်စုနဲ့ မကျူးကျော်ရေးစာချုပ်ကို ဖောက်ဖျက်ပြီး ၁၉၄၁၊ ဇွန် ၂၂ မှာဟစ်တလာရဲ့တပ်ဟာ ဆိုဗီယက်ပြည်ထောင်စုကို ဝင်ရောက်တိုက်ခိုက်တယ်။ သူတို့ဟာ မော်စကို ဆင်ခြေဖုံးအထိ ဝင်ရောက်တိုက်ခိုက်နိုင်ကြပေမဲ့ မြို့ကိုတော့မသိမ်းနိုင်ခဲ့ကြပါဘူး။
ဟန်ဂေရီအစိုးရက ဂျာမနီနဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် ဂျာမနီတပ်တွေဟာ ဟန်ဂေရီနိုင်ငံကို လွတ်လွတ်လပ်လပ်ဖြတ်သန်းခွင့်ရရှိခဲ့တယ်။ ၁၉၄၂ မှာကျွန်တော်လက်ထပ်ခဲ့ပြီး ၁၉၄၃ မှာဟန်ဂေရီစစ်တပ်ထဲကို ဝင်ခဲ့ရတယ်။ ၁၉၄၄ မတ်လမှာ ဟစ်တလာဟာ သူ့ရဲ့စစ်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ဟန်ဂေရီရဲ့ထောက်ပံ့မှုကို မကျေနပ်တဲ့အတွက် ဂျာမနီက ဟန်ဂေရီကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ အဲဒီနှစ်မှာပဲ ကျွန်တော်တို့ရဲ့သားလေးမွေးဖွားခဲ့တယ်။ ဘူဒါပက်မှာ ပြင်းထန်တဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကိုရှောင်ဖို့ ကျွန်တော့်ဇနီးနဲ့သားဟာ သူမမိဘတွေရှိတဲ့ကျေးလက်ဒေသကို ပြောင်းသွားခဲ့ကြတယ်။
စစ်ရဲ့အခြေအနေ ပြောင်းလဲသွားခဲ့တယ်။ ဆိုဗီယက်တပ်ဟာ ဘူဒါပက်ကိုချီတက်လာပြီး ၁၉၄၄ ဒီဇင်ဘာ ၂၄ မှာရောက်ရှိလာရော။ ရုရှားတွေက ကျွန်တော့်ကိုဖမ်းဆီးတဲ့အခါ ကျွန်တော် စစ်အကျဉ်းသားတစ်ယောက်ဖြစ်လာခဲ့တယ်။ ထောင်နဲ့ချီတဲ့ကျွန်တော်တို့အကျဉ်းသားတွေကို မိုင်တစ်ရာလောက်ဝေးတဲ့ ဟန်ဂေရီ၊ ဘိုယိုမြို့အထိ အတင်းချီတက်ခိုင်းတယ်။ အဲဒီနေရာရောက်တော့ ကျွန်တော်တို့ကို နွားတင်တဲ့ကုန်တွဲတွေထဲစုပြုံဝင်ခိုင်းပြီး တီမီဆောရာကို ပြောင်းရွှေ့လိုက်တယ်။ ပြီးတော့ချွေးတပ်စခန်းကြီးတစ်ခုမှာ ချထားတယ်။ ၁၉၄၅ အစောပိုင်းမှာ အကျဉ်းသား ၄၅,၀၀၀ ထဲကအနည်းဆုံး ၂၀,၀၀၀ ဟာတိုက်ဖွိုက်ရောဂါကူးစက်ပြီး သေဆုံးခဲ့ကြတယ်။
ဩဂုတ်လမှာ စခန်းထဲအသက်ရှင်ကျန်တဲ့ ၂၅,၀၀၀ ကိုပင်လယ်နက်ကို ခေါ်သွားတယ်။ အဲ့ဒီကနေ ၂၀,၀၀၀ လောက်ကိုတော့ ဆိုဗီယက်ပြည်ထောင်စုကို ပို့လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်အပါအဝင်ဖျားနေတဲ့ ၅,၀၀၀ လောက်ကိုကျတော့ ဟန်ဂေရီကိုပြန်ပြီး လွှတ်လိုက်တယ်။ အဲဒါနဲ့ပဲ တကယ်ကြောက်စရာကောင်းတဲ့ ရှစ်လကြာအကျဉ်းသားဘဝကုန်သွားရော။ နောက်အပတ်အနည်းငယ်မှာ ကျွန်တော့်သားမယားတွေနဲ့ပြန်ဆုံတွေ့ ပြီး ဘူဒါပက်မှာပြန်လာနေထိုင်ကြတယ်။
စစ်ပြီးတဲ့နောက်မှာ ဆက်ပြီးဆင်းဆင်းရဲရဲနေကြရတယ်။ အစားအသောက်တွေရှားပါးပြီး ငွေကြေးလည်း အကြီးအကျယ်ဖောင်းပွတယ်။ ၁၉၃၈ ခုနှစ်မှာ ဟန်ဂေရီငွေတစ်ပေဂိုနဲ့ဝယ်နိုင်တဲ့ပစ္စည်းကို ၁၉၄၆ ခုနှစ်မှာ တစ်နိုနီလ်ယံ (၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ပေဂိုထက် ပိုပေးဝယ်ခဲ့ရတယ်။ နောက်ပိုင်းမှာ မီးရထားဌာနမှာ ရုံးအလုပ်ရတဲ့အခါ ကျွန်တော်တို့နည်းနည်းချောင်လည်လာတယ်။
အမှန်တရားကို တွေ့ ရှိခြင်း
၁၉၅၅ မှာကျွန်တော်တို့ရဲ့ဘူဒါပက်အိမ်ရာစခန်းမှာနေတဲ့ ယေဟောဝါသက်သေတစ်ယောက်က ကျွန်တော့်ဇနီးအန္နာကို ကျမ်းစာအကြောင်းပြောပြတယ်။ ငရဲဟာ ညှဉ်းဆဲရာအရပ်ဖြစ်တယ်လို့ ကျမ်းစာမသွန်သင်တဲ့အကြောင်း အန္နာပြောပြတဲ့အခါ ကျွန်တော်စိတ်ဝင်စားသွားတယ်။ (ဒေသနာ ၉:၅၊ ၁၀; တမန်တော် ၂:၃၁) ကက်သလစ်တစ်ယောက်အနေနဲ့ ချာ့ချ်ကျောင်းတွေမှာ အထူးသင်တန်းတက်ချိန်မှာတောင် ကျွန်တော်ကျမ်းစာကို တစ်ခါမှမလေ့လာခဲ့ဖူးဘူး။ မီးငရဲလို ကျမ်းစာအယူဝါဒမဟုတ်တဲ့ ကက်သလစ် သွန်သင်ချက်တွေကို မစစ်ဆေးဘဲ လက်ခံခဲ့ပါတယ်။ အခုတော့ကျမ်းစာအမှန်တရားတွေကို ကျွန်တော်နှစ်သက်လာတယ်။ အထူးသဖြင့် ဘုရားသခင့်နိုင်ငံတော်နဲ့ မြေကြီးပရဒိသုတစ်ခုဖြစ်ဖို့ ဘုရားသခင့်ရည်ရွယ်ချက်ကို ဘယ်လိုပြည့်စုံစေမယ့်အကြောင်းတွေဖြစ်တယ်။ (မဿဲ ၆:၉၊ ၁၀; လုကာ ၂၃:၄၂၊ ၄၃; ဗျာဒိတ် ၂၁:၃၊ ၄) အရင်တုန်းက တစ်ခါမှမခံစားဖူးတဲ့ တကယ့်ပျော်ရွှင်မှုကို ကျွန်တော်ခံစားလာရတယ်။
အဲဒီအချိန်တုန်းက ဟန်ဂေရီမှာရှိတဲ့ယေဟောဝါသက်သေတွေဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ရဲရဲရင့်ရင့်သွန်သင်ပေးကြတဲ့အတွက် လိုက်လံရှာဖွေခဲ့ရပြီး ထောင်ချခံခဲ့ကြရတယ်။ ဟန်ဂေရီဘာသာစကားနဲ့ ကျွန်တော်ရရှိနိုင်သမျှစာအုပ်စာတမ်းတွေနဲ့ ဟန်ဂေရီလိုဘာသာမပြန်ရသေးတဲ့ အင်္ဂလိပ်နဲ့ပြင်သစ်လို စာအုပ်စာတမ်းတွေအားလုံးကို ကျွန်တော်ဖတ်ရှုခဲ့ပါတယ်။ အဲဒီတခြားဘာသာစကားတွေကို ကျွန်တော်တတ်ထားတာ ကျေးဇူးတင်လိုက်တာ!
၁၉၅၆ အောက်တိုဘာမှာ ဟန်ဂေရီနိုင်ငံသားတွေဟာ ရုရှားလက်အောက်က ကွန်မြူနစ်အုပ်ချုပ်မှုကို တော်လှန်ခဲ့ကြတယ်။ ဘူဒါပက်တိုက်ပွဲဟာ တကယ်ပြင်းထန်ခဲ့ပါတယ်။ ယေဟောဝါသက်သေတွေအပါအဝင် အကျဉ်းသားအတော်များများ အလွှတ်ခံခဲ့ကြရတယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ကျွန်တော့်ဇနီးဟာ ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံတဲ့အထိမ်းအမှတ်နဲ့ နှစ်ခြင်းခံခဲ့ကြတယ်။ နောက်တစ်ပတ်မှာ ရုရှားတပ်တွေဟာ တော်လှန်ရေးကို နှိမ်နင်းလိုက်တယ်။ လွတ်မြောက်ခဲ့တဲ့ ယေဟောဝါသက်သေတွေဟာ အကျဉ်းထောင်ပြန်ကျခဲ့ကြတယ်။
တန်ဖိုးကြီးမားသည့်အခွင့်ထူးတစ်ခု
ဟောပြောခြင်းလုပ်ငန်းကို တာဝန်ခံတဲ့ ယေဟောဝါသက်သေအများစုဟာ အကျဉ်းထောင်ထဲရောက်နေတဲ့အတွက် ခရစ်ယာန်ချင်းတစ်ယောက်က ကျွန်တော့်ဆီလာပြီး ကျွန်တော်တို့ရဲ့ကျမ်းစာစာပေတွေကို ဘာသာပြန်ပေးနိုင်မလားလို့မေးတယ်။ အစမှာတော့ ပြင်သစ်လိုရိုက်ထားတဲ့ ကင်းမျှော်စင် ဆောင်းပါးတွေပါတဲ့ ဆွစ်ဇာလန်ကသီးသန့်စာတွေကို ကျွန်တော် ရရှိခဲ့ပါတယ်။ ကျွန်တော်က အဲဒါတွေကိုဟန်ဂေရီလိုဘာသာပြန်ပြီး ဆောင်းပါးတွေကို အသင်းတော်တွေရနိုင်အောင် လုပ်ပေးရတယ်။
ဟန်ဂေရီဌာနခွဲအမှုထမ်းဖြစ်တဲ့ ဂျနိုးစ်ကန်ရဒ်ဟာ ခရစ်ယာန်ကြားနေမှုကြောင့် ၁၂ နှစ်တိုင်ထောင်ချခံရပြီး ၁၉၅၉ မှာလွတ်လာတဲ့အခါ ကျွန်တော့်ကို ဘာသာပြန်တစ်ယောက်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီကျတော့ ဘာသာပြန်ဖို့ အင်္ဂလိပ်ဆောင်းပါးတွေကို ကျွန်တော်ရရှိခဲ့တယ်။ နာမည်မသိတဲ့အမျိုးသမီးဆက်သားတစ်ယောက်က အမြဲလာပို့တယ်။ ဒါမှ ကျွန်တော်အဖမ်းခံရပြီး နှိပ်စက်ခံရရင် သူ့နာမည်ကို ထုတ်ဖော်ပြောနိုင်မှာမဟုတ်ဘူး။
ကင်းမျှော်စင် ကိုကျွန်တော်ဘာသာပြန်ပြီးတဲ့အခါ ညီအစ်ကိုကန်ရဒ်က တိကျမှန်ကန်ဖို့အတွက် စစ်ဆေးပေးခဲ့ပါတယ်။ ပြီးတော့ ညီအစ်မတွေက ဘာသာပြန်ပြီးသားဆောင်းပါးတွေကို စာရွက်ပါးပါးလေး ၁၂ စောင်စီမိတ္တူကူးဖို့ကာဗွန်ခံပြီး လက်နှိပ်စက်ရိုက်နှိပ်ကြတယ်။ ဒါကြောင့် တစ်ခါတလေ ကင်းမျှော်စင်သင်တန်းတက်တဲ့သူတိုင်းမှာ သင်တန်းဆောင်းပါးမိတ္တူကိုယ်စီကိုယ်ငရှိကြတယ်။ ပြီးတာနဲ့ သူတို့ရဲ့မိတ္တူတွေကို တခြားသင်တန်းအုပ်စုတစ်ခုကို ပို့ပေးကြတယ်။ ဒါပေမဲ့ အများအားဖြင့် သင်တန်းအုပ်စုတစ်ခုစီအတွက် ကင်းမျှော်စင် မိတ္တူတစ်စောင်ပဲ ထုတ်ပေးနိုင်ခဲ့ကြတယ်။ အဲ့ဒီအခါ တက်ရောက်တဲ့သူအားလုံးဟာ ကျမ်းစာဆွေးနွေးမှုကနေ အကျိုးအပြည့်အဝရရှိဖို့ ဂရုတစိုက်နားထောင်ကြပြီး မှတ်ချက်တွေယူကြရပါတယ်။
ကျွန်တော်ဘာသာစပြန်တဲ့ ၁၉၅၆ ကနေ ၁၉၇၈ အထိကင်းမျှော်စင် ကို လက်နှိပ်စက်တစ်မျိုးထဲနဲ့ပဲ ဟန်ဂေရီဘာသာနဲ့ဖြန့်ဝေခဲ့ကြရတယ်။ ၁၉၇၈ ကနေ ၁၉၉၀ အထိ ဖယောင်းစက္ကူနဲ့မိတ္တူကူးပြီး ကင်းမျှော်စင် ထုတ်ပေးခဲ့တယ်။ ၁၉၉၀ ဇန်နဝါရီကစပြီး လှပတဲ့ရောင်စုံအပြည့်နဲ့ ပုံနှိပ်ထားတဲ့ ဟန်ဂေရီဘာသာ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းနှစ်မျိုးလုံးကို ရရှိကြတာ တကယ့်ကောင်းချီးတစ်ခုပဲ!
ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာ လူတိုင်းဝမ်းစာရှာအလုပ်တစ်ခု ရှိကြရတယ်။ အဲ့ဒါကြောင့် ဝမ်းစာရှာအလုပ်ကနေအငြိမ်းစားမယူခင် ၁၉၇၈ အထိ ၂၂ နှစ်လုံးလုံး အလုပ်ချိန်မဟုတ်တဲ့အခါမှာ ဘာသာပြန်ရတယ်။ အဲ့ဒါကတော့ အများအားဖြင့် နံနက်စောစောနဲ့ ညနက်တဲ့အချိန်အထိဖြစ်တယ်။ ကျွန်တော်အငြိမ်းစားယူပြီးတဲ့နောက်မှာ အချိန်ပြည့်ဘာသာပြန်တယ်။ အဲဒီအချိန်တုန်းက ဘာသာပြန်သူတိုင်း အိမ်မှာပဲအလုပ်လုပ်ကြတယ်။ ပိတ်ပင်ထားတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်လည်း အဆက်အသွယ်လုပ်ဖို့ခက်တယ်။ ၁၉၆၄ မှာရဲတွေက ဘာသာပြန်တွေရဲ့အိမ်တွေကို တစ်ပြိုင်တည်းဝင်စီးပြီး ကျွန်တော်တို့ရဲ့ပစ္စည်းတွေသိမ်းသွားကြတယ်။ အဲ့ဒီနောက်ပိုင်းနှစ်တွေမှာ ကျွန်တော်တို့ဆီ ရဲတွေ မကြာခဏရောက်လာတတ်တယ်။
အံ့သြဖွယ်ကောင်းချီးများ
၁၉၆၉ မှာကျွန်တော် နိုင်ငံကူးလက်မှတ်လျှောက်တာရလို့ ဂျနိုးစ်ကန်ရဒ်နဲ့ကျွန်တော်ဟာ ပြင်သစ်မှာပြုလုပ်တဲ့ ယေဟောဝါသက်သေတို့ရဲ့ “ကမ္ဘာပေါ်ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့ ဟန်ဂေရီကနေ ခရီးထွက်နိုင်ခဲ့ကြတယ်။ အခြားနိုင်ငံကသက်သေခံတွေနဲ့တွေ့ဆုံခွင့်ရပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဘားန်မှာရှိတဲ့ ယေဟောဝါသက်သေဌာနခွဲမှာ ရက်အနည်းငယ်နေထိုင်ခဲ့ရတာ တကယ့်ကောင်းချီးတစ်ရပ်ပဲ! ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဟန်ဂေရီသက်သေခံအတော်များများဟာ ဩစတြီးယားနဲ့ ဆွစ်ဇာလန်မှာ စည်းဝေးကြီးတွေ သွားတက်နိုင်ခဲ့ကြတယ်။
အစိုးရပိတ်ပင်မှုတွေကို နှစ်ချီခံရပြီးတဲ့နောက် ၁၉၈၆ ခုနှစ်မှာ အစိုးရခွင့်ပြုတဲ့ ပထမဆုံးစည်းဝေးကြီးကို ဘူဒါပက်မြို့ရဲ့ ကာမရာအဲဒိုလူငယ့်ဥယျာဉ်မှာ ကျင်းပခဲ့ရပါတယ်။ တက်ရောက်သူ ၄,၀၀၀ ကျော်ဟာ ညီအစ်ကိုညီအစ်မတွေကိုနှုတ်ဆက်ကြပြီး ပန်းခြံအဝင်ဝပေါ်မှာ ကျွန်တော်တို့ရဲ့စည်းဝေးကြီးကို ကြိုဆိုပါသည်ဆိုတဲ့ စာကိုဖတ်ရှုမိကြရတဲ့အတွက် ဝမ်းသာအားရနဲ့မျက်ရည်တွေကျခဲ့ကြတယ်။
နောက်ဆုံး ၁၉၈၉၊ ဇွန် ၂၇ မှာအစိုးရက ယေဟောဝါသက်သေတွေကို တရားဝင်အသိအမှတ်ပြုခဲ့တယ်။ ညီအစ်ကိုညီအစ်မအတွက် ရွှင်လန်းစရာဖြစ်စေခဲ့တာကတော့ အဲ့ဒီသတင်းကို ဟန်ဂေရီရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေကြေညာလိုက်လို့ပဲ။ အရင်အနှစ် ၄၀ နီးပါးကစ လုပ်ငန်းပိတ်ပင်ခဲ့တာ အဲ့ဒီနှစ်ကျမှပဲ ခရိုင်စည်းဝေးကြီးတွေကို ပိတ်ပင်တားဆီးမှုတွေမရှိဘဲ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာ။ ဘူဒါပက်အစည်းအဝေးကို ၁၀,၀၀၀ ကျော်တက်ရောက်ခဲ့ပြီး နိုင်ငံအတွင်းအခြားစည်းဝေးကြီးလေးခုမှာ ထောင်နဲ့ချီတက်ရောက်ခဲ့ကြတယ်။ ဘူဒါပက်မှာ ကျွန်တော့်ရဲ့ညီအငယ်ဆုံးဖြစ်တဲ့ လတ်စလိုနဲ့သူ့ဇနီး နှစ်ခြင်းခံကြတာကိုတွေ့ခဲ့ရတဲ့အတွက် အရမ်းဝမ်းသာတာပဲ!
ပြီးတော့ ၁၉၉၁ ဇူလိုင်မှာ ကျွန်တော်တို့အမျှော်လင့်ဆုံးထက်သာတဲ့ ကောင်းချီးတစ်ခုကို ခံစားခဲ့ရတယ်။ အဲ့ဒါကတော့ ဘူဒါပက်ရဲ့ကြီးမားတဲ့ နက်ပ်စတေဒီယန်မှာကျင်းပတဲ့စည်းဝေးကြီးကို ၄၀,၀၀၀ ကျော်တက်ရောက်ခဲ့တာပါပဲ။ အဲဒီမှာ ဘရွတ်ကလင်ဌာနချုပ်ကအမှုထမ်းတွေရဲ့ဟောပြောချက်တွေကို ဘာသာပြန်ပေးခွင့်ရခဲ့တယ်။
အခု အန္နာနဲ့ကျွန်တော်ဟာ ကျွန်တော်တို့ချစ်ခင်ရတဲ့ ညီအစ်ကိုညီအစ်မ ၄၀ ကျော်နဲ့အတူ ဘူဒါပက်ဆင်ခြေဖုံးမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့လှပတဲ့ဌာနခွဲရုံးမှာ အမှုဆောင်နေကြပါတယ်။ ဒီမှာ ကျွန်တော်ဟာ တကယ်တော်တဲ့ လူငယ်အဖွဲ့နဲ့တွဲပြီး ကျွန်တော်တို့ရဲ့ဘာသာပြန်ဌာနမှာ အမှုထမ်းရပြီး အန္နာကျတော့ အိမ်တွင်းရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့ရဲ့သားကို ကျမ်းစာအမှန်တရားကြိုးစားသွန်သင်ပေးခဲ့ပေမဲ့ အရွယ်ရောက်လာတဲ့အခါ သူလက်မခံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ကျမ်းစာအမှန်တရားကို နှစ်သက်လာပြီ။ တစ်နေ့နေ့တော့ ယေဟောဝါအမှုတော်ထမ်းဆောင်လာလိမ့်မယ်လို့ မျှော်လင့်တာပါပဲ။
ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ ကျွန်တော်တို့ရဲ့မေတ္တာရှင် ယေဟောဝါဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို တွေ့ရှိခဲ့ကြပြီး အခုအနှစ် ၄၀ ကျော်အမှုထမ်းဆောင်နိုင်ခဲ့ကြတဲ့အတွက် တကယ်ပဲဝမ်းသာနေကြပါတယ်။—အဲဒရေဇာန်ရီ ပြောပြသည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီးနှင့်အတူ