ကွယ်ပျောက်နေသော ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ
ဩစတြေးလျမှ နိုးလော့! သတင်းထောက်ပေးပို့သည်
သားရိုင်းတိရစ္ဆာန်များဖြစ်သော ကျား၊ ဝေလငါး သို့မဟုတ် ဂေါ်ရီလာမျောက်တို့ကို အရှင်အတိုင်း မြင်ရ၊ အသံကြားရသောအခါ၊ ကိုအာလာဝက်ဝံတစ်ကောင်ကို တယုတယကိုင်တွယ်ရသောအခါ၊ တိရစ္ဆာန်များအုပ်လိုက် မျက်စိတစ်ဆုံးပြေးလွှားသည့်ခွာသံများကြောင့် မြေကြီးတုန်ခါသွားသည့်အခါတို့၌ သင်ရင်မဖိုမိပေလော။ သို့ရာတွင် ပြတိုက်၊ စာအုပ် သို့မဟုတ် ကွန်ပျူတာဖန်သားပြင်မှ ရင်ဖိုဖွယ်ဖြစ်ရပ်မျိုးမဟုတ်ဘဲ အဆိုပါရင်ဖိုဖွယ်ဖြစ်ရပ်များကို လူများစွာမခံစားဖူးကြသည်မှာ ဝမ်းနည်းစရာပင်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။
အကြောင်းမှာ ဤဆောင်းပါးကိုသင်ဖတ်ရှုနေစဉ်ပင် အပင်နှင့်တိရစ္ဆာန်ထောင်ချီ၍ အတားအဆီးမရှိ မျိုးဖြုတ်ခံနေရသောကြောင့်ဖြစ်သည်။ တစ်နှစ်လျှင် မျိုးစိတ်ပေါင်း ၂၇,၀၀၀ သို့မဟုတ် တစ်နာရီမျိုးစိတ်သုံးမျိုးနှုန်းဖြင့် မျိုးသုဉ်းနေသည်ဟု ဟားဗတ်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ဒေါက်တာ အက်ဒဝပ် အို. ဝီလ်ဆင်က ခန့်မှန်းထားသည်။ ဤနှုန်းဖြင့်သာသွားလျှင် နှစ်ပေါင်း ၃၀ တွင်ကမ္ဘာမြေ၏မျိုးစိတ် ၂၀ ရာခိုင်နှုန်းအထိ မျိုးသုဉ်းသွားနိုင်သည်။ သို့သော် မျိုးသုဉ်းနှုန်းသည် တစ်သမတ်တည်းမဟုတ်။ ပို၍မြင့်တက်နေသည်။ နောက်ရာစုအစောပိုင်းတွင် တစ်နေ့လျှင် မျိုးစိတ်ပေါင်းရာနှင့်ချီ၍ ကွယ်ပျောက်မည်ဟု မျှော်လင့်ရသည်!
အာဖရိကကြံ့မည်းများသည် မျိုးသုဉ်းလုနီးပါးဖြစ်နေသည်။ အနှစ် ၂၀ မပြည့်မီအတွင်း ယင်း၏အရေအတွက် ၆၅,၀၀၀ မှ ၂,၅၀၀ အထိ သိသာစွာလျော့ကျသွားခဲ့သည်။ တောလျော့ပါးသွားနေသောဘော်နီယိုနှင့်ဆူမားထရားတောများတွင် အော်ရန်အူတန်မျောက်အကောင် ၅,၀၀၀ ပင်မရှိတော့။ ပျက်စီးမှုသည် ရေတွင်ပေါက်ပွားသော ကမ္ဘာ့သက်ရှိများကိုလည်းထိခိုက်သည်။ တစ်ခုသောသားကောင်မှာ တရုတ်နိုင်ငံ ယန်စီမြစ်ရှိ တင့်တယ်လှပသောဘိုင်တ်ဇီလင်းပိုင်ဖြစ်သည်။ ညစ်ညမ်းမှုများနှင့် အကန့်အသတ်မဲ့ငါးဖမ်းခြင်းတို့ကြောင့် အကောင်တစ်ရာမျှသာကျန်ရှိတော့ရာ ဆယ်နှစ်အတွင်း လုံးဝမျိုးပြုတ်သွားနိုင်သည်။
“လေ့လာဆည်းပူးမှုပညာရပ်အသီးသီးမှ သိပ္ပံပညာရှင်များသည် အရာများစွာနှင့်ပတ်သက်၍ သဘောထားကွဲလွဲကြသော်လည်း မျိုးစိတ်များကိုကယ်တင်ရန်အရေးတကြီးဖြစ်မှုနှင့် ကမ္ဘာဂြိုဟ်ကောင်းကျိုးတို့အတွက်မူ နောင်အနှစ်ငါးဆယ်တွင် အကျပ်အတည်းဖြစ်မည်ဟု တညီတညွတ်တည်းပြောဆိုခဲ့ကြသည်” ဟုတိရစ္ဆာန်ဥယျာဉ်စာအုပ်တွင်လင်ဒါကိုဘနာကဆိုသည်။
မည်သူ့ကိုအပြစ်တင်ရမည်နည်း
တိုးပွားနေသောလူဦးရေသည် မျိုးသုဉ်းနှုန်းထက်မြင့်နေသော်လည်း မျိုးသုဉ်းမှုအားလုံးအတွက် လူဦးရေကျပ်တည်းမှုတစ်ခုတည်းကို အပြစ်ပုံချ၍မရနိုင်ပါ။ သတ္တဝါများစွာ—အနည်းငယ်ဖော်ပြရလျှင် ခရီးသွားခို၊ ငှက်ကုလားအုတ်ကြီးမျိုး၊ ပင်လယ်ငှက်ကြီးနှင့် တိုင်လစင်းန်—သည် လူဦးရေတိုးပွားမှုအန္တရာယ်မရှိမီကပင် သုတ်သင်ရှင်းလင်းခဲ့ကြသည်။ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ရှိ တိရစ္ဆာန်ဥယျာဉ်ကြီးကြပ်ရေးအဖွဲ့ဒါရိုက်တာ ဒေါက်တာ ဂျေ.ဒီ.ကေလ်လီက နိုင်ငံတော်မှတ်တမ်းနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “လာရောက်အခြေချသည့် ၁၇၈၈ ကတည်းက ဇီဝမျိုးကွဲများစွာကွယ်ပျောက်ခြင်းသည် နိုင်ငံ၏ဂုဏ်အသရေပျက်ခြင်းဖြစ်သည်။” ယင်းတွေ့ရှိချက်သည် အခြားနိုင်ငံများစွာအတွက်မှန်သည်မှာ ယုံမှားဖွယ်မရှိချေ။ အသိစိတ်မရှိခြင်းနှင့်လောဘတို့သည် မျိုးသုဉ်းမှုအတွက် ပို၍စိုးရိမ်စရာကောင်းသော အကြောင်းတရားများဖြစ်ကြောင်းကိုလည်း အရိပ်အမြွက်ဖော်ပြထားသည်။
ကမ္ဘာချီမျိုးသုဉ်းမှုအန္တရာယ်ဖြစ်ခြင်းကြောင့် အဆိုပါလွန်ဆွဲပွဲတွင် သုတ်သင်ခံနေရသည့်တိရစ္ဆာန်များဘက်မှ ဖြစ်နိုင်ဖွယ်မရှိသော မဟာမိတ်အသစ်—တိရစ္ဆာန်ဥယျာဉ်—ဝင်ရောက်လာသည်။ ဤမြို့ပြဒေသများသည် မျိုးစိတ်များစွာအတွက် နောက်ဆုံးခိုလှုံရာဖြစ်သည်ထက်ဖြစ်လာသည်။ သို့သော် တိရစ္ဆာန်ဥယျာဉ်များသည် နေရာထိုင်ခင်းကျဉ်းသည့်အပြင် တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းရန်စရိတ်များပြီး ခက်ခဲသည်။ ၎င်းတို့ကိုလှောင်ထားခြင်းသည် ကြင်နာရာကျသော်လည်း ယင်းသို့ထားခြင်းနှင့်ပတ်သက်၍ ကျင့်ဝတ်လည်းရှိသည်။ ထို့အပြင် တိရစ္ဆာန်ဥယျာဉ်ဆိုရာ၌ လူသားများငွေကြေးတတ်နိုင်မှုမတတ်နိုင်မှု၊ နိုင်ငံရေးနှင့် စီးပွားရေးစနစ်တည်ငြိမ်မှုတို့အပေါ် လုံးဝမူတည်သည်။ သို့ဆိုလျှင် ဤဒုက္ခရောက်နေသောတောရိုင်းတိရစ္ဆာန်များသည် အမှန်တကယ် မည်သို့လုံခြုံမည်နည်း။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
မျိုးသုဉ်းခြင်းသည် သဘာဝလော
“မျိုးသုဉ်းခြင်းသည် သဘာဝက စီစဉ်ပေးထားရာတစ်ခုမဟုတ်ပေလော။ မဟုတ်ပါ၊ ယုတ်စွအဆုံး မကြာသေးမီကာလက ဖြစ်ပျက်နေသည့် အတိုင်းအတာအထိဖြစ်ရန် မစီစဉ်ထားပေ။ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ကျော်က မျိုးစိတ်များမျိုးသုဉ်းနှုန်းသည် တစ်နှစ်လျှင်တစ်မျိုးခန့်သာဖြစ်သည်။ လက်ရှိအချိန်တွင် လူကြောင့်ဖြစ်သော မျိုးစိတ်မျိုးသုဉ်းနှုန်းသည် အနည်းဆုံး ယင်းထက် အဆတစ်ထောင်မြင့်တက်နေပါသည်။ . . . မျိုးသုဉ်းနှုန်း ဤမျှမြန်ဆန်ရခြင်းသည် လူ့စနက်ကြောင့်ဖြစ်သည်။”—နယူးယောက်ပြည်သူ့စာကြည့်တိုက် အညွှန်းဌာန။
“သတ္တဝါများထူးခြားစွာကွယ်ပျောက်နေမှုက ကျွန်ုပ်အားအထူးပင်အံ့သြမှင်တက်မိစေကာ ၎င်းတို့မျိုးသုဉ်းမှုကြောင့် ဝမ်းနည်းပြီး မကြာခဏဒေါသထွက်မိသည်။” ကိစ္စအများစု၌ လူသားတို့၏လောဘ သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှု၊ ပေါ့ဆမှု သို့မဟုတ် လျစ်လျူရှုမှုတို့က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဤမျိုးသုဉ်းမှုများကိုဖြစ်စေသည်။”—ဒေဗစ်ဒေး၊ တိရစ္ဆာန်များကြမ္မာဆိုးဝင်သည့်နေ့စာအုပ်။
“လူ့စနက်ကြောင့် မျိုးစိတ်တို့သည် ယင်းတို့အားမှတ်တမ်းမတင်မီပင် မျိုးသုဉ်းလျက်ရှိသည်။”—ဇီဝရုပ်ထိန်းသိမ်းခြင်း။