ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၇/၈ စာ. ၂၀-၂၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဩစတြေးလျနိုင်ငံရှိ သေစေနိုင်သောရောဂါများ
  • အနာဂတ်နှင့်ပတ်သက်၍ ယူဆချက်များ
  • ကြောက်မက်ဖွယ် ထိခိုက်ဒဏ်ရာ
  • “ရိုးသားသည့်” လိမ်လည်မှု
  • အသက်ငင်နေသည့်ပင်လယ်
  • ကတိသစ္စာဖောက်ဖျက်ခြင်း
  • ရောဂါခပ်သိမ်းပျောက်ဆေး တွေ့ ပြီလော
  • ဂျပန်တွင်လူများကို ပြန်လည်အသုံးချခြင်း
  • ရှုစားရန် ပိရမစ် “အသစ်” များ
  • ကျန်းမာစေသော အစားအစာကို ရွေးခြင်း
    နိုးလော့!—၁၉၉၈
  • စက်ရုပ်များ မည်မျှ ခေတ်မီတိုးတက်သနည်း
    နိုးလော့!—၂၀၀၈
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၈
န၉၈ ၇/၈ စာ. ၂၀-၂၁

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဩစတြေးလျနိုင်ငံရှိ သေစေနိုင်သောရောဂါများ

“ဗိုင်းရပ်စ်ပိုး၏အကျိုးသက်ရောက်မှုနှင့်စပ်လျဉ်း၍ မှတ်တမ်းများထားရှိချိန်မှစ၍ အေအိုင်ဒီအက်စ်နှင့်ဆက်နွှယ်သောဖျားနာမှုများကြောင့် သေနေသော ဩစတြေးလျလူမျိုးအရေအတွက်သည် ပထမဆုံးအကြိမ်လျော့လာသည်” ဟူ၍မဲလ်ဘုန်းမြို့ထုတ် ဟာရယ်လ်ဒ် ဆန်း သတင်းစာကဖော်ပြသည်။ ဩစတြေးလျစာရင်းအင်းဌာနမှ မကြာသေးမီကထုတ်ပြန်သောအချက်အလက်များကို အခြေပြုသည့် ရှာဖွေတွေ့ရှိချက်များက အေအိုင်ဒီအက်စ်ကြောင့် ၁၉၉၅ တွင်လူ ၆၆၆ ယောက်သေဆုံးခဲ့ပြီး ယင်းသည် ၁၃ ရာခိုင်နှုန်းလျော့လာခြင်းဖြစ်ကြောင်းဖော်ပြသည်။ တစ်နိုင်ငံလုံး၏သေနှုန်းသည် ၄ ရာခိုင်နှုန်းလျော့လာသည်၊ ကင်ဆာရောဂါနှင့်နှလုံးရောဂါသည် အသက်သေရသည့်အဓိကအကြောင်းဖြစ်နေတုန်းပင်ဖြစ်သည်။ သို့ရာတွင် အရေအတွက်တိုးပွားလာနေသောသြစတြေးလျလူမျိုးများသည် ယခုအခါ အဲလ်ဇိုင်မာရောဂါ (အကြိုဇရာရောဂါ) နှင့် အခြားစိတ်မနှံ့ခြင်းနှင့် ဆက်နွှယ်သောရောဂါများကြောင့် သေနေသည်။ ဩစတြေးလျ အဲလ်ဇိုင်မာအသင်းအတွက် တစ်ပြည်လုံးဆိုင်ရာအတွင်းရေးမှူး၏အဆိုအရ “ကြိုတင်ခန့်မှန်းထားသည့်အတိုင်း စိတ်မနှံ့ဝေဒနာသည်အရေအတွက် တစ်မုဟုတ်ချင်းတိုးများလာခြင်းက ရောဂါသည်များကိုကူညီရန် ရည်ရွယ်ဆောက်လုပ်ထားသည့် လက်ရှိအဆောက်အဦများနှင့် ယင်းတို့ကိုကြည့်ရှုပြုစုသူများအား အကြီးအကျယ်အကျပ်ရိုက်စေမည်ဖြစ်သည်။”

အနာဂတ်နှင့်ပတ်သက်၍ ယူဆချက်များ

၂၁ ရာစုသို့ချဉ်းကပ်လာသည်နှင့်အမျှ အနာဂတ်နှင့်ပတ်သက်သည့် ထင်မြင်ချက်များ အလုံးအရင်းပေါ်ပေါက်လာသည်။ အမေရိကန်ပြည်ထောင်စုတွင် နယူးစ်ဝိခ် မဂ္ဂဇင်းကပြုလုပ်သည့် ဆန္ဒခံယူမှုတစ်ခု၌ လူများအား လာမည့်ရာစုနှစ်အတွက် သူတို့၏မျှော်လင့်ချက်များနှင့်ပတ်သက်၍ မေးခဲ့သည်။ သူတို့ထဲမှ ၆၄ ရာခိုင်နှုန်းက အာကာသသူရဲများသည် အင်္ဂါဂြိုဟ်ပေါ်တွင် လမ်းလျှောက်နိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ကြသည်။ ၅၅ ရာခိုင်နှုန်းက လူသားများသည် နောက်ဆုံး၌ စကြဝဠာအတွင်းရှိ အခြားနေရာများတွင် နေထိုင်နိုင်ရန်မျှော်လင့်ကြသည်။ ခုနစ်ဆယ်ရာခိုင်နှုန်းက အေအိုင်ဒီအက်စ်အတွက် သိပ္ပံပညာရှင်များသည် ကုသနည်းရှာတွေ့လိမ့်မည်ဟု ထင်မြင်ယူဆကြပြီး ၇၂ ရာခိုင်နှုန်းက ကင်ဆာရောဂါကုသနည်း ပေါ်ပေါက်လာမည်ဟု ကြိုတင်တွက်ဆကြသည်။ ၎င်းပြင် အဆိုးမြင်ထင်မြင်ချက်တွင် လူတွေ့မေးမြန်းခဲ့သူများထဲမှ ၇၃ ရာခိုင်နှုန်းသည် ချမ်းသာသူနှင့် ဆင်းရဲသူကြားတွင် အလွန်ကြီးမားသည့်ကွာဟမှုကို မြင်ယောင်ခဲ့ပြီး ၄၈ ရာခိုင်နှုန်းက လွန်ခဲ့သည့်အနှစ် ၁၀၀ ထက်ပို၍စစ်ပွဲများ များပြားမည်ဟု ကြိုတင်မြင်ယောင်ကြသည်။ ၇၀ ရာခိုင်နှုန်းက လူများသည် ကမ္ဘာ့မွတ်သိပ်မှုကို ပယ်ရှားနိုင်လိမ့်မည်မဟုတ်ဟု အထင်ရှိကြသည်။

ကြောက်မက်ဖွယ် ထိခိုက်ဒဏ်ရာ

အက်ဖ်ဒီအေ ကွန်စူးမားမှသတင်းအရ အမေရိကန်ပြည်ထောင်စုအတွင်းတွင် မီးလောင်ဒဏ်ရာဆိုင်ရာဖြစ်ပေါ်မှုနှင့် ပြင်းထန်မှုများသည် လွန်ခဲ့သည့်အနှစ် ၂၀ အတွင်းတွင် သိသိသာသာကျဆင်းသွားသည်။ မီးလောင်ခံရသူများ၏အသက်ရှင်နှုန်းမှာလည်း တိုးတက်လာခဲ့သည်။ အစာနှင့် ဆေးဝါးစီမံအုပ်ချုပ်မှုဌာနမှ အရာရှိ ချားလ်စ် ဒါဖာ ကဤသို့မှတ်ချက်ပေးသည်– “လွန်ခဲ့သည့်အနှစ် သုံးဆယ်မှလေးဆယ်ကာလတွင် မီးလောင်ခံရသည့်လူနာအများသည် အသက်မရှင်ကြပါ။ ကုသမှုတွင်တိုးတက်မှုများက အသက်ရှင်သည်သာမက ဘဝအရည်အသွေးပါတိုးတက်လာသည့် လူနာအရေအတွက်ကို ထူးခြားသိသာစွာ တိုးများစေနိုင်ခဲ့သည်။” နှစ်စဉ်ပင် ဆေးရုံတက်ရန်လိုအပ်သည့် မီးလောင်ဒဏ်ရာရသော အမေရိကန်နိုင်ငံသား ၅၀,၀၀၀ ကျော်ရှိသည်။ အမေရိကန်မီးလောင်ကျွမ်းမှု အဖွဲ့အစည်း၏အဆိုအရ မီးလောင်ဒဏ်ရာရသူ ၅,၅၀၀ ခန့်သေဆုံးသည်။ “ကိုယ်ခန္ဓာကခံစားရနိုင်သည့် ကြောက်စရာအကောင်းဆုံးဒဏ်ရာတစ်ခုမှာ ပြင်းထန်သည့်မီးလောင်ဒဏ်ရာဖြစ်သည်” ဟု အက်ဖ်ဒီအေ ကွန်စူးမားကဆိုသည်။

“ရိုးသားသည့်” လိမ်လည်မှု

အာဂျင်တီးနားမှ အာမခံကုမ္ပဏီများသည် သူတို့၏ဖောက်သည်များ၏ လျှပ်ဖြတ်လိမ်လည်မှုများကြောင့် နှစ်စဉ်ဒေါ်လာ ၂၀၀ ခန့်ဆုံးရှုံးနေသည်။ ရလဒ်အနေနှင့် မော်တော်ကားအာမခံကြေးသည် အခြားတိုင်းပြည်များထက် ၃၀ ရာခိုင်နှုန်းနီးပါးပိုများနေသည်။ အမ်ဘီတို ဖီနန်စယေးရိုး သတင်းစာ၏အဆိုအရ “လျှပ်ဖြတ်လိမ်လည်သူများအနက် တစ်ဝက်နီးပါးသည် ‘ရိုးသားသည့်ပြည်သူများ’ ဟုခေါ်နိုင်သည့်သူများက ကျူးလွန်နေခြင်းဖြစ်သည်။” အပေါင်အာမခံလုပ်သူ ၄၀ ရာခိုင်နှုန်းခန့်သည် အာမခံကုမ္ပဏီများကို လိမ်လည်လှည့်ဖြားသည်ဟု အဆိုရှိသည်။ ထိုကဲ့သို့ လျှပ်ဖြတ်လိမ်လည်သည့်လုပ်ရပ်များသည် သူတို့၏အာမခံကုမ္ပဏီများ၏ ဖြတ်စားမှုကိုခံနေရသည်ဟုခံစားရသည့်ဖောက်သည်များက မကျေနပ်မှုကို လက်စားချေသည့်သဘောဖြစ်သည်ဟု သတင်းစာက မှတ်ချက်ပေးသွားသည်။

အသက်ငင်နေသည့်ပင်လယ်

ပင်လယ်သေသည် ဆုတ်ယုတ်လာသည်။ “ကမ္ဘာပေါ်တွင် အနိမ့်ဆုံးရေစုဝေးရာဖြစ်လျက်နှင့် (ကမ္ဘာ့သမုဒ္ဒရာများ၏ ပျမ်းမျှရေမျက်နှာပြင်အောက် ပေ ၁,၃၄၄ နိမ့်သည်) ပင်လယ်သေ၏ရေမျက်နှာပြင်သည် တဖြည်းဖြည်းနိမ့်ကျလျက်ရှိသည်” ဟု ယူ.အက်စ်.သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာကဆိုသည်။ အဘယ်ကြောင့်နည်း။ ရေငွေ့ပျံခြင်း၏အကျိုးဆက်များအပြင် ဆည်မြောင်းသွယ်ခြင်းနှင့် ရေလှောင်တမံများက ပင်လယ်သေ၏အဓိကရေရရှိရာဖြစ်သည့် ယော်ဒန်မြစ်ကို ရေလွှဲယူကြသောကြောင့်ဖြစ်သည်။ ၎င်းပြင် “ဓာတုစက်ရုံများသည် သတ္တုများထုတ်လုပ်ရန် ပင်လယ်သေတွင်းမှရေများကို အငွေ့ပျံသည့်ကန်အတွင်းသို့ စုပ်ယူခြင်းကလည်း ရေဆုတ်ယုတ်မှုကို အရှိန်တိုးစေသည်။” ၁၉၅၀ ပြည့်လွန်နှစ်လယ်ကတည်းက ပင်လယ်သေ၏ရေမျက်နှာပြင်သည် ပေ ၆၀ ခန့် ကျဆင်းသွားခဲ့သည်။ လတ်တလောဆွေးနွေးနေသည့် ပြုပြင်ရေးစီမံချက်တစ်ခုမှာ ပင်လယ်နီမှရေကိုရရှိရန်အတွက် မိုင် ၁၂၀ ရှည်လျားသည့် တူးမြောင်းတစ်ခုကိုဖောက်လုပ်ခြင်းဖြစ်သည်။ ရေများကို ဒေါင်လိုက်ပေ ၄၁၀ အမြင့်သို့စုပ်တင်ပြီး ဒေါင်လိုက်အမြင့်ပေ ၁၇၅၀ မှနေ၍ ပင်လယ်သေထဲသို့ လွှတ်ချပေးရပေမည်။

ကတိသစ္စာဖောက်ဖျက်ခြင်း

ဂျာမနီတွင် စုံတွဲအနည်းငယ်သာ သူတို့၏လက်ထပ်ကတိအတိုင်း နေထိုင်ကြသည်။ ရလဒ်အနေနှင့် လင်မယားကွာရှင်းခြင်းနှုန်းတက်လာပြီး ထိခိုက်နစ်နာသောကလေးများအရေအတွက် တိုးများလာသည်ဟု နက်စ်စော်အီရှဲ နော်အီအဲ ပရက်စဲ သတင်းတွင်ဖော်ပြထားသည်။ ၁၉၉၅ ခုနှစ်တွင် အိမ်ထောင် ၁၇၀,၀၀၀ နီးပါးပြိုကွဲရာ ကလေး ၁၄၂,၃၀၀ ယောက်ခန့်ကိုထိခိုက်သည်။ ယင်းသည် ကလေးများကိုထိခိုက်မှုနှင့်ပတ်သက်၍ လွန်ခဲ့သည့်နှစ်ထက် ​၅-ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။ ၁၉၅၀ အတွင်းတွင် မင်္ဂလာဆောင်ခဲ့ကြသည့် အိမ်ထောင်သည်များသည် ၂၅ နှစ်အတွင်း ၁၀ တွဲတွင် ၁ တွဲသည် အိမ်ထောင်ပျက်ခဲ့သည်။ ၁၉၅၇ တွင်လက်ထပ်ခဲ့သည့်စုံတွဲများသည် ၂၅ နှစ်အတွင်းတွင် ၈ တွဲလျှင် ၁ တွဲသည်အိမ်ထောင်ကွဲခဲ့သည်။ ၁၉၆၅ တွင်အိမ်ထောင်ပြုခဲ့သောသူများသည် ၂၅ နှစ်အတွင်း ၅ တွဲတွင် ၁ တွဲသည်ဇာတ်လမ်းပြီးခဲ့သည်။ ၁၉၇၀ မှစ၍ လက်ထပ်ခဲ့သူများတွင် စုံတွဲသုံးတွဲတိုင်းတွင် တစ်တွဲသည် ကွာရှင်းပြတ်စဲခဲ့ကြသည်။

ရောဂါခပ်သိမ်းပျောက်ဆေး တွေ့ ပြီလော

သုတေသနပြုချက်တစ်ခုအရ “အဆီဓာတ်နည်းပြီး အသီးနှင့်ဟင်းသီးဟင်းရွက်များစွာပါသည့်ဓာတ်စာသည် သွေးတိုးကိုလျင်မြန်စွာကျစေကြောင်းနှင့် ဆေးသောက်သကဲ့သို့ ထိရောက်မှုရှိကြောင်းကို ပထမအကြိမ်အဖြစ်တွေ့ရှိခဲ့သည်” ဟုသည်နယူးယောက်တိုင်းမ်စ် သတင်းစာကဖော်ပြသည်။ နှလုံး၊ အဆုတ်နှင့် သွေးတက္ကသိုလ်မှ ကြိုတင်ကာကွယ်မှုဆိုင်ရာ သိပ္ပံနည်းကျစူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒနဲ့ဇ် စိုင်မွန်-မော်တွန်က “ထိုဓာတ်စာသည် အတော်ပင်အလုပ်ဖြစ်” ကြောင်း နှလုံးရောဂါ၊ သွေးတိုးခြင်းနှင့် ကင်ဆာရောဂါများကိုကာကွယ်ရန် အကူအညီဖြစ်စေကြောင်း အဆိုပါသုတေသနပြုချက်က ဖော်ပြသည်ဟုဆိုသည်။ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိ ဆေးဘက်ဆိုင်ရာဗဟိုဌာနခြောက်ခုမှ လူကြီးတစ်ရာခန့်ကို ဓာတ်စာပြောင်းလဲပေးခြင်း၏အကျိုးသက်ရောက်မှုကို သုတေသနပြုစမ်းသပ်ခဲ့သည်။ စမ်းသပ်မှုတွင်ပါဝင်သူများကို အဖွဲ့သုံးဖွဲ့ခွဲလိုက်သည်။ ပထမအဖွဲ့ကို အမေရိကန်လူမျိုးတို့ “ပုံမှန်” စားသည့်အစာပေးခဲ့သည်။ ဒုတိယအဖွဲ့ကို အသီးနှင့်ဟင်းသီးဟင်းရွက်များများပါပြီး အခြားအရာအားလုံးကို မူလစားနေကျဓာတ်စာအတိုင်း ပေးခဲ့သည်။ တတိယအဖွဲ့သည် သစ်သီး၊ ဟင်းသီးဟင်းရွက်များများပါဝင်ပြီး အဆီ၊ ကိုလက်စထရော၊ ပြည့်ဝပျော်အဆီများနည်းသည့် နို့ထွက်ပစ္စည်းစသည့်အစာများကို ရရှိခဲ့ကြသည်။ ဒုတိယနှင့်တတိယအဖွဲ့နှစ်ခုစလုံးသည် ဆေးဘက်ဆိုင်ရာထူးခြားသည့် သွေးတိုးမှုကျဆင်းခြင်းကိုတွေ့ရသည်၊ သို့သော် တတိယအဖွဲ့၏ဓာတ်စာသည် အကောင်းဆုံးရလဒ်များကို ပြသသည်။ ဤစမ်းသပ်ခံရသူများထဲတွင် သွေးတိုးရောဂါရှိသူများအတွက် အကျိုးရလဒ်သည် ဆေးသောက်သူများကဲ့သို့ကောင်းမွန်သည် သို့မဟုတ် ထိုထက်ပင်ပို၍ကောင်းသည်။ ဓာတ်စာနှစ်မျိုးတွင် နေ့စဉ် အသီးနှင့်ဟင်းသီးဟင်းရွက်များကျွေးမွေးခြင်းဖြစ်သည့်စံ ကိုးခုမှ ဆယ်ခုအထိပါဝင်သည်။

ဂျပန်တွင်လူများကို ပြန်လည်အသုံးချခြင်း

“ကြီးမားသည့်ပြောင်းလဲမှုတစ်ခုကို ဂျပန်လူမျိုးများ၏ စက်မှုလုပ်ငန်းများတွင် ဆောင်ရွက်နေသည်” ဟု ဖားရ် အီစတန် အီကိုနောမစ် ရီဗြူး သတင်းမဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “ဆယ်စုနှစ်နှစ်ခုကြာအထိ ဂျပန်စက်ရုံများသည် လူနေရာတွင် စက်များအစားထိုးခြင်းဖြင့် စွမ်းဆောင်နိုင်ခဲ့သည်။ ယခုမူ လူများသည် အလုပ်ပြန်လည်လုပ်ကိုင်နေကြသည်။ ကြီးမားသည့်စက်ရုံပိုင်ရှင်အချို့တို့သည် ဖွဲ့စည်းတပ်ဆင်မှုလုပ်ငန်းများတွင် စက်ရုပ်များကို ရုတ်တရက်ဖယ်ရှားလိုက်ကြပြီး ၎င်းတို့နေရာတွင် လူများကို အစားသွင်းကြသည်။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူများသည် စက်ရုပ်များမလုပ်နိုင်သည့် အလိုက်အထိုက်လုပ်ဆောင်မှုကို ပြုလုပ်နိုင်၍ဖြစ်သည်။ ပစ္စည်းပုံစံပြောင်းလဲထုတ်လုပ်လိုသည့်အခါ လူသားက ချက်ချင်းအလိုက်အထိုက်ပြောင်းလဲနိုင်သော်လည်း စက်ရုပ်ကို ပြောင်းလဲမှုအစီအစဉ်တွင်ထည့်သွင်းပေးရန် လပေါင်းများစွာကြာနိုင်သည်။ “စက်ရုပ်များမသုံးခင်က ကျွန်တော်တို့ဟာ လူတွေကို စက်ရုပ်များလိုအသုံးပြုခဲ့တယ်” ဟုအန်အီးစီစက်ရုံဥက္ကဋ္ဌ တိုမီအိကီ မီဇူကာမိပြောပြသည်။ “ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ဟာ သူတို့ရဲ့ပြုလုပ်ဆောင်ရွက်နိုင်တဲ့ဉာဏ်ကို အသုံးပြုရတော့မယ်။ စက်ရုပ်တွေကိုအသုံးပြုရတာ ကောင်းပါတယ်၊ ဒါပေမဲ့ လူတွေကိုအသုံးပြုရတာဟာ တကယ်ပဲပိုပြီးလျင်မြန်တာကို အခုကျွန်တော်တို့တွေ့ရှိခဲ့ပြီ။” ဥပမာ၊ အန်အီးစီ မှအလုပ်သမားများသည် တယ်လီဖုန်းများကိုဖွဲ့စည်းတပ်ဆင်ရာတွင် စက်ရုပ်များလုပ်နိုင်သည်ထက် ၄၅ ရာခိုင်နှုန်းပို၍ထိရောက်တွင်ကျယ်စွာလုပ်ဆောင်နိုင်ကြောင်းတွေ့ရှိခဲ့သည်။ လူများသည်စက်ရုပ်များထက် နေရာစားမှုနည်းသည်။ ရိုးရိုးစက်များအတွက်ဆိုလျှင်လည်း စက်ပြင်ဆရာအနည်းငယ်သာလိုအပ်ကာ ပြုပြင်ထိန်းသိမ်းစရိတ်လည်း သက်သာသည်။ “အလိုအလျောက်လုပ်ဆောင်မှုစနစ်လျှော့ချခြင်းကို နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်စမ်းသပ်ပြီးနောက် ထုတ်လုပ်သူများက အကုန်အကျစရိတ် သိသိသာသာလျော့နည်းပြီး ပစ္စည်းထုတ်လုပ်မှုတိုးတက်လာကြောင်း ပြောဆိုကြသည်” ဟုမဂ္ဂဇင်းကတင်ပြထားသည်။

ရှုစားရန် ပိရမစ် “အသစ်” များ

နှစ်များတစ်လျှောက် ကမ္ဘာလှည့်ခရီးသည်များသည် ဂိဇာတွင်ရှိသော ခီးရာ့ပ်စ်ဟူ၍လည်းသိကြသည့် ဘုရင်ကူးဖူးတည်ဆောက်ခဲ့သော ပိရမစ်ကြီးကို အစုလိုက်အပြုံလိုက် လာရောက်ကြည့်ရှုကြသည်။ သို့သော် သူ၏ဖခင် စနပ်ဖရူးတည်ဆောက်ခဲ့သည့် မှတ်တိုင်များကိုမူ လူအနည်းငယ်သာမြင်တွေ့ခဲ့ကြသည်။ သို့ဖြစ်ရခြင်းမှာ ယင်းတို့သည် ဒရှူးရ်တွင်အခြေစိုက်ထားသော စစ်တပ်တစ်တပ်ထဲတွင်ရှိနေသောကြောင့် ဝင်ရောက်ကြည့်ရှုခွင့်မရှိချေ။ သို့သော် အပြောင်းအလဲဖြစ်ခဲ့သည်။ အီဂျစ်ရှေးဟောင်းပစ္စည်းများဆိုင်ရာကောင်စီချုပ်က ထိုဒေသကိုလူအများသွားရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနေရာတွင် ပိရမစ် ၁၁ ခုရှိသည့်အနက် ပိရမစ်နီအပါအဝင် ၃ ခုကို စနပ်ဖရူးတည်ဆောက်ခဲ့သည်၊ ပထမတစ်ခုကို ချောမွတ်သည့်ဘေးနံရံများဖြင့် တည်ဆောက်ထားသည်။ သူသည် စုစုပေါင်းပိရမစ် ၅ ခုတည်ဆောက်ခဲ့သည်။ ယခင်ကတည်ဆောက်ခဲ့ကြသည့် ပိရမစ်များသည် လှေကားထစ်ပုံစံဖြစ်သည်။ သာ၍စိတ်ဝင်စားစရာကောင်းသည်မှာ ပိရမစ်ကွေးဖြစ်သည်။ ထိုသို့ခေါ်ရခြင်းမှာ အပေါ်ပိုင်းတစ်ဝက်မှနေ၍ ရုတ်တရက်အောက်သို့မတ်စောက်စွာကွေးဆင်းသွားသည့်ပုံစံကြောင့်ဖြစ်နိုင်သည်။ လျှောစောက်သည် ကျောက်တုံးခိုးသူများကို အမြင်အားဖြင့် စိတ်ပျက်အားလျော့စေသည်။ ထို့ကြောင့် ယင်းပိရမစ်သည် အခြားအီဂျစ်ပိရမစ်များထက် အပြင်ဘက်ပိုင်းထိန်းသိမ်းစောင့်ရှောက်မှုတွင် အကောင်းဆုံးဖြစ်နိုင်သည်။ ရှေးယခင်ကဘုရင်များသည် သေဆုံးပြီးမှသာလျှင် ဘုရားအဖြစ် လုံးလုံးလျားလျားယူမှတ်ကိုးကွယ်ခံရသည်၊ စနပ်ဖရူးကမူ “မိမိသည် သက်တော်ထင်ရှားသည့်နေဘုရား ရေ(Re)ဖြစ်သည်ဟုကြေညာခဲ့သည်” ဟုတိုင်းမဂ္ဂဇင်းကဆိုသည်။ “စနပ်ဖရူးသည် ရှေးခေတ်နိုင်ငံတော်တွင် အကောင်းဆုံးဖြစ်သည်ဟုယူမှတ်ရသည့် အခန်းသုံးခန်းပါသော ခမ်းနားထည်ဝါသည့်အခန်းရှိ ပိရမစ်နီတွင် သင်္ဂြိုဟ်ခံခဲ့ရသည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ